ကိုဗစ်ကာလအတွင်း လူစုလူဝေးပြုလုပ်ခဲ့တဲ့ ကနေဒါနိုင်ငံသား နှစ်ခြင်းခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။
ကိုဗစ်ကာလအတွင်း ဘာသာရေးအခမ်းအနားတခု ပြုလုပ်ခဲ့တဲ့အတွက် ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနဲ့ ပွဲစီစဉ်သူ ဦးဝေထွန်း(နဝရတ်တေးသံသွင်း) တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင် က မရမ်းကုန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပြီး ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ၉ ကြိမ်မြောက် ရုံးချိန်းမှာ အခုလို စွဲချက်တင် အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
လာမယ့် ဇူလိုင်လ ၇ ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းဆိုထားပြီး အဲဒီ ရုံးချိန်မှာတော့ ပြန်ခေါ်သက်သေတဦးကို စစ်ဆေးမှာဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အရ တစုံတယောက်ဟာ ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာဆောင်ရွက်မှု တခုခုကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် တစုံတရာ ကျရောက်နိုင်တာကို သိလျက်နဲ့ တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ခဲ့ရင်၊ ဒါမှမဟုတ် ဖြစ်ပေါ်စေဖို့ အကြောင်းရှိခဲ့ရင် အဲဒီသူကို ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်ကို ချမှတ်နိုင်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း