“စောရန်နောင်ကို အရှင်ဖမ်းမိလျှင် ဆိုရှယ်လစ်ပါတီနဲ့ ဗိုလ်ချုပ်လုပ်ကြံခံရမှု ဘယ်လို ဆက်စပ်နေတယ်ဆိုတာ ပေါ်မှာပဲဆိုပြီး တို့ပြည်သူ့ရဲဘော်တွေကလည်း ဒီကောင့်ကို လိုက်ရှာတာဘဲ၊ မတွေ့ဘူး။ ဆိုရှယ်လစ်ပါတီဂိုဏ်းသား ပဲခူးဗိုလ်ကြာညွှန့်နဲ့ ဗိုလ်တင်အောင် (မြေပဒေသာစီမံကိန်း အထူးအရာရှိ၊ မာဇဒါဂျစ် ကားမှောက်၍ သေဆုံးသွားသဖြင့် မာဇဒါဂျစ်တင်အောင် ဟုခေါ်သူ) တို့က ပဲခူးဘက်မှာ စောရန်နောင်ကို အလျင် လက်ဦးစွာ ဖမ်းမိ၍ ချုပ်နှောင်ခေါ်ဆောင်လာစဉ် ကားပေါ်မှ ထပ်မံထွက်ပြေးပြန်သဖြင့် ပဲခူး ဆယ်မိုင်ကုန်းထိပ်တွင် ပစ်သတ်လိုက်ရပါသည်ဟူသော ဇာတ်လမ်းနဲ့ နိဂုံးချုပ်သွားတယ်ကွာ။ ငါ ဒီဇာတ်လမ်းကို မယုံဘူး။ အမေရိကန်သမ္မတ ကနေဒီကို လုပ်ကြံတဲ့ အော့ဇ်ဝဲလ်ဆိုတဲ့ တရားခံကို ကနေဒီအတွက် နာကျည်းဒေါသထွက်နေသူက ထပ်မံသတ်လိုက်သည်ဆိုတဲ့ ဇာတ်လမ်းမျိုးပါပဲကွာ။ နောက်မှ စဉ်းစားကြည့်တော့ ဦးစောကို မထိတထိ သွားလုပ်ကြံယောင်ဆောင်တဲ့ ရန်ကုန်ဘဆွေလည်း ဆိုရှယ်လစ်ပါတီက EC တယောက်ဖြစ်နေပြီး ငါတို့ပြည်သူ့ရဲဘော်အဖွဲ့က ကားကို မလိမ့်တပတ်နဲ့ ယူ စစ်ယူနီဖောင်းဝတ်ပြီး သရုပ်ဆောင်ခဲ့တာတွေဟာ ဗိုလ်ချုပ်နဲ့ တို့ပြည်သူ့ရဲဘော်တွေ အားလုံး ဆိုရှယ်လစ်တွေရဲ့ နိုင်ငံရေးဆင်ကွက်ထဲမှာ စတေးခံခဲ့ရတာပါ။ ဒီဇာတ်လမ်းကို ဘယ်လိုမှ ရှင်းလို့မရဘူးကွာ” ဟု ဗိုလ်စက်ရောင်က ဆက်ပြောပါသည်။
“မင်းကို ထပ်ပြောခဲ့ဦးမယ်။ ဒီအကြောင်းက မမကြည် (ဗိုလ်ချုပ်ကတော်-ဒေါ်ခင်ကြည်) က ငါ့ကိုပြောခဲ့တာပါ” ဟုလည်း ဆိုကာ ၁၉၄၇ ဇူလိုင် ၁၉ တွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရစဉ်အချိန်၌ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းနှင့် ကိုယ်စားလှယ်အဖွဲ့ဝင် အချို့ဥရောပသို့ ရောက်ရှိနေကြောင်း၊ အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၉၄၇ ဇွန်လ ၁၉ ရက်နေ့က ရန်ကုန်မှ ထွက်ခွာသွားခဲ့ပြီး သခင်နု ဦးဆောင်၍ ဦးကျော်ငြိမ်း၊ ဦးတင်ထွဋ်၊ ဦးကိုကိုကြီး၊ ဗိုလ်ထွန်းလင်း၊ ဗိုလ်ခင်မောင်ကလေး တို့နှင့်အတူ အခြားသူများလည်းပါဝင်ကြောင်း (၁၂-၇- ၄၇ တွင် ဦးနုပါဝင်သော ကိုယ်စားလှယ်တချို့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသော်လည်း ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်အချို့ ဥရောပတွင် ကျန်ရှိနေခဲ့သည်)၊ ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့် ကြေးနန်းသတင်း မြန်မာနိုင်ငံမှ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းတို့အဖွဲ့ထံ ပေးပို့ရောက်ရှိချိန်မှာ ၎င်းတို့သည် ဧည့်ခံပွဲတခုတွင် သောက်စားနေကြချိန်ဖြစ်ကြောင်း၊ ဗိုလ်ချုပ် လုပ်ကြံခံရသည့် သတင်းကြားရသည့်အချိန်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်တဦးသည် မူးမူးရူးရူးဖြင့် “ငါတို့အကြံအောင်ပြီ” ဟု ထအော်ခဲ့ကြောင်း သတင်းကို မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် အချို့ထံမှပင် ထူးထူးခြားခြား ဒေါ်ခင်ကြည် ရရှိထားကြောင်း ပြောကာ “ငါ့ ခင်ပွန်းကို ဒီလူတွေ တော်တော် ယုတ်မာကြတာပဲလို့ မမကြည်က ပြောခဲ့ဖူးတယ်ကွာ” ဟု ဗိုလ်စက်ရောင်က စာရေးသူကို ရင်ဖွင့်ပြောကြားခဲ့ပါသည်။
အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သူတဦးဖြစ်သည့် ဦးတင်ထွဋ်သည် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုကို စုံစမ်းဖော်ထုတ်နေစဉ် ၁၉၄၈ ခုနှစ် ဒီဇင်ဘာလအတွင်း တည၌ ယခု ဗိုလ်အောင်ကျော်လမ်းနှင့် အနော်ရထာလမ်းထောင့်အနီး အတွင်းဝန်ရုံးကို လှမ်းမြင်နိုင်သည့်နေရာတွင်ပင် ကားပေါ်တွင် ထောင်ထားသော လက်ပစ်ဗုံး ပေါက်ကွဲ၍ ဒရိုင်ဘာနှင့်အတူ သေဆုံးသွားခဲ့ပါသည်။ ၎င်းတို့၏ အလောင်းကို ဖဆပလအစိုးရက ယခင် လုပ်ကြံခံရသော နိုင်ငံတော်ခေါင်းဆောင်ကြီးများ အုတ်ဂူနောက်ဖက်တွင် ထပ်မံ မြှုပ်နှံပေးလိုက်ခြင်းဖြင့် အကြောင်းပြချက် မရှိ၊ တရားခံ မရှိဘဲ သေဆုံးသွားသူ ၂ ဦးအား ဖဆပလအစိုးရသည် အာဇာနည်ဗိမ္မာန်တွင် ဘာကြောင့်နေရာချထားခဲ့သည်မှာ စဉ်းစားလျှင် ခေါင်းစားမည်အမှန် ဖြစ်ပါသည်။
ဗိုလ်စက်ရောင်က စာရေးသူအား “ငါ ရန်ကုန်ဘဆွေကို ဦးစောကို အပိုင်သတ်နည်းအဖြစ် သင်ပေးခဲ့တဲ့ လက်ပစ်ဗုံးထောင်နည်းဟာ ဦးတင်ထွဋ် လုပ်ကြံခံရပုံနဲ့ ပုံစံတူ ဖြစ်ခဲ့တယ်ကွ။ နောက်ပိုင်း ဒီကောင်ကြီးကို ပြန်တွေ့တော့ မင်း ငါပြောတဲ့နည်းအတိုင်း ဦးတင်ထွဋ်ကို စစ်တပ်မှာ နေရာ မပေးချင်လို့ သူ့ကို ရှင်းလိုက်တာ မဟုတ်လားလို့ မေးကြည့်တယ်။ ဒီကောင်ကြီးက ဝန်လည်းမခံ၊ ငြင်းလည်း မငြင်းဘဲ ပြုံးနေတယ်ကွ” ဟူသော စကားသံကို ကြားရသည့်အခါ စာရေးသူ မိမိ၏ ထူးခြားသော