သတင်း

စံကောင်း ပီနံစက်ရုံ အလုပ်ရှင် အလုပ်သမား ပြဿနာ လွှတ်တော်အထိ တင်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လှိုင်သာယာ ငွေပင်လယ်စက်မှုဇုန်ရှိ စံကောင်း ပီနံအိတ်စက်ရုံ အလုပ်သမားများ ဆန္ဒပြမှုတွင် အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှု ရရှိထားသော်လည်း အလုပ်ရှင် ဘက်မှ သဘောတူညီထားသော အချက်တချို့ လိုက်နာမှု မရှိသောကြောင့် ယင်းစက်ရုံ အခြေခံ အလုပ်သမားအဖွဲ့အစည်းက ပြည်ထောင်စု လွှတ်တော်သို့ တိုင်ကြားမည်ဟု သိရသည်။

ပီနံအိတ်စက်ရုံ အခြေခံ အလုပ်သမားအဖွဲ့အစည်းက ဇွန် ၆ ရက်နေ့တွင် ရန်ကုန် တော်ဝင်နှင်းဆီခန်းမ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်က အလုပ်သမားများ ၂၅ ရက်ကြာ ဆန္ဒဖော်ထုတ်နေခဲ့သော ပီနန်အိတ်စက်ရုံသို့ ဇွန် ၃ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုနှင့် ပတ်သက်၍ ညှိနှိုင်းပေးခဲ့သဖြင့် နှစ်ဘက် သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။

ထို သဘောတူညီမှုတွင် အလုပ်သမားအဖွဲ့မှ အချက် ၃ ချက်ကို အဓိက တောင်းဆိုမှုများ ပါရှိပြီး ထိုအချက်များမှာ လစာ တိုးတောင်းသောကြောင့် အလုပ်ဖြုတ်ထားသော အလုပ်သမား ၄၇ ဦးကို ပြန်လည် ခန့်ထားပေးရန်၊ အလုပ်သမားများအား ထုတ်ပယ်ခြင်း ပြုမည်ဆိုပါက အလုပ်သမား အဖွဲ့အစည်း၏ သဘောထားရယူရန်၊ ဆန္ဒပြ အလုပ်သမားများအား ခံစားခွင့်များ မထိခိုက်စေဘဲ အလုပ်ပြန်လည် လုပ်ကိုင်ခွင့်ပြုရန်တို့ ဖြစ်သည်။

ထို သဘောတူညီချက် အတိုင်း ဇွန် ၄ ရက်နေ့တွင် စာချုပ်ချုပ်ဆိုရာ စံကောင်း ပီနံအိတ် စက်ရုံမှ စက်ရုံ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးခင်မောင်မြတ်က အလုပ်သမားများ အဓိကတောင်းဆိုသော အချက် ၃ ချက်ထဲမှ အလုပ်ဖြုတ်ခံထားရသည့် အလုပ်သမား ၄၇ ဦးကို ပြန်လည် ခန့်ထားပေးရန် သဘောတူသော်လည်း ကျန် ၂ ချက်ကို လိုက်လျောခြင်းမရှိသေးကြောင်း၊ အလုပ်ရှင် ဘက်မှ သဘောတူညီထားပြီး ဖြစ်သော အချက်တချို့ကို စာချုပ်ထဲတွင် ထည့်သွင်း မထားသောကြောင့် လွှတ်တော်သို့ တိုင်ကြားမည် ဖြစ်ကြောင်း အလုပ်သမား ခေါင်းဆောင် ကိုဝင်းထွန်းအောင်က ပြောသည်။

“စာချုပ်ထဲမှာ အချက်တွေ အများကြီးပါပေမယ့် ကျနော်တို့ အဓိက တောင်းတဲ့အချက်တွေကို ချန်ထားခဲ့တယ်။ အရေးကြီးတဲ့ တချို့ အချက်တွေမှာလည်း စကားလုံးတွေ လွှဲထားတယ်” ဟု ၎င်းက ဆိုသည်။

သဘောတူညီချက် စာချုပ် မချုပ်နိုင်သရွေ့ ဆန္ဒ ထုတ်ဖော်မှုကို ရုပ်သိမ်းသွားမည် မဟုတ်ကြောင်းနှင့် လုပ်ငန်းခွင် ပြန်လည် ဝင်ရန်လည်း မဖြစ်နိုင်ကြောင်း ကိုဝင်းထွန်းအောင်က ဆက်ပြောသည်။

စက်ရုံဘက်မှ တရားဝင် အကြောင်းမကြားဘဲ စက်ရုံဝင်းထဲသို့ ဝင်ရောက်ပါက အလုပ်ရှင်ဘက်က တရားစွဲဆိုနိုင်ကြောင်း သိရသည်။

လွှတ်တော်သို့ တိုင်ကြားစာကို ယခုလ ၅ ရက် နေ့စွဲဖြင့် ပေးပို့ထားပြီး ပြည်ထောင်စုလွှတ်တော်မှ အကြောင်း ပြန်ကြားခြင်း မရှိသေးဟု အလုပ်သမား ခေါင်းဆောင်များက ဆိုသည်။

ပီနန်အိတ်စက်ရုံ အိတ်ချုပ်၊ အိတ်ထမ်း ဌာနမှ အလုပ်သမားများ လစာ တိုးတောင်းရာတွင် အလုပ်သမား ၄၇ ဦးကို အလုပ်မှ ထုတ်ပစ်ခဲ့၍ မေလ ၁၁ ရက်နေ့တွင် ဆန္ဒပြပွဲစတင်ခဲ့ပြီး အလုပ်သမား ၁ ထောင်ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။ ယင်းတို့အနက် အလုပ်သမား ၁၆ ယောက်မှာ မေ ၂၇ ရက်နေ့မှစ၍ ဇွန် ၃ ရက်နေ့အထိ အစာငတ်ခံ ဆန္ဒပြခဲ့သည်။

လက်ရှိစက်ရုံတွင် ဆန္ဒပြ အလုပ်သမားများမှ လွဲ၍ အလုပ်သမား ၃၀၀ ကျော်သာ အလုပ်ဆင်းနေသဖြင့် လုပ်ငန်း လည်ပတ်ရန် ခက်ခဲနေပြီး အလုပ်သမားများ အလုပ်ခွင် ပြန်လည် မဝင်ရောက်ပါက နေ့စား အလုပ်သမားများ ငှားရမ်း အသုံးပြုသွားမည်ဟု မေလ ၃၁ ရက်နေ့တွင် ပြုလုပ်သော စံကောင်း ပီနံအိတ်စက်ရုံ စာနယ်ဇင်း ရှင်းလင်းပွဲတွင် စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးခင်မောင်မြတ်က ပြောကြားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading