အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ နှစ်စဉ် ကျင်းပနေကျ စက်တင်ဘာ ၁၁ ရက် အထိမ်းအမှတ်ပွဲကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ဒီနှစ်မှာ ဖျက်သိမ်းလိုက်ပါတယ်။ ရောဂါကူးစက်မှုတွေ များတဲ့နယူးယောက်မှာ လူစုလူဝေး မဖြစ်အောင် ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ စက်တင်ဘာ ၁၁ အမှတ်တရနဲ့ ပြတိုက်ကနေ ထုတ်ပြန် ကြေညာခဲ့တာပါ။
“အခုလို ဆုံးဖြတ်ချက် ချနိုင်ခဲ့ဖို့ အရမ်းကို ခက်ခဲပါတယ်။ အဖွဲ့ဝင်တွေ အချင်းချင်း ညှိနှိုင်းအပြီးမှာ ကူးစက် ဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါ အခြေအနေကြောင့် ဖျက်သိမ်းလိုက်ရတာပါ။ အမှတ်တရ မီးရောင်စုံ ထွန်းညှိပြီး အလှဆင်မယ်ဆိုရင် ဝန်ထမ်းအင်အားတွေလည်း အများကြီး လိုအပ်တယ်” လို့ အမှတ်တရနဲ့ ပြတိုက်ကို စီမံနေတဲ့ အဖွဲ့ကြီးက ဆိုပါတယ်။
အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်ခံရမှုကြောင့် ပြိုကျ ပျက်စီးသွားတဲ့ အမွှာတာဝါနေရာမှာ အထိမ်းအမှတ်အဖြစ် မီးရောင်ခြည်တန်းကို တိုက်ခိုက်ခံရပြီး ၆ လအကြာကတည်းက ထွန်းညှိလာခဲ့တာပါ။
နှစ်စဉ် စက်တင်ဘာ ရောက်တိုင်း မီးရောင်ပေါင်း ၈၈ ခု ပေါင်းစပ်ကာ အမွှာတာဝါ ကိုယ်စားပြုရောင်ခြည်တန်း ၂ ခုကို ကောင်းကင်ယံ ၄ မိုင် လောက်ထိ ထွန်းညှိလေ့ ရှိပါတယ်။
“နှစ် ၂၀ ပြည့် သမိုင်းဝင် အမှတ်တရပွဲကိုတော့ ပြန်ကျင်းပနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ အဆိုပါအဖွဲ့က ဆိုပါတယ်။ နယူးယောက်ပြည်နယ်ဟာ အရင်က အမေရိကန်နိုင်ငံရဲ့ ကိုဗစ်ကူးစက်မှု အမြင့်ဆုံးနေရာမှာ ရှိနေခဲ့ပေမယ့် အခုတော့ ၁၂ ရက်ဆက်တိုက် ကူးစက်မှုနှုန်းဟာ ၁ ရာခိုင်နှုန်းအောက် ကျသွားတာကြောင့် အုပ်ချုပ်ရေးမှူးဖြစ်သူ အန်ဒရူး ကူမိုက ချီးကျူး ပြောဆိုလိုက်ပါတယ်။
“ကျနော်တို့ ၁၂ ရက်ဆက်တိုက် ကူးစက်မှု လျော့နည်းလာပါပြီ။ အဆိုးဆုံး အခြေအနေကနေ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြတဲ့ နယူးယောက်သားတွေကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့ နောက်တကြိမ် အဆိုးဆုံး အခြေအနေ ပြန်မဖြစ်အောင် အားလုံး နှာခေါင်းစည်း Mask တွေ၊ Social distancing တွေ လိုက်နာကြဖို့ လိုအပ်ပါတယ်” လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ကူမိုက ပြောကြားသွားပါတယ်။
ကူးစက်မှုတွေ များခဲ့တဲ့ နယူးယောက်ပြည်နယ်မှာ နေ့စဉ် ၆၀၀ ကျော်လောက်ပဲ ကူးစက်မှု ရှိပါတော့တယ်။ ပြည်နယ်တခုလုံးမှာ လက်ရှိအချိန်ထိ စုစုပေါင်း ကူးစက်ခံရသူကတော့ ၄၂၇,၀၂၀ ဦးရှိပြီး သေဆုံးသူ ၂၅,၂၇၀ ရှိသွားပြီလို့ ထုတ်ပြန်ကြေညာထားပါတယ်။
Ref: edition.cnn
You may also like these stories:
မညီမျှမှုတွေနဲ့ ရောဂါပိုးကူးစက်မှုတွေက အမေရိကန်ကို အားမကျစေပါ