ကံကြမ္မာကို အံ့သြ တုန်လှုပ်သွားမိပါသည်။ မိမိအား အမှန်တရားဘက်က လိုက်သည့်ရှေ့နေဖြစ်အောင် ကြိုးစားပါဟူသော သြဝါဒနှင့် ရှေ့နေပညာ သင်ပေးခဲ့သော လက်ဦးဆရာများမှာ တရားခံမပေါ်ဘဲ အာဇာနည်ဗိမ္မာန်တွင် မြေမြှုပ်ခံသူ ဦးတင်ထွဋ်၏ ညီ၊ ဦးစော၏ နိုင်ငံတော်လုပ်ကြံမှု ခုံရုံးဥက္ကဋ္ဌ ဆရာကြီးဦးကျော်မြင့်၊ ၎င်း၏သမီး ဆရာမဒေါ်တင်တင်မြင့်နှင့် ဆရာဦးရဲထွန်းတို့ဖြစ်ပါသည်။ နိုင်ငံတော်လုပ်ကြံမှု တရားခံအစစ်အမှန်ကို မင်း ဖော်ထုတ်နိုင်လိမ့်မယ်လို့ ယုံကြည်လို့ ငါ မင်းကို ဒီ လျှို့ဝှက်ချက်တွေ ထုတ်ပြောခြင်းဖြစ်ပါသည်ဟု ဗိုလ်စက်ရောင် တာဝန်ပေးခြင်းခံရသူ ကျနော်သည် အဆိုပါ ဦးတင်ထွဋ်နှင့်တကွ နိုင်ငံတော်လုပ်ကြံမှု ခုံရုံးဥက္ကဋ္ဌ မိသားစုနှင့် ပတ်သက်နေသူဖြစ်ကြောင်း ဗိုလ်စက်ရောင် တယောက်သိမသွားခဲ့ပါ။
ဗိုလ်စက်ရောင်သည် ဗိုလ်ချုပ်အောင်ဆန်းအား နိုင်ငံရေး ထောင်ချောက် ဆင်ကွက်ဖြင့် အဓိကလုပ်ကြံသူ အစစ်သည် ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်များသာဖြစ်သည်ဟု အခိုင်အမာ ယုံကြည်စွာဖြင့် စာရေးသူအား အင်းစိန်ထောင် ၆ တိုက်အတွင်း ၁၉၄၅/၄၆/၄၇ ခုနှစ် နိုင်ငံရေးအခြေအနေများကို သုံးသပ်၍ အကြိမ်ကြိမ် ပြောခဲ့ပါ၏။ စာရေးသူသည် လူကြီးတယောက် သူ ပြောချင် ရင်ဖွင့်ချင်တာ ပြောပါစေ ရင်ဖွင့်ပါစေ သဘောဖြင့် နားထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ၈ ပေပတ်လည် အခန်းကျဉ်း၌ တံခါး၂ ထပ်အတွင်း အရပ် ၅ ပေခွဲကျော်မှ ၅ ပေ ၁၁ လက်မ ထိရှည်သော လူ ၃ ယောက်နှင့်အတူ စာရေးသူတို့ ၄ ယောက် ကျပ်ကျပ်တည်းတည်း နေရစဉ် ဤဇာတ်လမ်းများကို နားထောင်နေရသည့် ရက်ပိုင်းအတွင်း အသစ်ပြောင်းလာသော ထောင်ပိုင်ဦးဘိုကြည်ထံမှ စာရေးသူအား တယောက်တည်း ထားရမည်ဟူသော ညွှန်ကြားချက် ရောက်လာပြီးနောက် ဗိုလ်စက်ရောင်နှင့် သူ့အမှုတွဲများ ဗိုလ်ကြီးစိုင်းဝင်းကျော်အခန်းသို့ ပြောင်းရွှေ့သွားကြရသည်။ ရက်ပိုင်းအတွင်း နှလုံးရောဂါဖောက်၍ အင်းစိန်ထောင်ဆေးရုံသို့ ပြောင်းရွှေ့ထားရာမှ ဗိုလ်စက်ရောင် ကွယ်လွန်သွားခဲ့ပါသည်။
