မိထ္တီလာ၊ ဥက္ကံနှင့် လားရှိုးမြို့ အကြမ်းဖက် ဖြစ်စဉ်များသည် ယခင် စစ်အစိုးရ အုပ်ချုပ်ခဲ့စဉ်ကာလအတွင်း လူအများက ရွံကြောက်ဖြစ်ခဲ့ရသည့် စွမ်းအားရှင်အဖွဲ့၏ လုပ်ပုံကိုင်ပုံများနှင့် တူပြီး ၉၆၉ အဖွဲ့၏ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ပေါင်းစည်းသွားမိခြင်းဟု စင်္ကာပူထုတ် သတင်းစာတစောင်က ရေးသားထားသည်။
ဇွန်လ ၂ ရက်နေ့ထုတ် The Straits Times သတင်းစာက အုပ်စုလိုက် လုယက်တိုက်ခိုက်ခြင်းများသည် “တောင်သာ တပ်ဖွဲ့”၏ လက်ရာခြေရာများနှင့် ဆင်တူသည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးအောင်သောင်း၏ မွေးရပ်ဇာတိ တောင်သာမြို့ကို အစွဲပြုပြီး ၂၀၀၃ ခုနှစ် ဒီပဲယင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ရိုက်နှက်ခြင်းတို့တွင် ပါဝင်ခဲ့ကြောင်း လူအများက ယုံကြည်သော စွမ်းအားရှင်အဖွဲ့ကို ရည်ညွှန်း ရေးသားထားသည်။
လားရှိုးမြို့နှင့် ၅၀ ကီလိုမီတာသာဝေးသော နေရာတွင် ၉၆၉ အဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝီရသူက တရားဟောခဲ့ပြီး မကြာမီ လားရှိုးအကြမ်းဖက်မှုပေါ်ပေါက်လာကြောင်းလည်း ရေးသားထားသည်။
စင်ကာပူသတင်းစာ၏ ရေးသားဖော်ပြချက်ကို ဦးဝီရသူက ငြင်းဆိုသော်လည်း ယင်းသတင်းစာတွင် ဖော်ပြပြီး ဇွန်လ ၂ ရက်နေ့ နောက်ပိုင်းမှစ၍ ဦးအောင်သောင်းကို ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း တွေ့ဆုံမေးမြန်းခွင့် မရခဲ့ပါ။
ဦးဝီရသူကမူ ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုများသည် ၉၆၉ လှုပ်ရှားမှုနှင့် လုံးဝမသက်ဆိုင်ကြောင်း ပြောဆိုပြီး ဦးအောင်းသောင်း လက်ချက်လည်း မဖြစ်နိုင်ဟု ပြောသည်။ ”ဟိုးအရင် အရေးအခင်းတွေမှာ ဦးအောင်သောင်းပါမပါတော့ ကျုပ်မသိဘူး။ ရခိုင်နောက်ပိုင်း ကိစ္စတွေမှာတော့ ဦးအောင်သောင်း မပါဘူးဗျ။ ဦးအောင်သောင်း ပြောတဲ့ သင်္ဃန်းဝတ် ထောင်ထွက်ဘုန်းကြီးတွေဆိုတာလဲ မဟုတ်ဘူး။ ကျုပ်ကတော့ သူမပါဘူးလို့ ထင်တယ်”ဟု ဦးဝီရသူက မိန့်သည်။
ရခိုင်ပြည်နယ်ရှိ အမျိုးသမီးလေးတဦး အဓ္ဓမပြုကျင့် အသတ်ခံရာမှ စတင်ဖြစ်ပွားခဲ့သော ဘာသာရေး လူမျိုးရေး အကြမ်းဖက်ပဋိပက္ခဖြစ်စဉ်များ၏ နောက်ကွယ်တွင် ကြိုးကိုင်ဆောင်ရွက်နေသူများရှိသည်ဟု အစိုးရက မကြာခဏ ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ယနေ့အချိန်ထိ ခြေခြေမြစ်မြစ် ထုတ်ဖော်တင်ပြပြီး မည်သူတစ်ဦးတယောက်ကိုမျှ အရေးယူပေးနိုင်ခြင်း မရှိသေးပေ။
အကြမ်းဖက်ပဋိပက္ခများတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့သူများကို ဖမ်းဆီးအရေးယူနိုင်ခဲ့သော်လည်း နောက်ကွယ်မှ ကြိုးကိုင်နေသူများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှုခင်းဋ္ဌာနမှ ဒုရဲမှူးကြီး မင်းအောင်က ဧရာဝတီသို့ ပြောသည်။
သို့သော် ပဋိပက္ခဖြစ်စဉ်များတွင် တိုက်ရိုက်ပါဝင်ပတ်သက်သူ မိတီ္ထလာဒေသမှ ၅၉ ဦး၊ လားရှိုးဒေသမှ ၆၁ ဦး ဖမ်းဆီထားပြီး ဥက္ကံ၊ ကြို့ပင်ကောက် ဖြစ်စဉ်တွင် ဖမ်းဆီး အရေးယူထားသူ မရှိကြောင်း၊ မိတီ္ထလာတွင် ဗုဒ္ဓဘာသာဝင် ၄၃ ဦး ၊ မွတ်စလင် ၁၆ ဦး နှင့် လားရှိုးတွင် ဗုဒ္ဓဘာသာဝင် ၅၉ ဦး၊ မွတ်စလင် ၂ ဦးတို့ကို ဖမ်းဆီးအရေးယူထားကြောင်း ဒုရဲမှူးကြီး မင်းအောင်က ပြောသည်။
