အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေနဲ့ အမေရိကန်ပြည်ထောင်စုထဲ ခရီးသွားလာခွင့်နဲ့ ပြောင်းရွှေ့အခြေချနေထိုင်ခွင့် ပိတ်ပင်မယ့် နိုင်ငံ ၇ နိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံကိုလည်း ထည့်သွင်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒေါ်နယ်ထရန့်အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခွင့် ပိတ်ပင်ထားတဲ့ နိုင်ငံပေါင်း ၇ နိုင်ငံ ရှိခဲ့ပါတယ်။ အဲဒီနိုင်ငံတွေကတော့ လစ်ဗျား၊ အီရန်၊ ဆီးရီးယား၊ ယီမင်၊ မြောက်ကိုရီးယား၊ ဆိုမာလီယာနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ပါ။ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခွင့် ပိတ်ပင်ထားတဲ့ နိုင်ငံအများစုက မွတ်ဆလင်နိုင်ငံတွေပဲ ဖြစ်ကြပါတယ်။
အခုအချိန်မှာတော့ ဒေါ်နယ်ထရန့်အနေနဲ့ ဥရောပ၊ အာဖရိကနဲ့ အာရှက နိုင်ငံတချို့ကိုပါ ထပ်မံ ထည့်သွင်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ထရန့်အနေနဲ့ အမေရိကန်ပြည်ထောင်စုကို ခရီးသွားလာခွင့်နဲ့ ပြောင်းရွှေ့အခြေချခွင့် ထပ်မံ ကန့်သတ်မယ့် နိုင်ငံတွေကတော့ မြန်မာ၊ အီရီထရီးယား၊ ကာဂျစ္စတန်၊ နိုင်ဂျီးရီးယား၊ ဆူဒန်နဲ့ တန်ဇန်းနီးယားနိုင်ငံတို့ဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေနဲ့ သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်ပြီး ၇ ရက်အကြာမှာပဲ အငြင်းပွားစရာကောင်းတဲ့ အခုလို တားမြစ်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလက စပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ မွတ်ဆလင်အများစု နေထိုင်တဲ့ နိုင်ငံတွေကို ခရီးသွားလာခွင့်နဲ့ ပြောင်းရွှေ့အခြေချခွင့် ပိတ်ပင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှာတော့ တရားရုံးချုပ်က ဒေါ်နယ်ထရန့်ရဲ့ တားမြစ်ချက်ကို အတည်ပြုပေးခဲ့ပါတယ်။
အခုတခါမှာလည်း မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံကို ကန့်သတ်ချက်တွေ လုပ်သွားဖို့ ရှိနေပါတယ်လို့ သိရပါတယ်။ အခုဆိုရင်တော့ အမေရိကန်ပြည်ထောင်စုကို ခရီးသွားလာခွင့်နဲ့ ပြောင်းရွှေ့ အခြေချခွင့်ပိတ်ပင်မယ့် နိုင်ငံစုစုပေါင်းက ၁၄ နိုင်ငံ ရှိလာခဲ့ပါပြီ။
Ref. BBC
You may also like these stories:
လာမည့်လအတွင်း ကင်ဂျုံအန်းနှင့် တွေ့ဆုံမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ပြော
ကမ္ဘာ့ဘဏ် ညွှန်းကိန်းတွင် စီးပွားရေးလုပ်ရန် တိုးတက်မှု အရှိဆုံး နိုင်ငံ ၂၀ ၌ မြန်မာပါဝင်
အာဆီယံဒေသအတွင်း အနိမ့်ဆုံးအဆင့်နေရာက ရပ်တည်နေတဲ့ မြန်မာနိုင်ငံကူးလက်မှတ်