ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၉၆၉ အထူးတရားပွဲများ ကျင်းပရန် ရှိသောကြောင့် ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားလာမည်ကို တောင်ကြီး ဒေသခံများက စိုးရိမ်နေကြသည်။
မြန်မာပြည်အနှံ့တွင် ၉၆၉ အထူး တရားပွဲ ကျင်းပမှုများအပြီး ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးသည်ကို မြင်တွေ့ခဲ့ရသဖြင့် တောင်ကြီးတွင် ထိုနည်းတူ ဖြစ်ပွားမည်ကို ထိတ်လန့်နေကြသည်ဟု တောင်ကြီးမြို့မ ဈေးကြီးတွင် အထည်ဆိုင် ဖွင့်ထား သည့် ဒေါ်နန်းရွှေဟန်က ဧရာဝတီသို့ ပြောသည်။
“၉၆၉ တရားပွဲတွေ ပြီးသွားတိုင်း ပဋိပက္ခတွေ ဖြစ်နေတယ်။ အခုလည်း တောင်ကြီးမှာ ဒီလ ၁၇၊ ၁၈ ရက်နေ့တွေမှာ ကျင်းပမယ်ဆိုတော့ ပဋိပက္ခ မဖြစ်အောင်လို့ ဆုတောင်းနေရတယ်။ အခုဆိုရင် ဒီဈေးကြီးထဲမှာ တခုခုဖြစ်မှာ ကြောက်လို့ နားစွင့်ပြီး နေနေရတယ်” ဟု ဒေါ်နန်းရွှေဟန်က ဆိုသည်။
၉၆၉ တရားပွဲသည် ဗုဒ္ဓဘာသာဝင်များအတွက် ဘုရားဟောကြားခဲ့သည့် တရားအတိုင်း ဆရာတော်များက ဟောခြင်း ဖြစ်သော်လည်း ဘာသာရေး၊ အစွန်းရောက်သူများ၏ သွေးထိုးလှုံ့ဆော်မှုများကို ထိတ်လန့်နေရကြောင်း၊ တရားပွဲပြီးတိုင်း ပဋိပက္ခ ဖြစ်ပွားလာခဲ့သည်ကို မြင်နေရသဖြင့် နောက်ထပ် ဖြစ်မည်ကို စိုးရိမ် နေရကြောင်း တောင်ကြီး မြို့မဈေးတွင် ဈေးရောင်းနေကြသူများက ဆိုသည်။
“၉၆၉ အထူးတရားပွဲနဲ့ ပတ်သတ်ပြီးတော့ ကျနော်တို့က ဘာမှမဖြစ်အောင် လုံခြုံရေးတွေ ယူထားပါတယ်။ ပြီးတာ့ အခုဆိုရင် ၉၆၉ ဆိုတဲ့ ဆိုင်းဘုတ်နေရာမှာ “ဗုဒ္ဓံ ဓမ္မံ သံဃံ” ဆိုပြီး သက်ဆိုင်ရာ ဌာနက ပြန်ကပ်ထား ခိုင်းပါတယ်။ ၉၆၉ ဆိုတဲ့ အဓိပ္ပာယ် ကိုလည်း အဲဒီတရားပွဲမှာ ဆရာတော်တွေက ဟောကြားမှာပါ။ ကျနော်တို့ကတော့ တရားပွဲကို ဖြစ်မြောက်အောင် လုပ်သွား မှာပါ” ဟု ရွှေညောင်မြို့တွင် ၉၆၉ အထူးတရားပွဲ ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် ကိုဇော်မင်းထူးက ဧရာဝတီသို့ ပြောသည်။
