ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းဒေါင်းနယ်ရှိ ဘန့်မိုင်ဆာမာခီဆိုတဲ့ ကျေးရွာရဲ့ ခြံဝန်းကြီးတခုထဲမှာ ထူးထူးခြားခြား အုတ်ဂူတခုကို တွေ့ရပါတယ်။ ထိုင်းဘုရင်မင်းမြတ်က မြန်မာနိုင်ငံက ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည် တွေအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က နေထိုင်ခွင့်ပြုပြီး တည်ပေးခဲ့တဲ့ ဘန့်မိုင်ဆာမာခီရွာမှာတွေ့ရတဲ့ အုတ်ဂူမှာ အောက်ပါအတိုင်း ရေးထား ပါတယ်။
“အဘွား အော်ဟစ်ဆူပူတိုင်း ကျနော်/ကျမတို့ ထွက်ပြေးခဲ့ကြတယ်။ ဒါပေမယ့် ညတိုင်း အဘွား နားမှာပဲ အားလုံး နေခဲ့ကြပါတယ်။
နေ့တိုင်း အဘွားရဲ့ ပြင်းထန်တဲ့ စကားလုံးတွေကြောင့် ငိုခဲ့ကြရပါတယ်။ ဒါပေမယ့် နံနက်တိုင်း ဘာဂျာသံတွေနဲ့ ကျနော်/ကျမတို့ကို သက်သောင့်သက်သာ ဖြစ်စေခဲ့ပါတယ်။
အဘွားက ကျနော်/ကျမတို့ကိုကြံ့ခိုင်ဖို့၊ ပညာရှိဖို့၊ နူးညံ့သိမ်မွေ့ဖို့နဲ့ သတိထားတတ်ဖို့ သင်ပေးခဲ့ပါတယ်။
ကျနော်/ကျမတို့ရဲ့ ချစ်လှစွာသော ဆရာ၊ အဘွား၊ ကျနော်/ကျမတို့ကို လှုံ့ဆော်ပေးနိုင်ခဲ့သူ
အဘွားသို့ …
အဘွားကို များစွာသော ချစ်ခြင်းဖြင့်”
အုတ်ဂူအတွင်းမှာ လှဲလျောင်းကာ ခရစ်တော် ထံပါး အိပ်စက်အနားယူနေသူကတော့မြန်မာ့သမိုင်း စာမျက်နှာ ထဲက လွတ်လပ်ရေးဖခင်ကြီး အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ဓာတ်ပုံထဲမှာတွေ့ရတဲ့ ကချင်အမျိုးသမီး ၆ ဦး အနက် တဦးဖြစ်သူ လဖိုင်နဲမ်ရာ (Laphai Nem Ra) (အသက် ၈၁ နှစ်) ဆိုသူပါပဲ။
အသက် ၃၂ နှစ်ကျော်အရွယ်မှာလုပ်ကြံသတ် ဖြတ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို သက်ရှိထင်ရှား ရှိစဉ် ကာလကရိုက်ကူး မှတ်တမ်းတင်ထားခဲ့ကြတဲ့ သမိုင်းဝင် ဓာတ်ပုံ၊ မှတ်တမ်းတွေထဲမှာ မြင်ကြ၊ တွေ့ကြရတဲ့ အခါ ပြုံးရယ်တဲ့ ဓာတ်ပုံဆိုတာမရှိသလောက်ကို ရှားပါးလွန်းပါတယ်။
ဒါပေမယ့် သွားပေါ်အောင် ပြုံးရယ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ကချင်အမျိုးသမီးတွေနဲ့တွဲ ရိုက်ထားတဲ့ သမိုင်းဝင် ဓာတ်ပုံတပုံကတော့ တွေ့ရသမျှမှတ်တမ်းဓာတ်ပုံတွေထဲမှာ အထူးခြားဆုံးထဲက တခုလို့ ပြောရမယ် ထင်ပါတယ်။