ဗိုလ်စက်ရောင် အင်းစိန်ထောင်အတွင်း ကွယ်လွန်ပြီး မကြာမီ လယ်ဝေးသခင်ကြည်ရှိန် တယောက် ထောင်ထဲရောက်လာသည်။ စာရေးသူသည် ဗိုလ်စက်ရောင်ပြောသော နိုင်ငံတော်လုပ်ကြံမှုဆိုင်ရာ သမိုင်းကြောင်းကို စေ့စေ့စပ်စပ် မမေးနိုင်ခင် ရုတ်တရက် ကွယ်လွန်သွားသော ဗိုလ်စက်ရောင်၏အဖြစ်ကို သင်ခန်းစာယူ၍ လယ်ဝေးသခင်ကြည်ရှိန် မကွယ်လွန်မီ ဗိုလ်စက်ရောင်ပြောသော နိုင်ငံတော်လုပ်ကြံမှု သမိုင်းအထောက်အထားကို မှန် မမှန် ၎င်း၏ထင်မြင်ချက် ပေးပါရန်နှင့် နောင်လာနောင်သားများ အဖြစ်မှန် ဆင်ခြင်နိုင်ရန် သိသမျှ ပြောပါရန် မိမိစိတ်ချရသော ဝန်ထမ်းမှတဆင့် အကူအညီ တောင်းခံခဲ့ပါသည်။
သခင်ကြည်ရှိန်ထံမှ စာတိုတစောင်ကို လက်ခံဖတ်ရှုရသောအခါ ဗိုလ်စက်ရောင်ပြောသည်ထက် ပိုမိုတိကျသော အချက်အလက်များကို သိခွင့်ကြုံခဲ့ပါသည်။
သခင်ကြည်ရှိန်သည် ဦးစောထံမှ သိမ်းဆည်းရမိသော ဆိုရှယ်လစ်ပါတီ စစ်ရေးခေါင်းဆောင် စောရန်နောင်၏ သေနတ် နံပါတ်ကို အလွတ်ရနေပြီး စာရေးသူထံ စာနှင့် ရေးပေးခဲ့ပါသည်။ စောရန်နောင်အား ပဲခူးဆယ်မိုင်ကုန်းတွင် ထွက်ပြေးသဖြင့် လိုက်ဖမ်းစဉ် ပစ်သတ်လိုက်ရသည်ဆိုသည်မှာ မမှန်ကြောင်း၊ တမင်သတ်ပစ်ခြင်း ဖြစ်ကြောင်း၊ စောရန်နောင်၏ လုပ်ရပ်သည် မိမိတို့ ဆိုရှယ်လစ်ပါတီအတွက် သိက္ခာကျစရာ ဖြစ်နေ၍ ဇာတ်လမ်းမရှုပ်အောင် ဗိုလ်ကြာညွှန့်တို့ သတ်ပစ်လိုက်တာဟု အတိအကျပင် စာပြန်ခဲ့ပါသည်။
စာရေးသူက သခင်ကြည်ရှိန်ထံ နိုင်ငံတော်လုပ်ကြံမှုအကြောင်း စုံစမ်းရခြင်းမှာ ၎င်းသည် ဆိုရှယ်လစ်ပါတီမှ ပဲခူးရိုးမ အရှေ့ခြမ်းတွင် နေမဝင်ဘုရင်တဆူပမာ တန်ခိုးထွားခဲ့သူဖြစ်၍ သူနှင့်ခေတ်ပြိုင် ဆိုရှယ်လစ်ပါတီ ဗဟိုဦးစီးအဖွဲ့ဝင် ရန်ကုန်ဘဆွေတို့သည် ရင်းနှီးသူများဖြစ်ကြောင်း၊ ဆိုရှယ်လစ်ဂိုဏ်းသား ဗိုလ်မှူးချုပ်မောင်မောင်အား မိတ္ထီလာမှ ကရင်ပြည်နယ်သံတောင်ဘက်သို့ ကေအင်ဒီအိုများ ဖမ်းဆီးခေါ်ဆောင်သွားစဉ် ရန်ကုန်ဘဆွေက ကယ်တင်ရန် ကြိုးစားသော အရပ်သားပျောက်ကြား ကွန်မန်ဒိုအဖွဲ့များတွင် သခင်ကြည်ရှိန်၏ တပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း၊ ရန်ကုန်ဘဆွေရေးသော “ချီလေသော်လည်း” နှင့် “တိုက်ယူရတဲ့ မျက်ရည်တပေါက်” စာအုပ်များတွင် အရိပ်အမြွက် ဖော်ပြထားခဲ့သည်ကို သတိရ၍ မှန်းဆ မေးမြန်းကြည့်ခဲ့ရာတွင် အထက်ပါအတိုင်း ပြည်သူ့ရဲဘော် ဗိုလ်စက်ရောင်၏ ပြောကြားချက်ကို ဆိုရှယ်လစ်ဂိုဏ်းသား သခင်ကြည်ရှိန်က ထပ်မံဖြည့်စွက်ထောက်ခံချက်ကို စာရေးသူ ရရှိလိုက်ခြင်း ဖြစ်ပါသည်။
