လူ့အခွင့်အရေးစောင့် ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာတွင် ယမန်နှစ်က မြန်မာနိုင်ငံ အနောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော မွတ်စလင်များ သတ်ဖြတ်ခံရခြင်းကိစ္စ၌ အစိုးရအာဏာပိုင်များ ပါဝင်ပတ်သက်ခဲ့သည်ဟု ဖိအားပေး စွပ်စွဲခဲ့သော်လည်း ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ်တွင် ဒဏ်ခတ်ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို လက်နက်ရောင်းဝယ် ခြင်းမှအပ အားလုံး ပြန်လည်ရုပ်သိမ်းရန် ယခုအပတ် တနင်္လာနေ့တွင် သဘောတူလိုက်ပြီဖြစ်သည်။
ထိုသို့ ရုပ်သိမ်းပေးလိုက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ဥရောပမှ ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံခွင့် ရရှိသွားပြီဖြစ်သည်။ ဥရောပသမဂ္ဂ၏ ခြေလှမ်းသည် အမေရိကန်နိုင်ငံအတွက် ဖိအားတခုဖြစ်လာနိုင်သည်။ အမေရိကန်ကုမ္ပဏီ အမှုဆောင်အရာရှိအချို့ကလည်း ပိတ်ဆို့မှုများကို အလုံးစုံဖယ်ရှားပေးရန် အမေရိကန်အစိုးရအား တောင်းဆိုထားကြပြီးဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် စစ်တပ်မှ ဘေးဖယ်သွားပြီး အရပ်သားတပိုင်း အစိုးရတာဝန်ယူခဲ့သည့်နောက်ပိုင်း အပြောင်းအလဲများကို လုပ်ဆောင်ပြနိုင်ခဲ့သောကြောင့် ဥရောပသမဂ္ဂက ပိတ်ဆို့မှုများကို ဖယ်ရှားပေးလိုက်ခြင်းဖြစ်သည်။
“ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကို တုန့်ပြန်တဲ့အနေနဲ့ လက်နက်ရောင်းဝယ်ခြင်းကလွဲပြီး ပိတ်ဆို့အရေးယူမှုအားလုံး ကို ဖယ်ရှားပေးဖို့ ကောင်စီ (ဥရောပသမဂ္ဂအဖွဲ့ဝင်အစိုးရများ) က ဆုံးဖြတ်လိုက်ပါတယ်။ အပြောင်းအလဲတွေကို ဆက်လက်ပြီး ဖော်ဆောင်သွားလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု လူဇင်ဘတ်မြို့တွင် ကျင်းပခဲ့သည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်၌ ဖော်ပြထားသည်။
သို့သော်လည်း ဝါရှင်တန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကမူ ယခင်နှစ်က မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော မွတ်စလင်များအား “လူမျိုးတုန်း သန့်စင်ရေး” အမည်ခံ သတ်ဖြတ်မှုများတွင် မြန်မာအာဏာပိုင်များ၏ ကိုင်ကွယ်ဆောင်ရွက်မှုသည် လက်ခံနိုင်ဖွယ်ရာမရှိဟု စွပ်စွဲပြစ်တင်ခဲ့ပြီး ဥရောပသမဂ္ဂ၏ ဒဏ်ခတ်မှုရုပ်သိမ်းခြင်းကို ကန့်ကွက်ခဲ့သည်။
မြန်မာအတိုက်အခံခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကမူ ပဋိပက္ခများနှင့် စီးပွားရေးကန့်သတ်ချက်ကို တွဲဆက်မထားသင့်တော့ကြောင်း ပြောသည်။
“ဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ဆောင်စရာတွေ ရှိနေပါတယ်။ လူမှု နိုင်ငံရေးပြဿနာတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် ပဋိပက္ခတွေနဲ့ စီးပွားရေး ပိတ်ဆို့ ကန့်သတ်တာကို ချိတ်ဆက်ပြီး မစဉ်းစားသင့်ဘူးလို့ ကျမ ထင်ပါတယ်” ဟု ဆိုသည်။
အဓိကရုဏ်းများဖြစ်ပွားနေသော်လည်း မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများသည် ပိတ်ဆို့ကန့်သတ်မှုများကို ဖယ်ရှားပေးရန်အတွက် လုံလောက်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံ ဟိတ်ကလည်း ဆိုသည်။ “လူမျိုးရေး ပဋိပက္ခတွေကို ရပ်တန့်အောင် လုပ်တဲ့နေရာမှာ တကယ့်ကို လိုအပ်ပါတယ်။ ဥရောပသမဂ္ဂနိုင်ငံတွေအနေနဲ့လည်း အဓိကနေရာက ပါဝင်သွားမှာပါ။ ရဲတပ်ဖွဲ့ကို လေ့ကျင့်ပေးဖို့၊ ဘာသာအယူဝါဒတွေကြားမှာ ပြောဆိုညှိနှိုင်းမှုတွေ တိုးပွားလာဖို့ ကျနော်တို့ တတ်နိုင်တဲ့နေရာကနေ ကူညီပေးသွားမှာပါ” ဟု ဥရောပသမဂ္ဂ အစည်းအဝေးတွင် သတင်းထောက်များကို ပြောဆိုသည်။
ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင်းမှ ကုမ္ပဏီနှင့် အဖွဲ့အစည်း ၁၀၀၀ ခန့်၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားခဲ့ပြီး လူပုဂ္ဂိုလ် ၅၀၀ ခန့်ကို လည်း ဥရောပသမဂ္ဂ၏ နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ထားခဲ့သည်။ ထို့အတူ စစ်ဘက်နှင့်ဆိုင်သော နည်းပညာ အကူအညီပေးရေးကိုလည်း တားမြစ်ထားခဲ့ပြီး သတ္တုတွင်းလုပ်ငန်း၊ သစ်လုပ်ငန်းနှင့် ကျောက်မျက်လုပ်ငန်းများတွင် ဥရောပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံခွင့်မရှိခဲ့ပေ။
သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ချီးကျူးပြောဆိုနေကြသော်လည်း လူမျိုးရေး ဘာသာရေး ပဋိပက္ခများရှိနေဆဲဖြစ်ပြီး ယမန်နှစ်က ရခိုင်ပြည်နယ်တွင် အဓိကရုဏ်းများကြောင့် လူ ၁၁၀ ခန့် သေဆုံးခဲ့ပြီး ၁၂၀၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ လွန်ခဲ့သော မတ်လတွင်လည်း လူမျိုးရေးအဓိကရုဏ်း ထပ်မံပေါ်ပေါက်ခဲ့ပြီး သေဆုံးသူ ၄၃ ဦးအထိရှိခဲ့သည်။
စောင့်ကြည့်လေ့လာသူများက ပဋိပက္ခများသည် နိုင်ငံနယ်နိမိတ်ကို ကျော်လွန်ပြီး အခြားဒေသများဆီ ရောက်ရှိသွားနိုင်ကြောင်း ပြောကြသည်။ ဧပြီလဆန်းက အင်ဒိုနီးရှားနိုင်ငံရှိ ဒုက္ခသည် စခန်းတခုတွင် ရောက်ရှိနေသော မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် လူ ၈ ဦးသေဆုံးခဲ့သည်။
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၏ ဥက္ကဌတာဝန်ကို ရယူရန်လည်း ရှိနေသည်။
“ဥက္ကဌနေရာ ယူချိန်မှာ မြန်မာနိုင်ငံရဲ့ လူမျိုးဘာသာရေး ပြဿနာတွေ ဆက်ဖြစ်နေရင် အာဆီယံကို လာထိခိုက်မယ်။ ဒေသတွင်း ပြောဆိုပတ်သက်မှု (regional involvement) တွေ ရှိသင့်ပါတယ်။ ဝင်ရောက်စွက်ဖက်မှု (regional intervention) တော့ မဟုတ်ဘူးပေါ့” ဟု ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ ဒေါက်တာတစ်တီနန် ပုန်စူဒီရစ်က အာဆီယံအဖွဲ့ဝင်တွင် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မလုပ်ရသော ပေါ်လစီချမှတ်ထားသောကြောင့် အခက်မြင်ကြောင်း ပြောသည်။
ထိုင်းနိုင်ငံ ထုတ် The Nation သတင်းစာမှ အယ်ဒီတာ ကဝီ ချွန်ကစ်တာဗွန်ကလည်း “အာဆီယံမှာ ဒီလိုဖြေရှင်းမှု ကိုင်တွယ်ရေး ယန္တယား မရှိသေးဘူး၊ ဒါ တကယ့် အဖြစ်မှန်ပဲ” ဟု ဆိုသည်။
လူမျိုးရေးအဓိကရုဏ်းများက နေပြည်တော်နှင့် အမေရိကန်ဦးဆောင်သောနိုင်ငံများကြား ဆက်ဆံရေးအပေါ် အာရုံစိုက်မှုများ ဖြစ်စေခဲ့သည်။
အနောက်နိုင်ငံများအနေဖြင့် တရုတ်နေရာတွင် ၎င်းတို့၏ စစ်ရေး သို့မဟုတ် ဗျူဟာမြောက် အကျိုးစီးပွားများ၊ ကော်ပိုရေးရှင်းများနှင့် အစားထိုးရေး မြန်မာတို့ကို လွှတ်ထားပေးမည်ဟု မြန်မာအစိုးရက ယုံကြည်နေပြီး အနောက်နိုင်ငံများအတွက်မူ အရှေ့အလယ်ပိုင်းမှာကဲ့သို့ တော်လှန်ရေးများ မဖြစ်ဘဲ မြန်မာနိုင်ငံ ရှေ့ဆက် ပြောင်းလဲရေး အကောင်းဆုံး အခြေအနေဟု ထင်မြင် ယူဆနိုင်ကောင်းသည်ဟု ဝေဖန်သုံးသပ်သူတို့က ယုံကြည်ကြသည်။
“ဒါက ဇာတ်ညွှန်းအဆိုးတွေထဲက အကောင်းဆုံးတခုပေါ့။ အမေရိကန်နဲ့ မဟာမိတ်တွေအတွက် ဗျူဟာမြောက်တဲ့ အမြတ်တခုရလိုက်တယ်။ စစ်အစိုးရဟာ တရုပ်နဲ့ ဝေးရာကိုရွေ့လာတာဟာ အနောက်အတွက် အမြတ်ပေါ့” ဟု London School of Economics မှ ဒေါက်တာဇာနည်က Al Jazeera ရုပ်သံသို့ ပြောသည်။ “ မြန်မာနဲ့ တရုတ်မဟုတ်တဲ့ ကမ္ဘာကြားထဲက ဘုံပိုင်းခြေက တရုတ်ပါပဲ” ဟု သူက ပြောသည်။