Politics

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှု၏ နောက်ကွယ်မှ ပဟေဠိ ကွင်းဆက်များ (နိဂုံး)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့သော ဆောင်းပါးတွင် ဦးကျော်ငြိမ်းနှင့်ပတ်သက်၍ ဗိုလ်နေဝင်း၏ တုံ့ပြန်ဝေဖန်ချက်များကို တင်ပြခဲ့ပါသည်။ ဦးသန်း(ကိုသန်း- ကြည့်မြင်တိုင်) အပါအဝင် ဆိုရှယ်လစ်ပါတီ လူဟောင်းများဘက်ကမူ ဗိုလ်နေဝင်းအပေါ် စစ်ရေး နိုင်ငံရေးအရ လုံး၀ အထင်မကြီးသော ဝေဖန်စကားများကိုသာ စာရေးသူကြားခဲ့ဘူးပြီး ဖဆပလနှင့် ဆိုရှယ်လစ်အုပ်စုမှ စစ်ရေး နိုင်ငံရေးတွင် အမှန်တကယ် တန်ဘိုးထားသော စစ်ရေး နိုင်ငံရေး အနာဂတ်ခေါင်းဆောင် ဖြစ်လာနိုင်သူမှာ ဗိုလ်မောင်မောင်သာဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

ဦးသန်း၏ ကိုယ်တွေ့သိခဲ့ရသမျှ နိုင်ငံတော်လုပ်ကြံမှုကြီးစာအုပ်ပါ ဖော်ပြချက်အရ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်းက အနာဂတ်တပ်မတော် ခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့သော ဗိုလ်လက်ျာအား တပ်မတော်မှ အပြတ်မောင်းထုတ်ရန် မိတ္ထီလာ၌ ဆိုရှယ်လစ်များ ဦးစီး၍ ဟန်ပြဆန္ဒပြပွဲတခု ဖန်တီးခဲ့ကြောင်း၊ ယင်းဆန္ဒပြပွဲကို အကြောင်းပြု၍ ဗိုလ်လက်ျာကို မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် ၂ ပတ်သာ ထား၍ ၎င်းနေရာတွင် ဆိုရှယ်လစ်များအလိုကျ ဗိုလ်မောင်မောင်ကို တိုင်းမှူးခန့်ခဲ့ကြောင်း ဖော်ပြထားပါသည်။

DSC_4609

စာရေးသူသည် ရှစ်လေးလုံး အရေးတော်ပုံ ကာလတွင် BBC နှင့် ဆက်သွယ်၍ သတင်းများကို ပေးပို့ခဲ့ သောကြောင့် စစ်အစိုးရက ထောင်ချခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာ လတွင် နောက်ဆုံး အကြိမ် ထောင်မှ ပြန်ထွက်လာသည်။ ယခုအခါ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး သမိုင်းဆိုင်ရာ သုတေသန ပြုစုချက်များ ရေးသားနေသည်။

ဗိုလ်ကျော်ဇော၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်နှင့် ဦးသန်း၏ စာအုပ်ကို ပေါင်းစပ် လေ့လာလိုက်သောအခါ ဗိုလ်ကျော်ဇောသည် ၁၉၄၉ ဖေဖော်ဝါရီလဆန်းတွင် မြောက်ပိုင်းတိုင်းမှူးမှ တောင်ပိုင်းတိုင်း ဗိုလ်မှူးချုပ်အောင်သင်းနေရာ လွှဲပြောင်းလက်ခံရယူစဉ် ပထမဦးစွာ မြောက်ပိုင်းတိုင်းမှူးနေရာကို ကာကွယ်ရေးဝန်ကြီးနေရာမှ နှုတ်ထွက်ပေးခဲ့ရသော ဗိုလ်လက်ျာအား တာဝန်ပေးခဲ့ကြောင်း၊ ဗိုလ်လကျ်ာကို ဆိုရှယ်လစ်ဦးသန်းတို့ ဆန္ဒပြပွဲလုပ်၍ နှင်ထုတ်သဖြင့် တိုင်းမှူးသက်တမ်း ၂ ပတ်ခန့်သာခံ၍ ရန်ကုန်စစ်ရုံးသို့ ပြန်သွားခဲ့ရကာ မြောက်ပိုင်းတိုင်းမှူးနေရာကို ဆိုရှယ်လစ် ဗိုလ်မောင်မောင်က ၁၇-၂-၄၉ ရက်တွင် ရခဲ့ကြောင်း သိရှိရပါသည်။ ၁၉၄၉ ဖေဖော်ဝါရီ တတိယပတ်အတွင်း ဗိုလ်မောင်မောင် မြောက်ပိုင်းတိုင်းမှူး ရာထူးရသည်ဟု ဆိုနိုင်ပါသည်။

အဆိုပါ မြောက်ပိုင်းတိုင်းမှူး ဆိုရှယ်လစ်ဗိုလ်မောင်မောင်သည် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် ဝန်းကျင်တွင် မိတ္ထီလာကို ကေအင်ဒီအိုသိမ်းစဉ် အဖမ်းခံသွားခဲ့ရကာ ၁၉၅၁ ခုနှစ် သြဂုတ်လ ၂၁ ရက်တွင်မှ ဗိုလ်မှူးချုပ်ကျော်ဇောဦးဆောင်၍ ကြည်းတပ် လေတပ် ပူးပေါင်းစစ်ဆင်ရေးနှင့် ရန်ကုန်ဘဆွေ၏ အရပ်သားပျောက်ကျားတပ်ဖွဲ့များက ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရကြောင်း မှတ်တမ်းများအရ သိရပါသည်။ ဗမာ့တပ်မတော်မှ တိုင်းမှူးအဆင့်ရှိသူ ဗိုလ်မှူးကြီးသည် ကရင်သူပုန်များလက်တွင်း ၂ နှစ်ခွဲခန့် စစ်သုံ့ပန်းဖြစ်ခဲ့ရပြီး ပြန်လွတ်လာသောအခါတွင်လည်း ဗိုလ်မှူးချုပ်အဆင့်သို့ပင် ရာထူးတိုးမြှင့်ခံရသည်မှာ ဆိုရှယ်လစ်များ အားကိုးမျှော်လင့်ခြင်းကြောင့် မှတပါး အခြားမဖြစ်နိုင်ပါ။

ဗိုလ်မောင်မောင်သည် ၂ ရက်ကျော်သာ တိုင်းမှူးဖြစ်ရပြီး ကရင်သူပုန်လက်ထဲ၂ နှစ်ခွဲခန့် စစ်သုံ့ပန်းဘ၀ ရောက်ရှိခဲ့ရခြင်းသည် ဗိုလ်လက်ျာအား ၂ ပတ်ခန့်သာ တိုင်းမှူးဘဝခံအောင် ဆိုရှယ်လစ်ဆရာကြီးများ၏ ဉာဏ်လှည့်စားမှုအပေါ် ကံဇာတ်ဆရာက မမျှော်လင့်ထားသော ကြိုးဆွဲကပြမှုဖြင့် ချိုးကွေ့လိုက်ခြင်းဖြစ်သည်။ ပြည်တွင်းစစ်သမိုင်းတွင် သင်ခန်းစာယူသင့်သည့် ဇာတ်ကွက်ဖြစ်ပါသည်။ ဆိုရှယ်လစ်များ မည်မျှဉာဏ်များသော်လည်း ကံဇာတ်ကွက်ဆရာ အလိုကျ ဆိုရှယ်လစ်တပ်မှူးများ ၄-၄-၆၀ နောက်ပိုင်းတွင် ကံကုန်၍ ဇာတ်သိမ်းသွားပုံမှာလည်း မြန်မာ့နိုင်ငံရေးသမိုင်းစဉ် အလှည့်အပြောင်းတွင် မှတ်သားဖွယ် ကောင်းလှပါ၏။

ဗိုလ်မောင်မောင်အား ၎င်း၏သေဘော်သေဘက် ရဲဘော်အရင်းအခြာ ရန်ကုန်ဘဆွေက အရပ်သားပျောက်ကျားတပ်ဖွဲ့ဖြင့် တပ်မတော်ကြည်းနှင့် လေ ပေါင်းစပ်ထိုးစစ်တွင် ထူးထူးခြားခြား ပါဝင်ကယ်တင်ခဲ့ကြောင်း ဗိုလ်ကျော်ဇော၏ (အတ္ထုပ္ပတ္တိစာ-၁၄၈-၁၄၉) တွင် လေ့လာဖတ်ရှုနိုင်ပါသည်။ ရန်ကုန်ဘဆွေရေးသော “ချီလေသော်လည်း” နှင့် “တိုက်ယူရတဲ့ မျက်ရည်တပေါက်” စာအုပ်များသည်လည်း  ရန်ကုန်ဘဆွေနှင့် ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့၏ ဆက်စပ်မှုကို သိရှိနိုင်သော အထောက်အထားများဖြစ်၍ တပ်မတော်သမိုင်း စာအုပ်ကျမ်းကိုးစာရင်းတွင်လည်း ရန်ကုန်ဘဆွေ၊ ဦးမြလှိုင်၊ ဗိုလ်မောင်မောင်တို့ရေးသော အဆိုပါစာအုပ်များ ပါဝင်သည်ကို သတိပြုသင့်ပါသည်။

ကေအင်ဒီအို လက်တွင်း ၂ နှစ်ခွဲကျော် စစ်သုံ့ပန်းဘ၀ နေခဲ့ရသော ဗိုလ်မောင်မောင်၏ အဖြစ်ကို  ယူကြုံးမရ ခံစားရသည့် ဆိုရှယ်လစ်အုပ်စုသည် ရဲဘော်သုံးကျိပ်ဝင်ထဲမှ စစ်ရေးနှင့်ပတ်သက်၍ သုံးမရသော ဗိုလ်နေဝင်း၊ မိမိတို့ ဆိုရှယ်လစ်ဂိုဏ်းဝင်ဖြစ်အောင် စည်းရုံးမရသော ဗိုလ်ကျော်ဇောတို့ကို အားမကိုးတော့ဘဲ မိမိတို့ကိုယ်တိုင် စစ်တက္ကသိုလ်ထူထောင်၍ စိတ်တိုင်းကျ စစ်ဗိုလ်များမွေးထုတ်ရန် ၁၀-၁၁-၅၂ တွင် ဗိုလ်အောင်ကြီးက သဘာပတိပြုလုပ်၍ အတွင်းရေးမှူး ဗိုလ်ထွန်းအုံနှင့် ဗိုလ်မောင်မောင်၊ ဗိုလ်သောင်းကြည်၊ ဗိုလ်အောင်စိုး၊ ဗိုလ်ဘသန်း၊ ဗိုလ်မောင်မောင်လေးတို့ ပါဝင်သော အစည်းအဝေးမှ စစ်တက္ကသိုလ် ရေးဆွဲရေးတာဝန်ကို စစ်သုံ့ပန်းဖြစ်ခဲ့သူ ဗိုလ်မှူးကြီးမောင်မောင်အား ဦးဆောင်ရန် တာဝန်ပေးခဲ့ပါသည်။

ထို့နောက် စစ်တက္ကသိုလ် အကောင်အထည်ဖော်ရေးအဖွဲ့ကို ၁၉၅၃ မေလတွင် ကာကွယ်ရေးဝန်ကြီး  ဆိုရှယ်လစ်ဦးဗဆွေက တရားဝင်ဖွဲ့စည်းပေးခဲ့ပါသည်။ စစ်တက္ကသိုလ်ဖွဲ့စည်းရေး အထူးကော်မတီကို ဗိုလ်မှူးချုပ်မောင်မောင်အား ဦးဆောင်ဖွဲ့စည်းစေခဲ့ပါသည်။ ဤသို့ဖြင့်စစ်တက္ကသိုလ်ကို ပထမဆုံး မျိုးစေ့ချပျိုးထောင်ခဲ့သော အဆိုပါဦးဆောင်ကော်မတီ၏ ခေါင်းဆောင်မှာ ဗိုလ်မှူးချုပ်မောင်မောင် ဖြစ်လာခဲ့ပါသည်။ အဆိုပါစစ်တက္ကသိုလ်မှ နောင်တွင် ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘစသော အနာဂတ်စစ်ခေါင်းဆောင်များကို ဦးစွာပထမ မွေးထုတ်ပေးခဲ့နိုင်ပါသည်။ စစ်တက္ကသိုလ် ပထမဆုံးကျောင်းအုပ် တာဝန်ယူရသော ဗိုလ်မှူးကြီးကျော်စိုးမှာ ဆိုရှယ်လစ်ဂိုဏ်းသား အမာခံတစ်ဦးဖြစ်ကြောင်း ဗိုလ်ကျော်ဇော၏ စာအုပ်တွင်ဖော်ပြပါရှိသကဲ့သို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦး အား  ၇-၇-၆၂ ညအချိန် ဗုံးခွဲဖျက်ဆီးမှုတွင် ဖြေရှင်းရန် အဓိက တာဝန်ရှိသူများထဲမှ တဦးလည်း ဖြစ်ပါသည်။

အထက်ပါ မြန်မာ့နိုင်ငံရေးဖြစ်စဉ် မှတ်တိုင်များကိုကြည့်ရှု့လျှင် ဆိုရှယ်လစ်ပါတီသည် ပြည်သူ့အရေးတော်ပုံပါတီဘဝမှစ၍ လက်နက်ကိုင်တပ်ကို ထာဝစဉ်လက်ဦးမှုရှိရှိ ရယူနိုင်ရေးဦးတည်ချက်ကို အမြဲမပြတ်ဆောင်ရွက်ခဲ့သည်ကို တွေ့နိုင်မည်ဖြစ်ပါသည်။ ယင်းကဲ့သို့ဆောင်ရွက်ရန် ဥပဒေအတွင်း၊ ဥပဒေပ နည်းပေါင်းစုံကျင့်သုံးရန် ဝန်မလေးဘဲ ဥပဒေပ လုပ်ဆောင်မှုနှင့်ပတ်သက်၍ ရန်ကုန်ဘဆွေက ဦးဆောင်လုပ်ဆောင်ရန် တာဝန်ယူထားပုံ ရပါသည်။

ဦးစောကို ဟန်ပြလုပ်ကြံမှုတွင် ရန်ကုန်ဘဆွေ ကျူးလွန်ခဲ့သလို နောင်တွင် နိုင်ငံအကြီးအကဲ ဖြစ်လာနိုင်သော ဦးနူအား ရန်ကုန်ဘဆွေကပင် လုပ်ကြံရန် ကြိုးစားခဲ့ပုံကို သခင်သန်းထွန်းကိုယ်တိုင် ပဲခူးရိုးမ ဘဝဟစ်တိုင်လှုပ်ရှားမှုမိန့်ခွန်းတွင် ထုတ်ဖော်ပြောကြား ထားကြောင်း ဆောင်းပါးရှင်ကိုစိုးမြင့်သိန်းက ၁၃-၃-၂၀၁၄ ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ထုတ်ဖော်ရေးသား ထားပြီး ဖြစ်ပါသည်။

ဗိုလ်မောင်မောင် ကယ်တင်ရေး တပ်မတော်ကြည်းနှင့် လေထိုးစစ်တွင် ရန်ကုန်ဘဆွေ၏ ဥပဒေပြင်ပဖွဲ့စည်းခဲ့သော အရပ်သားပျောက်ကြားတပ်ဖွဲ့များ သုံးခဲ့သည်ကိုလည်း ဗိုလ်ကျော်ဇော၏ စာအုပ်တွင် တွေ့နိုင်ပါသည်။ ဗိုလ်မောင်မောင်၊ ရန်ကုန်ဘဆွေတို့သည် တွဲဖက်၍ ရဲဘော်သုံးကျိပ် မြန်မာပြည်မဝင်ခင်ကပင် အင်္ဂလိပ်တော်လှန်ရေးလုပ်ငန်းများ လုပ်ခဲ့ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဥပဒေနှင့်ဆန့်ကျင်သော လုပ်ကြံမှုများကို ပညာသားပါပါ လုပ်ဆောင်မှုများရှိခဲ့၍ ဗိုလ်စက်ရောင်က ဆိုရှယ်လစ်တွေမဟုတ်တာလုပ်မှန်း ငါတို့သိတယ်။ ဒါပေမယ့် ငါတို့က ပေါ်အောင်မဖော်တတ်ဘူးဟု ပြောခဲ့သည်။ ဥပဒေပညာရှင်ဒေါက်တာဘမော်သည် နိုင်ငံ၏ အဓိပတိ ရာထူးရထားသူဖြစ်ပါလျက် မိမိအားလုပ်ကြံသူများကို တိတိကျကျ မဖော်ထုတ်နိုင်ခဲ့ပါ။ ဝန်ကြီးချုပ်ဖြစ်လာမည့်ဦးနုသည် မိမိအား ဆိုရှယ်လစ်ဂိုဏ်းသား ရန်ကုန်ဘဆွေတို့အုပ်စု လုပ်ကြံရန်ကြိုးစားမှုနောက်ကွယ်မှ အစစ်အမှန်တရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိခဲ့ပါ။ ထို့အတူ ရှေ့နေဦးစောသည် မိမိအား လုပ်ကြံသူသည် အစစ်အမှန်မည်သူဖြစ်သည်ကို မဖော်ထုတ်နိုင်ဘဲ ဦးအောင်ဆန်း၏လူများဟု  အထင်အမြင်လွဲမှားအောင် လုပ်ခြင်းခံလိုက်ရသည်ကိုသာ မိမိကိုယ်တိုင် ပြစ်မှုကျူးလွန်ပြီးမှ သိလိုက်ရသည်။ ဖဆပလအစိုးရကိုယ်တိုင် မိမိအပေါ်အမှုဆင်ခြင်းကို မိမိခံလိုက်ရကြောင်း အစစ်ခံထွက်ဆိုခဲ့သော်လည်း ခိုင်လုံအောင် သက်သေမပြနိုင်ခဲ့ချေ။

သခင်စိုးက ဗိုလ်ချုပ်အား ကိုယ်တိုင်သတ်သူများမှာ ဦးစော၏လူများဖြစ်သော်လည်း လုပ်ကြံမှုကြီး၏ တရားခံဇစ်မြစ်မှာ ဆိုရှယ်လစ်များဖြစ်သည်ဟု ပြောခဲ့သည်။ ဂျပန်တော်လှန်ရေးအပြီးတွင် ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံ ပါတီတို့ တော်လှန်ရေးတပ်ဦးအဖြစ် ပူးပေါင်းဖွဲ့စည်းရန် ၂ ပါတီ စီစဉ်ကြသောအခါ ကွန်မြူနစ်ပါတီဘက်မှ ဦးကျော်ငြိမ်းနှင့်ရန်ကုန်ဘဆွေကလွဲ၍ ကျန်သူများနှင့် ပူးပေါင်းနိုင်ကြောင်း ကြေငြာခဲ့သဖြင့် တော်လှန်ရေး တပ်ဦးဖွဲ့ရန် အစီအစဉ်ပျက်ခဲ့ရသည်ဟု သခင်တင်မြ၏ ဘုံဘဝမှာဖြင့် စတုတ္ထတွဲနှင့် တပ်မတော်သမိုင်း တတိယတွဲတွင် လေ့လာ ဖတ်ရှုရပါသည်။ ဘုံဘဝမှာဖြင့် ရေးသူ သခင်တင်မြ တယောက် သက်ရှိထင်ရှား ကျန်ရှိသေးသည်။ ဦးကျော်ငြိမ်း၊ ရန်ကုန်ဘဆွေတို့အကြောင်းကို ကောင်းစွာသိသူဖြစ်သော်လည်း ဒေါက်တာဘမော်၊ ဦးစော၊ သခင်နု၊ ဗိုလ်စက်ရောင်တို့ကဲ့သို့ အကျိုးကိုသိသော်လည်း အကြောင်းရင်း မဖော်ထုတ်နိုင်၍လား မဖော်ချင်တော့၍လား မသိပါ။ မသေခင် ရှင်းနိုင်သမျှ ရှင်းပြခဲ့လျှင် စာရေးသူအပါအဝင် နောင်လာနောင်သားများအတွက် သင်ခန်းစာ ယူစရာ၊ သံဝေဂ ရစရာများ ရနိုင်ကောင်းသည်။

ဦးသန်း၏ နိုင်ငံတော်လုပ်ကြံမှုကြီးစာအုပ် စာမျက်နှာ ၂၄ တွင်မူ ဗိုလ်ချုပ်ကို အသိမပေးဘဲ ဦးကျော်ငြိမ်းက ဆိုရှယ်လစ်ပါတီဌာနချုပ်၊ ပြည်သူ့ရဲဘော်အဖွဲ့ချုပ်တို့နှင့် တိုင်ပင်ပြီး ရဲဌာနချုပ်နှင့်ညှိကာ ရန်ကုန်ဘဆွေ၏ (ဖျာပုံမှ) ရဲဘော် ၂ ဦး တို့ကို တာဝန်ပေးခဲ့ဖူးကြောင်း၊ သူတို့သည် ခြောက်လုံးပြူးနှင့် ပစ္စတိုတို့ကို ၁၀ ချက်ပစ်လျှင် ၈ ချက်လောက် ပစ်မှတ်ကို ထိမှန်အောင်ပစ်နိုင်သူ လက်ဖြောင့်သေနတ်သမားများဖြစ်ကြောင်း၊ ဗိုလ်ချုပ်သိသွားပြီးနောက် မလိုအပ်ဟုဆိုခြင်းကြောင့် သူ့ကိုစောင့်ရှောက်နေသည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရကြောင်း ဖော်ပြထားပါသည်။ အဆိုပါ ရန်ကုန်ဘဆွေ၏ တပည့်နှစ်ယောက်နာမည်ဝှက်မှာ ရဲဘော်ဘတုတ်နှင့် ရဲဘော်ရဲမြင့်ဟုခေါ်ပြီး ဖျာပုံခရိုင်အတွင်း အလံနီများသတ်၍ သေဆုံးသွားကြပြီဟု ပဲခူးတွင်အသတ်ခံရသော စောရန်နောင်ကဲ့သို့ပင် အစရှာမရအောင် ဦးသန်း၏ စာအုပ်တွင် ဇာတ်သိမ်းထားပါသည်။

ဗိုလ်ချုပ်တို့ကျဆုံးပြီး နှစ်ပေါင်း ၆၃ နှစ်ကြာမှ ၂၀၁၀ တွင် ထုတ်ဝေသော လုပ်ကြံမှုဆိုင်ရာ ကိုယ်တွေ့များတွင် ရန်ကုန်ဘဆွေ၏ တပည့်များကို ဗိုလ်ချုပ်အနီး၌ ဦးကျော်ငြိမ်း တာဝန်ချထားပေးကြောင်း ထုတ်ဖော်ရေးသားထားသော်လည်း လုပ်ကြံမှုကြီး စတင်ဖြစ်ပေါ်အောင် လုပ်ဆောင်ခဲ့သည့် ဆိုရှယ်လစ်ပါတီ ဗဟိုဦးစီးအဖွဲ့ဝင်၊ ရန်ကုန်ဘဆွေက ပြည်သူ့ရဲဘော်ယူနီဖောင်းဝတ်၍ ပြည်သူ့ရဲဘော်တပ်ဖွဲ့မှ ဂျစ်ကားစီးပြီး ဦးစောအား မထိတထိ ရန်စလုပ်ကြံခဲ့မှုအကြောင်း တလုံးတပါဒမျှမဖော်ပြဘဲ ယနေ့တိုင်ထိန်ချန်ထားမှုကြောင့် ၎င်းစာအုပ်၏ ဖော်ပြပါရှိချက်များမှာ အထူးဂရုပြုဆင်ခြင်ပြီးမှ လက်ခံသင့်သည်ဟု ယူဆပါသည်။

ဦးသန်း၏စာအုပ်တွင် အဓိက မှီငြမ်းပြုသောအချုက်များကို မူလရေးသားသူ ဗိုလ်မှူးချုပ်မောင်မောင်မှာ ဗိုလ်အောင်ကြီး၊ ရန်ကုန်ဘဆွေတို့နှင့် တွဲဖက်၍ ကိုလိုနီနယ်ချဲ့အစိုးရအား ပြည်တွင်းမှ လက်နက်ကိုင်တော်လှန်ရသည့်ကိစ္စများတွင် အတူလုပ်ဆောင်ခဲ့သူသာ ဖြစ်ပါသည်။ ဗိုလ်မောင်မောင်သည် ၁၉၅၈ ခုနှစ်တွင် ဗိုလ်အောင်ကြီးနှင့်အတူ စစ်တပ်ဖြင့် ဆိုရှယ်လစ်ခေါင်းဆောင်များအတွက် ဝန်ကြီးချုပ်ဦးနုထံမှ အာဏာသိမ်းရန် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါသည်။ အဆိုပါ၁၉၅၈ ခုနှစ် စစ်တပ်ဖြင့် အာဏာသိမ်းရန် ကိစ္စတွင်ဗိုလ်နေဝင်းသည် ဦးဆောင်ပါဝင်သူမဟုတ်ပေ။ အခြေအနေအရပ်ရပ်ကို နှစ်ဖက်ခွ၍ စောင့်ကြည့်နေရသူတဦးသာ ဖြစ်ပါသည်။ ဝန်ကြီးချုပ်ဦးနုက လိမ္မာပါးနပ်စွာ သမိုင်းဝင်မည့်စာ၂ စောင် အပြန်အလှန်ရေးဟန်ပြု၍ ဦးနေဝင်းအား အာဏာလွှဲအပ်သည့် အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြင့် ဗိုလ်မောင်မောင်တို့ အာဏာသိမ်းအစီအစဉ် ပျက်ယွင်းသွားစေခဲ့ပါသည်။

ဆိုရှယ်လစ်အုပ်စု တပ်မှူးများနှင့် ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ဦးနုအစိုးရကြားတွင် ဗိုလ်နေဝင်းကလည်း လိမ္မာပါးနပ်စွာ တပ်မတော်တွင်းမှ မိမိအတွက် အန္တရာယ်ရှိသော ဆိုရှယ်လစ်တပ်မှူးများကို ရှင်းထုတ်လိုက်ခြင်းဖြင့် ဉာဏ်များလှသော ဗိုလ်မောင်မောင်တို့ ကံမကောင်းအကြောင်းမလှစွာဖြင့် တပ်မှထွက်ခဲ့ရရုံမက မြန်မာနိုင်ငံတွင်းကပါ ယဉ်ကျေးသိမ်မွေ့စွာ သံအမတ်အဖြစ် ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရပါသည်။ ရဲဗိုလ်ချုပ် ဦးထွန်းလှအောင်အား စစ်သံမှူးအဖြစ် မြန်မာနိုင်ငံမှ ယဉ်ကျေးစွာ နှင်ထုတ်ခဲ့သော ဆိုရှယ်လစ်တပ်မှူးများသည် ဝိဘက်ကြမ္မာငင်ပြီး ၁၉၆၀ မှစ၍ မြန်မာ့နိုင်ငံရေး အသိုင်းအဝန်းမှ ကင်းပြတ်သွားအောင် ဗိုလ်နေဝင်းက နိုင်ငံရပ်ခြားသို့ သံတမန်အဖြစ် ပို့လွှတ်ခံခဲ့ရာမှ ဗိုလ်မောင်မောင်အပါအဝင် ဆိုရှယ်လစ်တပ်မှူးများစွာလည်း ပြည်ပသို့ အပြီးအပိုင် ထွက်ခွာသွားကြရသည့် အခြေသို့ဆိုက်ရောက်ခဲ့သည်။ ပြည်တွင်း၌ ကျန်ရှိခဲ့သော ဗိုလ်အောင်ကြီးအပါအဝင် ဆိုရှယ်လစ် တပ်မှူးများမှာလည်း ဗိုလ်နေဝင်း၏ ဖမ်းဆီးထောင်ချမှု၊ စောင့်ကြည့်ခံရမှုများနှင့် နိုင်ငံရေးလောကမှ ခပ်ဝေးဝေး ရှောင်တိမ်းနေရသော ဘဝဖြင့် နိဂုံးချုပ်သွားခဲ့ကြရပါတော့သည်။ နိုင်ငံရေးလောကသို့ ပေါ်ပေါ်ထင်ထင် ဝင်ရောက်ခြင်းမရှိဘဲ စာရေးဆရာဘဝဖြင့် ရပ်တည်သော ရန်ကုန်ဘဆွေကိုပင် ဗိုလ်နေဝင်း အလွတ်မပေးဘဲ ထာဝရစောင့်ကြည့်ခဲ့ရာ အစောင့်များ ၎င်းပတ်ဝန်းကျင်တွင ်ထားရှိကြောင်း ရန်ကုန်ဘဆွေကိုယ်တိုင် ထုတ်ဖော်ပြောကြားသည်ကို သိရှိသူများကတဆင့် စာရေးသူ မှတ်သားခဲ့ဖူးပါသည်။

