သီပေါမြို့သည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဆိတ်ငြိမ်အေးဆေးလှသော မြို့တမြို့ဖြစ်ပြီး သမိုင်းအငွေ့အသက်တွေလည်း သက်ဝင်နေဆဲ မြို့ဖြစ်သည်။
သီပေါမြို့သည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဆိတ်ငြိမ်အေးဆေးလှသော မြို့လေး တစ်မြို့ ဖြစ်သည်သာမက ရှမ်းပြည်တွင် စော်ဘွားများ တန်ခိုးအာဏာတည် ကတည်းက စည်ပင်ဝပြောခဲ့သည့် မြို့လေးတမြို့ ဖြစ်သည်။
ယခုအခါတွင် ဖွံ့ဖြိုးစပြုလာသော ခရီးသွား လုပ်ငန်းနှင့်အတူ ရှမ်းပြည်နယ် သီပေါမြို့ လေးသို့ ပြည်တွင်း ပြည်ပမှ ခရီးသွားများလည်း အဆက်မပြတ် ရောက် ရှိလာသည်။
ပြုပြင်ထိန်းသိမ်းမှုမရှိသော သီပေါမြို့ရှိ ဘုရားအိုများ၊ စော်ဘွားများ နေထိုင်ရာ၊ ရုံးစိုက်ရာ ဟော်၊ သဂြိုဟ်ရာ သင်္ချိုင်းစသည့် သီပေါမြို့၏ သမိုင်းစာမျက်နှာများသည် ခရီးသွားဧည့်သည်များ၏ လေ့လာကြည့်ရှုစရာ၊ လည်ပတ်စရာ နေရာများ ဖြစ်လာသော်လည်း လုံလောက်သော ထိန်းသိမ်းစောင့်ရှောက်မှုကို မရရှိကြပေ။
သီပေါဟော်သည် သက်တမ်း ၉၄ နှစ်ရှိပြီ ဖြစ်ပြီး သီပေါစော်ဘွား စဝ်ကြာဆိုင်၏ တူတော် စဝ်ဦးကြာ နှင့် ဇနီး စဝ်ဆမ်ဖုန်း တို့က နှစ်ပေါင်း ၄၀ ကျော် ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။
ထို့ပြင် သီပေါစော်ဘွားကြီး စဝ်ချယ်၊ သားကြီး စဝ်ကြာဇုံ၊ ဇနီး စဝ်ရွှေယု(သီပေါမယ်တော်)တို့အပါအဝင် မိသားစုများ လဲလျောင်းခဲ့ရာ စော်ဘွားသင်္ချိုင်းသည်လည်း နှစ်ပေါင်း ၉၀ ရှိနေပြီဖြစ်သည်။