စာရေးသူ ပထမအကြိမ် ထောင်မှလွတ်သော ၁၉၉၇ နှစ်ကုန်ပိုင်းအချိန်ထိ ဗိုလ်ကြာညွှန့် အသက်ထင်ရှား ရှိပါသေးသည်။ နိုင်ငံတော်လုပ်ကြံမှု အမှုတွဲများကို ဦးစွာလေ့လာလိုသေး၍၎င်း၊ မဆလ/နဝတခေါင်းဆောင်များနှင့် ဗိုလ်ကြာညွှန့် အဆက်အသွယ်ရှိသေးသည်ဟူသော သတင်းများကြောင့်၎င်း၊ ဗိုလ်ကြာညွှန့်ကို ကိုယ်တိုင်တွေ့ဆုံမေးမြန်းရန် လက်တွန့်နေခဲ့ပါသည်။ နိုင်ငံတော်လုပ်ကြံမှုနှင့် သက်ဆိုင်သောအမှုတွဲများမှာလည်း ထူးထူးခြားခြား မြန်မာနိုင်ငံတွင် ပျောက်ဆုံးနေပါသည်။ အင်းစိန်မြို့နယ်ကို ကေအင်ဒီအိုများ သိမ်းထားစဉ်က ထောင်နှင့် တရားရုံးမှတ်တမ်းများ မီးထဲပါသွားသလို သိရပြီး စာရေးသူလည်း အခြားသူများ၏ ပါးစပ်ပြော ရာဇဝင်များကို ခပ်လွယ်လွယ် ရေးချင်စိတ် မရှိ၍ နိုင်ငံတော်လုပ်ကြံမှု၏ နောက်ကွယ်မှ ပဟေဠိလျှို့ဝှက်ချက်များကို ရင်ထဲမှာသာ သိမ်းဆည်းထားခဲ့ပါသည်။ နိုင်ငံတော်လုပ်ကြံမှု အမှုတွဲမူရင်း (သို့မဟုတ်) မိတ္တူမှန်အမှုတွဲကို ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်တဦး၏ ဂိုဒေါင်တလုံးစာမှှျှ ရှိသော စာအုပ်ပုံများထဲတွင် မြင်တွေ့ဖူးကြောင်း အဆိုပါ ခေါင်းဆောင်ကြီး၏ သွေးသားတဦးက စာရေးသူအား ပြောဖူးပါသည်။ ဆိုရှယ်လစ်ပါတီ၏ အတွင်းရေးများကို တူးဆွရမည့်ကိစ္စဖြစ်၍ အဆိုပါမိသားစုထံမှ အကူအညီ မတောင်းခံလိုတော့ပါ။
၁၉၆၃ ခုနှစ် သမ္မတကနေဒီ လုပ်ကြံသတ်ဖြတ်မှုတွင် လီဟာဗေးအော့စ်ဝဲ တဦးတည်း ဟုတ် မဟုတ် အမေရိကန် အစိုးရနှင့် ပြည်သူများသည် လုပ်ကြံသတ်ဖြတ်မှု မှတ်တမ်းများ ပြန်လည် စိစစ် သုံးသပ်ရေးအဖွဲ့ကို ပြန်လည်စစ်ဆေးရန် တာဝန်ပေးအပ်ခဲ့သလို လျှို့ဝှက်အထောက်အထား စာရွက် ၆ သောင်းအား ပြည်သူလူထုသို့ အသိပေး ပြသခဲ့သည့်အဖြစ်နှင့် မြန်မာနိုင်ငံ ပြည်သူများနှင့် ခေတ်အဆက်ဆက်အစိုးရတို့၏ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်များအား လုပ်ကြံမှုအပေါ် စိတ်ဝင်စားမှု အတိုင်းအတာသည် မနှိုင်းယှဉ်အပ်သော ကွာခြားမှုကဲ့သို့ ဖြစ်ရသည့် အကြောင်းတရားကိုလည်း အံ့သြရပါသည်။ ထိုကြောင့် ပို၍ စူးစမ်းဆင်ခြင်ရပါသည်။
၁၉၈၉/၉၀ ဝန်းကျင်က အင်းစိန်ထောင်ထဲတွင် ဗိုလ်စက်ရောင် ပြောပြခဲ့သော နိုင်ငံတော်လုပ်ကြံမှု တရားခံ အစစ် မူလဇစ်မြစ်ကို သူနှင့် သခင်ကြည်ရှိန် ပါးစပ်ပြောဖြင့် ဖော်ထုတ်ရန် ဆန္ဒမရှိသော စာရေးသူအတွက် ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းတွင် သာယာဝတီထောင်အတွင်းရှိ စာရေးသူထံ တိုက်ခန်းအတူနေ နိုင်ငံရေးအကျဉ်းသား ဦးမောင်မောင်အေး မိသားစုက ဖတ်ရှုရန် ပေးပို့လိုက်သော ဂျာနယ်ဟောင်းတစောင်မှ မမျှော်လင့်သော အထောက်အထားတခုကို စတင်ရရှိခဲ့ပါသည်။ ဗိုလ်စက်ရောင်နှင့် သခင်ကြည်ရှိန်တို့ နှုတ်မှပြောခဲ့သည့် စောရန်နောင်ဆိုသူ ဆိုရှယ်လစ်ပါတီ စစ်ရေးခေါင်းဆောင်၏ အကြောင်းသည် နိုင်ငံတော်လုပ်ကြံမှု အမှုတွဲတွင် စုံထောက်မင်းကြီး ဦးထွန်းလှအောင်အား ဦးစော၏ရှေ့နေ ကားတစ်ဘက်နက်(ဗာတာနစ်)၏ မေးမြန်းချက်နှင့် ဦးထွန်းလှအောင်၏ အဖြေတို့တွင် ပါဝင်နေကြောင်း အံ့သြစရာကောင်းလောက်အောင် ဆိုက်ဆိုက်မြိုက်မြိုက် သာယာဝတီထောင်ထဲရှိ စာရေးသူထံ ရောက်ရှိလာခဲ့ပါသည်။
“၃၀-၁၀-၄၇ ရက်စွဲပါ မြန်မာ့အလင်း သတင်းစာ မှတ်တမ်း၊ နိုင်ငံတော်လုပ်ကြံမှုကြီး၊ (ပြည်ထောင်စု နှင့် ဦးစော) သတင်းမှတ်တမ်းတင်၊ သတင်းထောက် မေမြို့ချစ်ဆွေ။
၂၀-၃-၂၀၁၁ တနင်္ဂနွေ Monitor (စာ-၁၄-၁၅)
“စုံထောက်မင်းကြီး ဦးထွန်းလှအောင်၏ အစစ်ခံ ထွက်ဆိုချက်”
တရားခံ ဦးစော၏ ရှေ့နေ(၁) Curtis Bennett (ကားတစ်ဘက်နက်) (၂) Vertanner (ဗာတာနစ်) တို့၏ မေးမြန်းချက်နှင့် ဦးထွန်းလှအောင်၏ အစစ်ခံ ထွက်ဆိုချက်
– ၁၉၄၇ ဇွန် ၄ ရက်မှာ စုံထောက်မင်းကြီး ဖြစ်ပါသည်။
စုံထောက်မင်းကြီး မလုပ်ရခင်က ရန်ကုန်တောင်ပိုင်း ဒုတိယရာဇဝတ်မင်းကြီး ဖြစ်ပါသည်။
– ပုလိပ်သပိတ် အင်အားမပြခင် အစည်းအဝေးတခု မြို့တော်ခန်းမမှာ လုပ်သေးသလား၊ ၎င်းအစည်းအဝေးမှာ ဦးအောင်ဆန်းက ဝမ်းမောင်အကြောင်းကို ပြောတယ်မဟုတ်လား။ … မမှတ်မိပါ။
– ဂျပန်ခေတ်တုန်းက သခင်ထွန်းအုပ်နဲ့ သခင်ဗစိန်တို့ကို ဗမာပြည်မှ နှင်ပစ်တယ် မဟုတ်လား။ … သူတို့နှစ်ယောက် ဗမာပြည်မှ ထွက်သွားကြတာကို သိပါတယ်။ သူတို့ကို ပြည်နှင်ဒဏ်ပေးတယ် မပေးဘူး မပြောတတ်ပါ။
– ပဲခူးဘက်မှာ စောရန်နောင်ဆိုတဲ့လ ူအကြောင်းကို သိပါသလား။ … စောရန်နောင်ကို ထွက်ပြေးမယ်လုပ်လို့ သေနတ်နဲ့ပစ်သတ်တာသာ တွေ့ရပါတယ်။ ပုလိပ်က ဖမ်းတာ မဟုတ်ပါ။ ပစ်ခတ်တဲ့အမှုကို ပုလိပ်က စုံစမ်းသေးသလား မသိပါ။
– စောရန်နောင်ကိုဘယ်သူဖမ်းသလဲ။ … သူ့ကို အရံပြည်သူ့ရဲဘော် အထူးပုလိပ်အဖွဲ့က ဖမ်းပါတယ်။
– တရားခံဦးစောရဲ့ အိမ်ကို ရှာဖွေပြီးတော့ အခြားခေါင်းဆောင်များရဲ့ အိမ်တွေကိုလဲရှာဖွေသေးတယ် မဟုတ်လား။ …. ရှာပါတယ်။ အရှာခံရတဲ့ အိမ်အချို့မှာ ဒေါက်တာဗမော်၊ သခင်ဗစိန်တို့လို ခေါင်းဆောင်တွေရဲ့ အိမ်အချို့ ဖြစ်ပါတယ်။
– အရှေ့ပိုင်း ရာဇဝတ်ဝန် အော်ဗရေးကို လက်ပစ်ဗုံးနဲ့ ပစ်သတ်တာ သိပါသလား။ … သိပါတယ်။ ထိုအခါတုန်းက ကျနော် တောင်ငူမှာ ရှိပါတယ်။
– ပထမ တရားခံဦးစောကို ၁၉၄၆ ခုနှစ် စက်တင်ဘာလတုန်းက သေနတ်နဲ့ အပစ်ခံရတာ သိပါသလား။ ….သိပါတယ်။
– ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှု ဖြစ်ပွားပြီးနောက် အားလုံးလူ ၈၀၀ ခန့် အဖမ်းခံရတယ် မဟုတ်လား။ … ၈၀၀ ခန့် ရှိပါတယ်။
– ဖဆပလ အဖွဲ့ချုပ်မှာ ဗိုလ်ချုပ်ဟာ ခေါင်းဆောင်မဟုတ်လား။ ….. ဟုတ်ပါတယ်။”
အထက်ပါ သတင်းစာမှတ်တမ်းဟောင်း တပိုင်းတစကို ဖတ်ရှုခွင့်ရသည့်အခါတွင်မှ စာရေးသူ သိရှိထားသော အချက်အလက်များကို အများပြည်သူသိရှိရန် လက်ဆင့်ကမ်း တင်ပြသင့်ပြီဟူသော ဆုံးဖြတ်ချက်ကို ချဖြစ်ခဲ့ပါသည်။
ထိုအချိန်မှစ၍ နိုင်ငံတော်လုပ်ကြံမှု သတင်းမှတ်တမ်းများကို လက်လှမ်းမှီသမျှ လေ့လာ ဖတ်ရှုခဲ့ပါသည်။ ဒေါက်တာမောင်မောင်သည် A Trial in Burma: The Assassination of Aung San စာအုပ်ကို နိုင်ငံခြားတွင် အင်္ဂလိပ်ဘာသာဖြင့် ၁၉၆၂ ခုနှစ်တွင် ထုတ်ဝေထားကြောင်း သိရပြီး “နိုင်ငံတော်လုပ်ကြံမှုကြီး” မြန်မာဘာသာဖြင့် မြန်မာနိုင်ငံတွင်း ထုတ်ဝေမှုကို ဖဆပလ အစိုးရနှင့် ဆိုရှယ်လစ်ခေါင်းဆောင်များ လက်ထက်တွင် ဤစာအုပ် ထုတ်ဝေနိုင်ခြင်း မရှိဘဲ နိုင်ငံတော်လုပ်ကြံမှု ဖြစ်ပွားပြီး ၂၁ နှစ်အကြာ ၁၉၆၈ ခုနှစ်တွင်မှ ထုတ်ဝေနိုင်သည်ကို သတိပြုစေလိုပါသည်။ ထိုစာအုပ်ရေးသူ ဒေါက်တာမောင်မောင်သည် မိမိတွေ့ရှိချက်ကို အကုန်အစင် မဖေါ်ထုတ်ဘဲ ချန်လှန်ထားခဲ့ဟန်ရှိပါသည်။ စာမျက်နှာ ၁၀၀ တွင် “မှတ်တမ်းတွေ ပျောက်ပျက်ကုန်လေပြီ။ ဗီဗြင်နှင့် ယန်းတို့အပေါ် စွဲဆိုခဲ့သော လက်နက်မှုခင်းအတွဲများ အင်းစိန်စစ်တလင်း၌ ဆုံးပြီ။ အသံလွှင့်ဌာန ညွှန်ကြားရေးဝန် ဦးခင်ဇော်က ရဲအရာရှိ ဦးဘသော်ထံမှ ရှားရှားပါးပါး သိမ်းဆည်းရရှိခဲ့သော လုပ်ကြံမှုကြီး၏ အမှုတွဲများ၊ ထိုအမှုကြီးမှ ပေါ်ပေါက်သော အယူခံအမှုတွဲများကို ဖရိုဖရဲ အကွဲကွဲ ဖြစ်နေရာက စုဆောင်း၍ တရားရုံးချုပ် မော်ကွန်းထိန်းခန်းတွင် ထားရှိပါ၏။ အနာဂတ်သုတေသီတို့ ဖတ်ရှုလေ့လာ၍ သင်ခန်းစာများ ကောက်ယူ ဖြန့်ဖြူးနိုင်ပါစေ” ဟု နောင်လာနောင်သားတို့အတွက် တာဝန်လွှဲထားခဲ့သည်ကို တွေ့ရပါသည်။