”နောက်ကွယ်က ကြိုးကိုင်တဲ့သူတွေကို ဖော်ထုတ်ဖို့က သီးသန့်ဆိုက်တစ်ခုက လုပ်နေတာ။ ကျနော်သိသလောက်တော့ ပေါ်ပေါ်ထင်ထင် ပေါ်လာတာ မရှိသေးဘူး။ ဒီကိစ္စကို ဒေသခံရဲတွေက ပိုသိလိမ့်မယ်”ဟု သူကဆိုသည်။
ရန်ကုန်မြို့တွင် ပဋိပက္ခဖြစ်အောင် လှုံဆော်သည်ဟု ဆိုကာ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုရဲမင်းဦးကို ဆူပူအောင်လှုံဆော်မှု ၅၀၅(ခ)ဖြင့် အရေးယူထားခြင်းမှလွဲ၍ အခြားကြိုးကိုင်ဆောင်ရွက်သူများကို မဖော်ထုတ်နိုင်သေးကြောင်း ကျောက်တံတားမြို့နယ်မှ ရဲအရာရှိတစ်ဦးက ပြောသည်။
”ဘာသာတစ်ခုနဲ့ တစ်ခုကြားမှာ အထင်အမြင် လွဲမှားမှုတွေဖြစ်အောင် လုပ်တယ်ဆိုပြီး သူ့ကို တရားရုံးတင်ထားတယ်။ သူ လှုံဆော်တဲ့ အသံဖိုင်တွေလည်း ရှိတယ်။ နောက်ပြီးတော့ အစ္စလာမ်ဘက်က စတစ်လို့ခေါ်တဲ့တစ်ယောက်ကိုလည်း အရေးယူထားတယ်။ အသေးစိတ်တော့ ပြောမရဘူး”ဟု သူကဆိုသည်။
နောက်ကွယ်မှ ကြိုးကိုင်သူများမှာ “ပြည်ပသြဇာခံ အစွန်းရောက်မွတ်စလင်များ” နှင့် “သူများပစ္စည်းဥစ္စာကို အလကားလိုချင်နေသော အချောင်သမား တောကြောင်များ”ပင် ဖြစ်ကြောင်း၊ နိုင်ငံရေးပယောဂ အစိုးရလက်ချက်ပါဝင်သည်ဟု မထင်ကြောင်း မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူက မိန့်သည်။
”ဒီတောကြောင်တွေကို နှိမ်နင်းဖို့ အစိုးရက ဘာလို့ဒီလောက် ပျော့ညံနေလဲမသိဘူး။ အစွန်းရောက် မွတ်စလင်တွေကိုလည်း ကိုယ့်ဘက်က အကြမ်းဖက် တုန့်ပြန်တဲ့ အခါကျတော့ နှစ်ခါနာတာပေါ့။ လူလည်း နာတယ်။ သိက္ခာလည်း နာတယ်”ဟု ဦးဝီရသူက မိန့်သည်။
အစွန်းရောက်မွတ်စလင်များကို ဥပဒေနှင့်အညီ တုန့်ပြန်ရမည့်အစား အခြားအပြစ်မရှိသူများကို သွားရောက်တုန့်ပြန် ခဲ့သောကြောင့် ပြဿနာပိုမိုကြီးထွား လာကာ နောက်ဆုံး၌ ပြည်ပသို့ပါ ကူးစက်ပြီး မြန်မာများသာ နစ်နာနေရကြောင်း၊ ယခုလဆန်းပိုင်းတွင် တောကြောင်များက မန္တလေးမြို့တွင် ကောလဟလများ ဖန်တီးကာ ဆူပူအောင် ဖန်တီးနေကြောင်းလည်း ဆိုသည်။
ဒီမိုကရေစီအတွေ့အကြုံ နုနယ်သောမြန်မာနိုင်ငံကို ပြိုကွဲအောင်လုပ်ဆောင်ခြင်း ဖြစ်ပြီး ၎င်းလုပ်ဆောင်ချက်ကြောင့် အာဏာရပါတီအနေနှင့် အာဏာနှင့် အကျိုးအမြတ်ကို ထိန်းသိမ်းနိုင်မည်ဟု The Straits Times သတင်းစာက ရေးသည်။
ယခုအပတ်အတွင်း ရန်ကုန်တွင် ကျင်းပခဲ့သော Buddism & Non-Violence ဟောပြောပွဲတွင် ချက်နိုင်ငံသား အသွင်ကူးပြောင်းရေး ပညာရှင် Igor Blazevic က ဘာသာရေးဆိုင်ရာ ပဋိပက္ခများမှာ အာဏာရှင်စနစ်အား လက်မလွတ်လိုသူများ၏ နိုင်ငံရေးအရ နောက်ကြောင်းပြန်လှည့်ရန် လုပ်ဆောင်မှုများ ဟု ဘော့စနီးယားအပါအဝင် နိုင်ငံရေးနှင့် စီးပွားရေး အသွင်ကူးပြောင်းသည့် အခြားနိုင်ငံများနှင့် ယှဉ်ပြီး သုံးသပ်ပြောဆိုသည်။
ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ကြသည့် နိုင်ငံများတွင် အရာရာ လက်ဝါးကြီး အုပ်ထားသူများအဖို့ သူတို့၏ အရေးပါမှုကို ပြန်လည် အကြောင်းရှာ ပြသတတ်ကြကြောင်း၊ သူတို့၏ နောက်ဆုံးခံတပ်မှာ အမျိုးသားရေး ဖြစ်ကြောင်းလည်း Igor Blazevic က ပြောဆိုခဲ့သည်။