အထက်ပါမှတ်တမ်းများအရ ဦးနေဝင်းသည် ဦးကျော်ငြိမ်း၊ ရန်ကုန်ဘဆွေ၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့နှင့် တွဲခဲ့ဘူးသော်လည်း ၁၉၄၅ မှ ၁၉၆၀ အတွင်း ဆိုရှယ်လစ်ဂိုဏ်းအတွင်း တပည့်တယောက်ပုံသွင် ဆိုရှယ်လစ်တို့ကို မချစ်သော်လည်း အောင့်ကာနမ်းရသည့် အနေအထားဖြင့် ဆက်ဆံခဲ့ရသူသာဖြစ်သည်ဟု မှတ်ယူနိုင်ပါသည်။ ထို့ကြောင့် ၁၉၄၅-၁၉၆၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဆိုရှယ်လစ်ဂိုဏ်း၏ နိုင်ငံရေးလုပ်ကြံမှုများတွင် ဦးနေဝင်းပါဝင်ပတ်သက်သည်ဆိုလျှင် နောက်ကွယ်မှ ပူးတွဲကြံရာပါ တပည့်အဆင့်သာ ရှိပါမည်။ အဓိက ဦးဆောင်လမ်းညွှန်မှုပြုသူများမှာ ဦးကျော်ငြိမ်း၊ ရန်ကုန်ဘဆွေ၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ လေးဦးဂိုဏ်းသာဖြစ်မည်ဟု ယူဆရပါသည်။

ဦးနေဝင်းအနေဖြင့် ၁၉၆၂ မှ ၁၉၉၂ ခုနှစ် ဗိုလ်ချုပ်မှူးကြီးစောမောင် ဖြုတ်ထုတ်ခံရသည့် အချိန်အတွင်း နိုင်ငံရေးလုပ်ကြံမှုများတွင်သာ ဦးစီးခေါင်းဆောင် အဓိက တာဝန်ရှိသူအဖြစ် သတ်မှတ်မည်ဆိုလျှင် ယင်းကောက်ချက်သည်သာ တရားနည်းလမ်းတကျဖြစ်မည်ဟု ဆိုချင်ပါသည်။ စာရေးသူလေ့လာတွေ့ရှိသော နိုင်ငံတော်လုပ်ကြံမှုကြီးနောက်ကွယ်မှ ပဟေဠိ ကွင်းဆက်မှတ်တမ်းများကို စာဖတ်သူများ လေ့လာဆန်းစစ်၍ နိုင်ငံရေး အတွေးအမြင် ရင့်ကျက်စေပြီး ဘဝခရီးလျှောက်လှမ်းရာတွင် မကောင်းမှုရှောင် ကောင်းမှုဆောင်ရန် အနည်းငယ်မျှ အထောက်အပံ့ဖြစ်စေသည်ဆိုလျှင်ပင် ဤစာကို ရေးရကျိုးနပ်ပြီဟု ယူဆပါသည်။

စာဖတ်ရှုသူအားလုံးအား မေတ္တာရပ်ခံလိုပါသည်။ သမိုင်းအမှားများပါရှိလျှင် ထောက်ပြပြင်ဆင်ပေးစေလိုပါသည်။ လိုအပ်ချက်များတွေ့ရှိလျှင် ထပ်မံဖြည့်စွက်ပေးစေလိုပါသည်။ ကျနော်တို့သည် သမိုင်းမှန်များကိုသာ အနာဂတ်လူငယ်များအတွက် လက်ဆင့်ကမ်း အမွေပေးခဲ့ကြရန် တာဝန်ရှိပါသည်။ သမိုင်းမှန်ကို ဖော်ပြရာတွင် နစ်နာသည်ဟု ခံစားရသူများရှိပါက အနူးအညွတ် ခွင့်လွတ်ပါရန် တောင်းပန်အပ်ပါသည်။ ပညာနှင့် သတိကြီးသူများ ဖြစ်ကြပါစေ။

Did you find apk for android? You can find new Free Android Games and apps.
Loading