ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီလေဆိပ် (သံတွဲလေဆိပ်) နှင့် ၁ မိုင်ဝန်းကျင်အကွာ၌ အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်မှစတင်၍ တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ကောင်စီက နေ့ ရောည ပါလက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သံတွဲဒေသခံများထံက သတင်း ရရှိသည်။
နတ်ပြင်ကျေးရွာမှ ဒေသခံတဦးက “အခု မနက်လည်း ချတုန်း၊ လက်နက်ကြီးသံလည်း ကြားသလို၊ စစ်သေနတ်သံက အဆက်မပြတ် ပိုကြားရတယ်” ဟု ပြောသည်။
တိုက်ပွဲမှာ ငပလီကမ်းခြေမြို့၊ မြောက်ဘက်အစွန်ရှိ ဂေါ့ရပ်ကွက်နောက်ကျောတလျှောက်ရှိ ပျိုးချောင်းအလွန် ပျိုး တောင်မကြီးတဝိုက်တွင် ဖြစ်ပွားနေပြီး၊ အဆိုပါ တိုက်ပွဲများကြောင့် မနေ့ညနေကတည်းက ဆင်ကြပ်ကျေးရွာနှင့် ဂေါ့ရပ်ကွက်များမှ ဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရကြောင်း သိရသည်။
သံတွဲမြို့မှ ဒေသခံတဦးက “မနေ့ညနေက ဂေါ့ကနေ ငပလီဘက်ကို ပြေးလာတဲ့လူတွေကို မဇင်လေဆိပ်ထိပ်ကနေ လမ်းပိတ်လိုက်လို့ ဟိုဘက်အခြမ်းမှာ ပိတ်မိနေကြတယ်။ ပိတ်မိတဲ့အထဲမှာ ပြည်သူ့စစ်တွေလည်း ပါတယ်လို့ ကြား တယ်၊ လွတ်လာတဲ့လူတွေက မနေ့ညက သံတွဲဆေးရုံကြီးရှေ့နားမှာ အပြည့်ပဲ” ဟု ပြောသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော ဂေါ့ရပ်ကွက်အတွင်းမှ ပြည်သူ ၄ ဦးခန့် ဒဏ်ရာရထားသလို၊ ပြည်သူများစစ်ရှောင်မည့်တခုတည်းသောလမ်းကို စစ်တပ်က ပိတ်ဆို့ထားခြင်းကြောင့် တိုက်ပွဲဧရိယာအတွင်း ပိတ်မိနေကြောင်း သိရသည်။
ယခု တိုက်ပွဲပြင်းထန်နေသည့်နေရာသည် ငပလီကမ်းခြေနှင့် ၃ မိုင်အတွင်း တည်ရှိပြီး၊ ယခုကဲ့သို့ ၂ ဖက်တိုက်ပွဲဖြစ် ပွားသည့် အခြေအနေနှင့်ရင်ဆိုင်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ပြီးခဲ့သည့် မေလအတွင်းကလည်း ငပလီ ကမ်းခြေမြို့၊ ငပလီရပ်ကွက်၊ လင်းသာရပ်ကွက်နှင့် ဂျိတ္တောရပ်ကွက်များသို့ စစ်ကောင်စီရေတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ခွံများ ကျရောက်ခဲ့သေးသည်။
ဂေါ့ရပ်ကွက်သည် ငပလီကမ်းခြေ၏ မြောက်ဘက်အကျဆုံး ပင်လယ်ကမ်းခြေနံဘေးရှိ ရပ်ကွက်တခုဖြစ်ပြီး၊ ယခုတိုက်ပွဲဖြစ်ပွားနေသည့် တောတောင်များနှင့် ပင်လယ်ကြားတွင် တည်ရှိသည်။ ဂေါ့ငပိ သည် ယင်းဒေသ၏ နာမည်ကြီး ထုတ်ကုန်တခု ဖြစ်သည်။
အလားတူ ယမန်နေ့နံနက်ပိုင်းတွင် သံတွဲမြို့နှင့် ၅ မိုင်အကွာ သံတွဲ- တောင်ကုတ်လမ်းမတဝိုက်၌လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၂၂ ရက်နောက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်နေသည့် သံတွဲမြို့နယ်အတွင်း ယမန်နေ့ကတည်းက လက်နက်ကြီးသံများ ပြန်လည် စတင်ခဲ့ပြီး ဇွန် ၂ ရက်၌ ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်း ဧပြီ ၁၃ ရက်က စတင်ကာ AA နှင့် စစ်ကောင်စီတပ်များကြားတိုက်ပွဲများ စတင် ခဲ့ပြီး တိုက်ပွဲကာလ ၂ လနီးပါး ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
သံတွဲမြို့ခံတို့ စစ်ရှောင်ရန် ပြင်
စစ်ဘေးနဲ့ဝမ်းရေးကြား ရှင်သန်ဖို့ ရုန်းကန်နေရတဲ့ သံတွဲဒေသခံများ
သံတွဲဒေသ၏ မြေမြှုပ်မိုင်း စာမျက်နှာသစ်