အမေရိကန်မှာ လုပ်ငန်း ပြန်လည်ပတ်မှုကြောင့် ပြည်သူနဲ့ အစိုးရကြား သဘောထား ကွဲလွဲ
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကြောင့် ပိတ်ထားရတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည် ဖွင့်လှစ်သင့်၊ မသင့်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူး Brian Kemp က ပြန်လည် လုပ်ဆောင်မယ့် စီးပွားရေးလုပ်ငန်းများကို ခွင့်ပြုချက်ပေးခဲ့တဲ့အပေါ် မြို့တော်ဝန်များနဲ့ ကျန်းမာရေး တာဝန်ရှိသူများက အပြစ်တင်ခဲ့တယ်လို့ သိရပါတယ်။ လုပ်ငန်းများကို ပြန်လည် ဖွင့်လှစ်တာဟာ ရောဂါကို နောက်တကြိမ် ဖြန့်ဝေသလိုဖြစ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
“ဒါဟာ ကျနော်တို့ကို ထောင်ချောက် ဆင်လိုက်သလိုပါပဲ။ ဒီလို လုပ်ငန်း ပြန်လည်ပတ်တာတွေဟာ အကူအညီပေးရာ မရောက်ပါဘူး”လို့ အမေရိကန် အမျိုးသားကူးစက်ရောဂါ ထိန်းသိမ်းရေးဌာနရဲ့ ဒါရိုက်တာဖြစ်သူ ဒေါက်တာ Anthony S. Fauci က အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Mr. Kemp ခွင့်ပြုခဲ့တဲ့ လုပ်ငန်းများမှာ အားကစားစင်တာများ၊ ဆံပင်ညှပ်ဆိုင်များ၊ လက်သည်းအလှပြင်ဆိုင်များ၊ ဘိုးလင်းကစားရုံများနဲ့ တက်တူးဆိုင်တွေ ပါဝင်တယ်လို့ သိရပါတယ်။
တနင်္လာနေ့က စတင်ပြီး စားသောက်ဆိုင်များမှာ ပြန်လည်စားသောက်ခွင့်ကို ခွင့်ပြုခဲ့ပြီး ရုပ်ရှင်ရုံများနဲ့ အခြား ဖျော်ဖြေရေးဌာနများကိုလည်း ပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့တဲ့အပြင် ဘုရားကျောင်းတွေမှာ ဝတ်ပြုခွင့်ကိုလည်း အကန့်အသတ်နဲ့ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
ဒီခွင့်ပြုမိန့်တွေကို မြို့တော်တော်များများက မြို့တော်ဝန်များက ဆန့်ကျင်ခဲ့ကြပြီး အမိန့်ကို လျစ်လျူရှုထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဂျော်ဂျီယာပြည်နယ်ထဲက မြို့တမြို့ဖြစ်တဲ့ ဆာဗာနာမြို့တော်ဝန်ကတော့ “ကျနော့်အနေနဲ့ ဒီအမိန့်နဲ့ ပတ်သက်ပြီး တော်တော်ကို စိတ်ပျက်မိတယ်”လို့ CNN သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။
လက်ရှိမှာ အမေရိကန်နိုင်ငံဟာ COVID-19 ကူးစက်မှု အမြင့်ဆုံးဖြစ်နေပြီး သေဆုံးသူလည်း အများဆုံး ဖြစ်နေပါတယ်။ သဘောထားကွဲလွဲမှုတွေအတွက် ဆန္ဒပြမှုတွေ ရှိနေပြီး အပြင်မှာ ဆန္ဒပြဖို့အတွက် လူစုဝေးရာ Facebook လူမှုကွန်ရက် စာမျက်နှာတွေကိုလည်း Facebook အနေနဲ့ ဖျက်သိမ်းမှုတွေ လိုက်လံ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Ref. NYpost