COVID-19 ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က နိုက်ကလပ်တွေကို ပိတ်ထားခဲ့တာ ၃ လကျော်သွားခဲ့ပါပြီ။ ဇူလိုင်လ ၁ ရက်နေ့မှာတော့ ဘန်ကောက်က နိုက်ကလပ်တွေကို စည်းမျဉ်းသစ်တွေနဲ့ ပြန်လည် ဖွင့်ခွင့်ပြုလိုက်ပါတယ်။ ဘီကီနီဝတ်ပြီး ဖျော်ဖြေလေ့ရှိတဲ့ ဘန်ကောက် နိုက်ကလပ်တွေမှာ Mask လည်း တပ်ဆင်ရပါတော့မယ်။
ထိုင်းမှာ ကန့်သတ်မှုတွေကို ဖြေလျှော့ပေးခဲ့ပေမယ့် ဘား၊ နိုက်ကလပ်၊ ကာရာအိုကေ၊ အနှိပ်ခန်း စတဲ့ စီးပွားရေးလုပ်ငန်းတွေကို နောက်ဆုံးမှသာ ဖြေလျှော့ပေးခဲ့ပါတယ်။ အခုလို ဖြေလျှော့ပေးခဲ့တာကလည်း ထိုင်းမှာ ပြည်တွင်းကူးစက်မှု မရှိခဲ့တာ ၃၇ ရက် ဆက်တိုက် ရှိလာခဲ့တဲ့ အတွက်ကြောင့်ပါ။
ဒီလုပ်ငန်းတွေ လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရသူတွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းကို စတင်လုပ်ကိုင်နိုင်ပါပြီ။ ပက်ပုံးခရိုင်အတွင်းက XXX ကလပ်မှာ လုပ်ကိုင်နေတဲ့ အသက် ၂၇ နှစ်အရွယ် အကမယ် Bee ကလည်း ကိုဗစ်ကြောင့် သူမရဲ့ဝင်ငွေတွေ အားလုံး ဆုံးရှုံးခဲ့ရတယ်လို့ ပြောပါတယ်။ Bee ဆိုတဲ့နာမည်ကတော့ သူမရဲ့နာမည်ရင်း မဟုတ်ဘဲ စင်မြင့်ထက်မှာ ဖျော်ဖြေတဲ့နာမည်သာ ဖြစ်ပါတယ်။
အခုလို နိုက်ကလပ်တွေ ပြန်ဖွင့်လိုက်တဲ့အတွက် သူမအနေနဲ့ ဝမ်းသာသလို သူမရဲ့အလုပ်ကို ပြန်လုပ်ကိုင်နိုင်တော့မယ်လို့ ပြောပါတယ်။ Mask တပ်ရမယ်ဆိုတာ ကြိုတင်ကာကွယ်မှုတွေထဲက တခုဖြစ်တဲ့အတွက် Mask တပ်ပြီး ဖျော်ဖြေရမယ်ဆိုရင်လည်း အဆင်ပြေတယ်လို့ Bee က ပြောပါတယ်။
ဘား၊ နိုက်ကလပ်၊ ကာရာအိုကေနဲ့ အနှိပ်ခန်းတွေကို လာရောက်ကြသူတွေအနေနဲ့ ကိုယ်အပူချိန် တိုင်းရမှာဖြစ်သလို နာမည်နဲ့ တယ်လီဖုန်းနံပါတ်ပေးဖို့ လိုအပ်ပါတယ်။ တယောက်နဲ့ တယောက် ၃ ပေ ခြားပြီးထိုင်ရမှာဖြစ်သလို စတိတ်စင်နဲ့ ၆ ပေကွာမှာ နေရပါမယ်။
မနက် အလုပ်သွားတဲ့အခါ လူပေါင်း ၂၀၀ လောက် ရထား အတူတူ စီးကြပြီး ဘားကို လာတဲ့အခါ စတိတ်စင်နဲ့ ၆ ပေကွာ ရမယ်ဆိုတဲ့အတွက် စည်းမျဉ်းစည်းကမ်းတွေအပေါ် မေးခွန်းထုတ်သူတွေလည်း ရှိနေပါတယ်။ ထိုင်းအစိုးရနေနဲ့ လွန်ခဲ့တဲ့ ရက်သတ္တပတ်လောက်ကစပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ပြန်လည် ဖွင့်လှစ်ခွင့် ပြုခဲ့ပါတယ်။
ဇူလိုင် ၁ ရက်နေ့မှာတော့ စာသင်ကျောင်းတွေ ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ ကြက်တိုက်ပွဲလို နေရာမျိုးတွေကိုတော့ အခုချိန်ကို ပိတ်ထားဆဲပါပဲ။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ ၃,၁၇၃ ယောက် ရှိခဲ့ပြီး ၅၈ ယောက် သေဆုံးခဲ့ပါတယ်။ အခြား အရှေ့တောင် အာရှနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် ထိုင်းစီးပွားရေးက ပိုပြီး ကျဆင်းဖွယ် ရှိနေသလို ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသွား အရေအတွက် ၈၀ ရာခိုင်နှုန်း ကျဆင်းနိုင်ပါတယ်။
Ref: Bangkokpost
You may also like these stories:
ဂျပန်မှာ Tokyo Disneyland ပြန်ဖွင့်ပြီ
တစ္ဆေမြို့တော်လို ခြောက်ကပ်သွားတဲ့ ဘန်ကောက်မြို့
စီးပွားရေးလုပ်ငန်းရှင်နဲ့ ဆေးကုသမယ့်သူတွေ ထိုင်းသို့ ဝင်ရောက်ခွင့်ပေး