၉၆၉ အထူးတရားပွဲကို ရွှေညောင်မြို့တွင် ဇွန် ၁၄ ရက်နေ့၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါ တရားပွဲကို မွန်ပြည်နယ်ရှိ ဆရာတော်များက လာရောက် ဟောပြောမည် ဖြစ်သကဲ့သို့ တောင်ကြီးမြို့တွင်လည်း ဇွန် ၁၇၊ ၁၈ ရက်နေ့တို့တွင် ထို တရားပွဲကို ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အထက်ပါ တရားပွဲများတွင် ၉၆၉ ဆရာတော်ဟု နာမည်ကြီးသည့် ဆရာတော် ဦးဝီရသူ ပါဝင် ဟောပြောသွားမည် ဖြစ်ကာ တရားပွဲ ပြီးဆုံးသွားပါက မည်သည့် ပဋိပက္ခမှ မဖြစ်စေရန် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ မြန်မာပြည် အနှံ့ ဖြစ်နေသည့် ဘာသာရေး ပဋိပက္ခသည် ၉၆၉ နှင့် မသက်ဆိုင်သည် ကိုလည်း ဆရာတော်များက အဆိုပါ တရားပွဲတွင် ထည့်သွင်း ဟောကြားကာ ၉၆၉ ၏ အဓိပ္ပာယ်ကို ရှင်းလင်းဟောပြောသွားမည် ဖြစ်ကြောင်း ကိုဇော်မင်းထူးက ပြောသည်။
“ကျနော်တို့ တောင်ကြီးဘက်မှာ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားအောင် နည်းမျိုးစုံ ကောလာဟလတွေ ဖြန့်နေတာကြာပါပြီ။ အခုလည်း ၉၆၉ နဲ့ ပတ်သက်ပြီး တရားပွဲ လုပ်မယ်ဆိုတော့ ကျနော်တို့တတွေ သတိနဲ့ နေနေရတယ်။ ၉၆၉ ဆိုတာကလည်း ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ အတွက် သိသင့်သိထိုက်တဲ့ အရာပါ။ ပဋိပက္ခ မဖြစ်အောင်လို့လည်း သက်ဆိုင်ရာက လုံခြုံရေးတွေ တင်းကျပ် နေပါတယ်” ဟု တောင်ကြီးမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ဦးတင်မောင်တိုးက ဆိုသည်။
၉၆၉ အထူးတရားပွဲ ကျင်းပမည်ဆိုသည့် သတင်းကြောင့် ဘာသာရေး ပဋိပက္ခ ဖြစ်ပွားလာမည်ကို မလိုလားကြောင်း၊ ထိုသတင်းကြောင့် အစ္စလမ် ဘာသာဝင်များ ဖွင့်လှစ်သည့် ဆိုင်များသည် ညအချိန်တွင် စောစီးစွာ ပိတ်ကြကြောင်း၊ အစ္စလမ် ဘာသာဝင် များလည်း သတိနှင့် နေထိုင်နေကြကြောင်း၊ ဘာသာရေးသည်မိမိ ယုံကြည်ရာကို ကိုးကွယ်နေကြသဖြင့် တဘာသာနှင့် တဘာသာ အငြင်းပွားမှုများ မဖြစ်စေရန် ထိန်းသိမ်းသင့်ကြောင်း တောင်ကြီးမြို့တွင် နေထိုင်သည့် မြန်မာမွတ်စလင် တဦးဖြစ်သူ ကိုအောင်မိုးက ဧရာဝတီသို့ ပြောသည်။
“ဘာသာရေး ပဋိပက္ခဖြစ်ရေး မဖြစ်ရေးကတော့ လုပ်တဲ့ လူတွေအပေါ်မှာပဲ မူတည်နေသလို၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ကလည်း လုံခြုံရေး အတွက် တာဝန်ယူဖို့ လိုပါတယ်။ လုပ်တဲ့ သူတွေကလည်း ဘာရည်ရွယ်ချက်နဲ့ လုပ်နေကြလဲ ဆိုတာ အဖြေရှာဖို့ လိုပါတယ်။ ကျနော်တို့ကတော့ ဘာသာရေး ပဋိပက္ခ မဖြစ်အောင် ဂရုစိုက်ရမယ်၊ ပြီးတော့ ကိုယ် လက်လှမ်းမီသလောက်တော့ ပြောပြသွားမှာပါ” ဟု ၎င်းက ဆိုသည်။