ဒီဓာတ်ပုံကို ပြည်နယ်၊ ပြည်မ အတူတွဲလျက် ဗြိတိသျှ ကိုလိုနီအစိုးရထံက လွတ်လပ်ရေး ရယူရေး ကချင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ကချင်ပြည်နယ်ကို ၁၉၄၆ ခုနှစ်က ဗိုလ်ချုပ်အောင် ဆန်း သွားရောက်စဉ်က ရိုက်ကူးခဲ့တာပါ။
ပြုံးရွှင်ရယ်မောနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူဓာတ်ပုံထဲမှာတွေ့ရတဲ့ ကချင်အမျိုး သမီးတွေဟာ (ညာမှ ဝဲသို့) ဂေါလူလု (Gawlu lu)၊ နန်စဲန်း (Nang Seng)၊ အင်ခွန်ဘော့ခ် (N hkum Bawk)၊ ခေါန် ရော်မခေါင် ( Hkawn Raw Makawng)၊ ကော လင်းဂျာဘောက် (Collin Ja bawk)၊ လဖိုင်နဲမ်ရာ (lahpai Nem Ra) တို့ ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းကို ဧည့်ဝတ်ကြိုဆိုခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။
အဲဒီ ကချင်အမျိုးသမီး ၆ ဦးထဲမှာ ခေါန်ရော် မခေါင် (Hkawn Raw Makawng) တဦးတည်းသာ ယနေ့တိုင် သက်ရှိထင်ရှားကျန်ရှိနေပြီး မြစ်ကြီး နားမြို့မှာ သမီးဖြစ်သူနဲ့ နေထိုင်ပါတယ်။
ပြုံးရွှင်ရယ်မောနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ မှတ်တမ်းတင်ခံရသူ ကချင်အမျိုးသမီး ၆ ဦး ဟာ စိတ်ဝင်စားစရာ သမိုင်းကြောင်း ကိုယ်စီ ရှိကြပါတယ်။
ဒါပေမယ့် အဲဒီ ကချင်အမျိုးသမီး ၆ ဦးလုံးဟာ နောက်ပိုင်းမှာ ကွယ်လွန်သူ အာဏာရှင်ကြီး ဦးနေဝင်းရဲ့ ရန်သူတော်စာရင်းဝင်ခဲ့ရပြီး သူတို့မျိုးဆက် အားလုံးနီးပါးဟာ မြန်မာအစိုးရအဆက်ဆက်ကို တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့အတွက် အန်တုပုန်ကန်နေကြတဲ့ ကချင်လွတ် မြောက်ရေးအဖွဲ့ (KIA) တွေဖြစ်သွားခဲ့ကြတယ်လို့ သိရတယ်။
ဗြိတိန်နိုင်ငံသား မစ္စတာကောလင်းနဲ့ အိမ် ထောင်ကျကာ အင်္ဂလန်မှာ သွားရောက်နေထိုင်ခဲ့ သော်လည်း ကချင်မြေမှာသာ နေလိုတဲ့အတွက် ပြန် လာတဲ့အခါ ကောလင်းဂျာဘောက်ဖြစ်သွားတဲ့ကချင် အမျိုးသမီး ကလည်း သက်ရှိထင်ရှား မရှိတော့ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံ ထဲမှာဗိုလ်ချုပ်ရဲ့ ဘယ်ဘက်အစွန်ဆုံးက တယောက်ကတော့ လဖိုင်နဲမ်ရာ ဆိုသူဖြစ်တယ်လို့ သူ့ရဲ့ သမီးကြီးဖြစ်တဲ့ မနမ်ခွန်ရာက ပြောပြပါတယ်။
လဖိုင်နဲမ်ရာ (Lahpai Nem Ra) ကို ၁၉၂၁ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ ကချင်ပြည်နယ် ခေါင်လန်ဖူး၊ ပူတာအိုနယ်မှာ မွေးဖွားခဲ့ပါတယ်။
ဒုတိယ ကမ္ဘာစစ်တွင်းကာလ အာသံ၊ အိန္ဒိယ၊ ထိုင်း စစ်တပ်က ဆရာဝန်တွေ၊ ကချင် သူနာပြုတွေနဲ့ အတူ နဲမ်ရာလည်း စစ်မြေပြင်တွေမှာ ဖြတ်သန်းခဲ့တယ်။ ဒုတိယ ကမ္ဘာစစ်ကာလ နာဒီယ အိန္ဒိယ လေထီးစစ်တပ် စခန်းမှာလည်း နဲမ်ရာက တာဝန် ထမ်းဆောင်ခဲ့တယ်။
ဒီလို ဒုတိယ ကမ္ဘာစစ်ကာလ ဖြတ်သန်းခဲ့ပြီး လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံမှာလည်း ကချင်ပြည်နယ်တွင်းက လူမှုရေး အစရှိတဲ့ ကိစ္စတွေမှာ နဲမ်ရာ က ပါဝင်ဖြတ်သန်းခဲ့တယ်။
အသက် ၈၁ နှစ်အရွယ်အရောက် ၂၀ဝ၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်း နယ်က ဘန့်မိုင်ဆာမာခီ ကချင် ကျေးရွာမှာပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
လဖိုင် နဲမ်ရာဟာ မနမ်ဘရန်နဲ့ အိမ်ထောင်ကျခဲ့ပြီး သားသမီး ၆ ဦးထွန်းကားခဲ့ပါတယ်။
သူတို့တွေကတော့ မနမ်ခွန်ရာ (ဘန့်မိုင်ဆာ မာခီမှာနေတဲ့ သမီးကြီး)၊ မနမ်ကုမ်းဒီ (တိုက်ပွဲကျသွားတဲ့ သား) ၊ မနမ်လုတောင် (မြစ်ကြီးနားမြို့)၊ မနမ်နော်ဂျာ (လက်ရှိ ဘန့်မိုင် ဆာမာခီ)၊ မနမ်လအောင် (၁၉၈၈ ခု နှစ် KIA နဲ့ မြန်မာအစိုးရ စစ်ပွဲမှာ တိုက်ပွဲကျသွား)၊ မနမ်ဒွဲရာ (မိုင်းဖြတ်) တို့ဖြစ်ကြပါတယ်။
လဖိုင် နဲမ်ရာဟာ အင်္ဂလိပ်၊ ဗမာ၊ နန်ဂ်၊ ဟင်ဒီ၊ ကချင် စတဲ့ ဘာသာစကားတွေကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး လွတ်လပ်ရေး စစ်ကြို၊ ဒုတိယ ကမ္ဘာစစ် ကာလကို ဖြတ်သန်းခဲ့ရသူ၊ ပါလီမန်ခေတ်၊ မဆလ ခေတ်စတဲ့ ခေတ်အဆက်ဆက်ကို ဖြတ်သန်း ခဲ့သူပါလို့ လဖိုင်နဲမ်ရာရဲ့ သားတဦးဖြစ်တဲ့ မနမ်နော်ဂျာက ပြောပါတယ်။
သက်ရှိထင်ရှား ရှိစဉ်ကာလတလျှောက် ပြည်ထောင်စုအရေး၊ ကချင်အမျိုးသားရေးနဲ့ ဒေသဆိုင်ရာ အရေးတွေကို တက်တက်ြွကြွက ပါဝင်ခဲ့သူ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
“ကျနော့်အမေက ငြိမ်းချမ်းရေးကို သိပ်မြတ်နိုးပြီးသိပ်ချစ်တယ်။ ဒါကြောင့်ပဲ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူ လွတ်လပ်ရေး ကြိုးစားစဉ်တုန်းကလည်း စိတ်အားထက်သန်ရှိခဲ့တယ်။ အခုတော့ သူက သေသာသွားတယ်၊ သူလိုချင် မြတ်နိုးတဲ့ ငြိမ်းချမ်းရေးဆိုတာလည်း ဘာမှန်းသိမသွားရတော့ဘူး” လို့ မနမ်နော်ဂျာက ပြောပါတယ်။
နဲမ်ရာဟာ အမေရိကန် ပြည်ထောင်စုရဲ့မြန်မာနိုင်ငံနဲ့ ကချင်တိုင်းရင်းသားတွေအပေါ်အကူအညီပေးရေး ကိစ္စကနဦးခြေလှမ်း အကောင်အထည် ဖော်ရေးအတွက် ပညာပေးအစီအစဉ်တွေမှာ ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။
အထူးခြားဆုံး နဲမ်ရာရဲ့ လုပ်ဆောင်ချက်က တော့ ကျေးလက် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စာအုပ် တအုပ်ဖြစ်တဲ့ ဆရာဝန်မရှိတဲ့ အရပ်မှာ (Where There Is No Doctor) ဆိုတဲ့ အင်္ဂလိပ် ဘာသာနဲ့ ရေးထားတဲ့ စာအုပ်ကို လဖိုင်နဲမ်ရာက ပထမဆုံး ကချင်ဘာသာ ပြန်ပြီး ထုတ်ဝေခဲ့သူလည်း ဖြစ်ပါတယ်။
ဒီစာအုပ်ကို ဗြိတိသျှ စာရေးဆရာ ဒေးဗစ် ဝါနာ၊ ကာရိုး သူမန်၊ ဂျိန်း မက်စ်ဝဲလ်တို့ ရေးသား ပြုစုထားခဲ့တာ ဖြစ်ပြီး လဖိုင်နဲမ်ရာက ၁၉၈၈ ခုနှစ် မှာ ၆ လ အတွင်း ကချင်ဘာသာနဲ့ ဘာသာပြန်ဆိုမှု ပြီးဆုံးပြီး စာအုပ်အဖြစ် ထုတ်ဝေခဲ့တယ်။
ဒီစာအုပ်ရဲ့ အကျိုးကျေးဇူးနဲ့ တောင်ပေါ်ဒေသ၊ မြို့ကြီး ပြကြီးတို့နဲ့ အလှမ်းဝေးရာ ဒေသတွေမှာ အနေများ ကြတဲ့ ကချင် တိုင်းရင်းသားတွေအတွက် ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ အတော်များများ ပျံ့နှံ့စေခဲ့ပြီး မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုတွေ နည်းပါးခဲ့ရတယ်လို့ ဘန့်မိုင်ဆာမာခီကျေးရွာနေ ကချင် အဘိုးအိုတဦးက ပြောပါတယ်။
ပြည်တွင်းစစ်နဲ့ လုံးပန်းခဲ့ရပြီး စစ်ဘေးဒဏ် ရှောင်ရင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းဒေါင်းနယ်မှာ ထိုင်းဘုရင်မင်း မြတ်ခွင့်ပြုချက်နဲ့ ရွာတည်ပေးခဲ့တဲ့ ဘန်မိုင်ဆာမာခီ ရွာကို လဖိုင်နဲမ်ရာရဲ့ သမီးကြီး မနမ်ခွန်ရာ ရောက်လာပါတယ်။ သူနဲ့ သူ့မိခင်ဟာ နှစ်အတော်ကြာ အဆက်အသွယ် ပြတ်နေခဲ့တယ်လို့ ဆိုပါတယ်။
