ပုံပြင်တွေကို မကြိုက်တဲ့ ကလေးဆိုတာ မရှိသလောက်ပါပဲ။ အထူးသဖြင့် အိပ်ရာဝင်ချိန်တွေမှာ ပုံပြင်တွေကို နားထောင်ပြီးမှ အိပ်ရာဝင်တတ်တဲ့ ကလေးတွေအတွက် အခုတခါမှာတော့ နာဆာ (NASA) က စီစဉ်လိုက်တဲ့ အစီအစဉ်သစ်တခု ရှိနေပါပြီ။ အဲဒါကတော့ အာကာသထဲကနေ အာကာသယာဉ်မှူးတွေ ကိုယ်တိုင် အိပ်ရာဝင် ပုံပြင်တွေကို ကလေးတွေအတွက် ဖတ်ပြ၊ ပြောပြမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။
အာကာသထဲကနေ အာကာသယာဉ်မှူးတွေ ကိုယ်တိုင် အိပ်ရာဝင် ပုံပြင်တွေ ဖတ်ပြမယ့် ဒီအစီအစဉ်ကို “Story time from space” လို့ နာမည်ပေးထားပြီး ဒီအစီအစဉ် ဖြစ်မြောက်အောင် ကူညီပေးတာကတော့ Global Space Education Foundation ကပဲ ဖြစ်ပါတယ်။
ကလေးငယ်တွေ အများစု နှစ်သက်မယ့် အိပ်ရာဝင် ပုံပြင်တွေကို ရွေးချယ်ဖတ်ပြပေးသွားမှာ ဖြစ်တဲ့အပြင် ကလေးငယ်တွေအတွက် ဗဟုသုတ ရစေမယ့် အာကာသထဲက အကြောင်းအရာတွေကိုလည်း ဒီအစီအစဉ်ကနေ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို စတင်ဖို့ အကြံဉာဏ် ရခဲ့သူတွေကတော့ Space Center Houston ရဲ့ တည်ထောင်သူတဦးဖြစ်တဲ့ Patricia Tribe နဲ့ အာကာသယာဉ်မှူး Benjamin Alvin Drew Jr တို့ပဲ ဖြစ်ပါတယ်။
ဒီအစီအစဉ်ဟာ အင်မတန်မှ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် တာဝန်အသီးသီး ထမ်းဆောင်နေရတဲ့ အာကာသယာဉ်မှူးတွေကတော့ သူတို့ရဲ့ကိုယ်ပိုင် အချိန်တွေထဲကနေ ဖဲ့ပြီး ကလေးငယ်တွေအတွက် ဒီအစီအစဉ်ကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
ကလေးတွေ ကြိုက်နှစ်သက်တဲ့ ပုံပြင်တွေအပြင် ပညာရပ်ပိုင်းဆိုင်ရာ ဗဟုသုတရမယ့် စာအုပ်အမျိုးအစားမျိုးတွေကို ရွေးချယ်ဖတ်ပြပေးသွားမှာ ဖြစ်တဲ့အပြင် ဒီလိုဖတ်ပြတဲ့အချိန်မှာ ဗီဒီယိုတွေ ရိုက်ကူးထားမှာဖြစ်ပြီး YouTube မှာလည်း တင်ပေးသွားမယ်လို့ သိရပါတယ်။
“ကလေးတွေကို သူတို့ကြိုက်လောက်မယ့် အိပ်ရာဝင် ပုံပြင်တွေအပြင် သူတို့အရွယ်အလိုက် သိထားသင့်တဲ့ ဗဟုသုတ ရစရာလေးတွေကိုပါ ပြောပြပေးသွားမှာပါ။ အိပ်ရာဝင် ပုံပြင်တွေကြားမှာ အိပ်ပျော်သွားမယ့်အပြင် ဗဟုသုတလည်း ရစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ”လို့ Patricia က ပြောကြားခဲ့ပါတယ်။
Ref. www.boredpanda.com