စာရေးသူသည် ဗိုလ်စက်ရောင်ပြောသော ဆိုရှယ်လစ်ပါတီ၏ လျှို့ဝှက်စစ်ရေးခေါင်းဆောင် စောရန်နောင်နှင့် ပတ်သက် ဆက်စပ်သမျှကိုလည်း ရှာဖွေခဲ့ပါသည်။ ဆိုရှယ်လစ်ပါတီတွင် တိုင်းအဆင့် ဝါဒမှူး တာဝန်ယူခဲ့ပြီး ဆိုရှယ်လစ်ပါတီ၏ အတွင်းရေးအချို့ကို ထုတ်ဖော်ရေးသားနေသူ ဦးသန်း(ကိုသန်း-ကြည့်မြင်တိုင်) “ကိုယ်တွေ့သိခဲ့ရသမျှ နိုင်ငံတော်လုပ်ကြံမှုကြီး” ရေးသူအား သတင်းထောက် မင်းအောင်ခိုင်နှင့်အတူ သွားရောက်တွေ့ဆုံ၍ စောရန်နောင်နှင့် ပတ်သက်သောကိစ္စရပ်များကို ဗိုလ်စက်ရောင်နှင့် သခင်ကြည်ရှိန်တို့ ပြောကြားချက်အတိုင်း စုံစမ်းမေးမြန်းခဲ့ပါသည်။ ဦးသန်းသည် မှတ်ဉာဏ်များ ကောင်းနေဆဲ ဖြစ်သော်လည်း၊ ကျန်းမာရေးမကောင်းသဖြင့် အိပ်ယာထဲတွင်နေလျက် စာရေးသူ သိလိုသမျှ အတတ်နိုင်ဆုံး ရှင်းပြခဲ့ပါသည်။ ဦးနုနှင့် ဦးကျော်ငြိမ်းတို့ အောင်ဆန်း-အက်တလီစာချုပ်ကိစ္စ အဆင်ပြေလျှင် လိမ္မော်သီး၊ အဆင်မပြေလျှင် သံပုရာသီးဟု ကြေးနန်းရိုက်ရန် စီစဉ်သော အကြောင်းအရာကိုပင် ဦးထွေးမြင့် ပြောမှသိတာမျိုးပင် ရှိပါသည်။ စောရန်နောင်ကိစ္စ သူမသိပါဟု “ကိုယ်တွေ့သိခဲ့ရသမျှ နိုင်ငံတော်လုပ်ကြံမှုကြီး” ရေးသူက ဖြေကြားတာ ကြုံခဲ့ရပါသည်။ ထို့ကြောင့် စာရေးသူကိုယ်တိုင် မေမြို့ချစ်ဆွေ၏ နိုင်ငံတော်လုပ်ကြံမှုကြီး၊ ပြည်ထောင်စုနှင့်ဦးစောတွင် စောရန်နောင်အကြောင်းကို မွှေနှောက် ရှာဖွေမှု ပြုခဲ့ပါသည်။
နိုင်ငံတော်လုပ်ကြံမှုကြီးအကြောင်း လေ့လာလျှင် စောရန်နောင်အကြောင်း မပါဘဲ မဖော်ပြပါဘဲနှင့် မဖြစ်နိုင်သည်ကို စာရေးသူ ရှာဖွေတွေ့ရှိပါသည်။ အမှုတွဲပါ ပညာရပ်ဆိုင်ရာ အသုံးအနှုန်းများကို ရှောင်ကွင်း၍ ဦးစော၏ အမှုတွင် ခုခံကာကွယ်မှု လမ်းကြောင်း (Line of Defence) သို့မဟုတ် ဦးစောအပေါ် ဖဆပလအစိုးရ (ဆိုရှယ်လစ်ခေါင်းဆောင်များ) ၏ နိုင်ငံရေးလုပ်ကြံရာတွင် အသုံးချခဲ့သည့် ဇာတ်ကောင်စောရန်နောင်နှင့် ဖော်ကောင်ဘညွှန့်တို့ ဇာတ်လမ်းတွဲသည် စာရေးသူတို့ မျက်ခြေမပြတ် စောင့်ကြည့်လေ့လာသင့်သော ဇာတ်ကောင်များဖြစ်ကြောင်း တွေ့ရှိလာရပါသည်။
(ဆက်လက်ဖော်ပြပါမည်)