၁၉၈၇ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ၇ လကြာ လေ့လာရေး ခရီးသွားရောက် နေထိုင်စဉ် မိခင်အတွက် အမှတ်တရ အိမ်အပြန် လက်ဆောင် ပစ္စည်းတခု ဝယ်လာခဲ့ပေမယ့် အဲဒီအချိန်ကာလက မြန်မာအစိုးရစစ်တပ်နဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ KIA တို့အကြား တိုက်ပွဲတွေက ပြင်းထန်နေခဲ့ချိန်၊ ကချင်တိုင်းရင်း သားတွေလည်း အလုံးအရင်းနဲ့ စစ်ဘေးရှောင်ချိန်မို့ မိခင်အတွက် လည်း စိတ်ပူပန်ခဲ့ရတယ်လို့ သမီးကြီးဖြစ်သူ မနမ် ခွန်ရာက ပြောပါတယ်။
“ကျမလည်း သူ့အတွက် လက်ဆောင်ဝယ်လာတာကို ဘယ်လိုလူကြုံနဲ့ ဘယ်လိုပို့ရမလဲ စဉ်းစားနေချိန်၊ တဖက်ကလည်း စိတ်ပူနေချိန်၊ မကြာဘူး ရက်ပိုင်းမှာပဲ သူက ဒီ ဘန့်မိုင်ဆာမာခီ ကချင်ရွာလေးကို ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာခဲ့တာ” လို့ သူကအတိတ်က ဖြစ်ရပ်ကို တွေတွေ ငေးကြည့်ရင်း ပြောပြပါတယ်။
မြန်မာအစိုးရစစ်တပ်နဲ့ ကချင်လက်နက်ကိုင် တို့ကြား စစ်ပွဲတွေ ဖြစ်ပွားပြီး စစ်ရှုံးနေခဲ့လို့ ကချင်တွေလည်း နီးစပ်ရာဆွေမျိုးတွေ ရှိတဲ့အရပ်ကို ထွက်ပြေးကြဖို့ ကချင်လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေက ပြောတာနဲ့ လဖိုင်နဲမ်ရာလည်း သမီးကြီး မနမ်ခွန်ရာရှိရာ ထိုင်းနိုင်ငံ ဘန့်မိုင်ရွာကလေးကို တောလမ်းခရီးတွေကို ခက်ခက် ခဲခဲဖြတ်ကျော်ပြီး ရောက်လာခဲ့တော့တာလို့ သူက ဆက်ပြောတယ်။
ထိုင်းနိုင်ငံကို ရောက်လာပြီး လုံခြုံတဲ့ဘဝမှာ နေထိုင်ရချိန်မှာလည်း လဖိုင်နဲမ်ရာဟာ ကချင်တိုင်းရင်းသားတို့ရဲ့ ရိုးရာ၊ ယဉ်ကျေးမှု၊ စာပေတွေ အကြောင်း တတ်နိုင်တဲ့ဘက်ကဆက်လက်အားဖြည့် ပေးနေခဲ့တယ်လို့ သိရ တယ်။
ထိုင်းနိုင်ငံမှာ ကချင်တွေ စုဝေးနေထိုင်ကြတဲ့ ဒုတိယ ကချင်မြေမှာ သူချစ်တဲ့ သမီးကြီး မနမ်ခွန်ရာ ပိုင်ဆိုင်တဲ့ ခြံဝန်းထဲက အုတ်ဂူမှာ လဖိုင်နဲမ်ရာဟာ သူ့မျိုးဆက်တွေရဲ့ နေ့စဉ် လာပို့တဲ့ပန်းတွေ၊ ရေတွေ နဲ့ အိပ်စက်အနား ယူဆဲပါပဲ။
“သူ သိပ်ချစ်တဲ့ သူသိပ်မြတ်နိုးတဲ့ ကချင်မြေ မှာတော့ ခေါင်းချ မသွားခဲ့ရဘူးပေါ့” လို့ သားဖြစ်သူ မနမ်နော်ဂျာ က ဆိုတယ်။
လဖိုင်နဲမ်ရာရဲ့ ခင်ပွန်းသည်ဖြစ်သူ မနမ်ဘရန် ကလည်း ဇနီးသည်ဆုံးပါပြီးနောက် မြန်မာပြည်ကို ပြန်သွားခဲ့ပြီး မန္တလေးမြို့မှာနေထိုင်တဲ့ သမီးတဦးရဲ့ နေအိမ်မှာပဲ ၂၀၁၄ ခုနှစ်က ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။













