ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅- ၁၉၄၇)
မကွေးတိုင်း၊ တောင်တွင်းကြီးခရိုင်၊ နတ်မောက်မြို့နေ ရှေ့နေကြီး ဦးဖာ၊ အမိ ဒေါ်စုတို့မှ ၁၉၁၅ ခု ဖေဖော်ဝါရီ ၁၃ ရက် (၁၂၇၆ခု တပေါင်းလဆန်း ၁ ရက်) စနေတွင် ဖွားမြင်သည်။ အထွေးဆုံးသား ဖြစ်သလို အင်္ဂလိပ်ကို တော်လှန်သော ဗိုလ်မင်းရောင်၏ မြေးလည်း ဖြစ်သည်။
ငယ်မည် မောင်ထိန်လင်းဖြစ်ပြီး အစ်ကိုဖြစ်သူ အောင်သန်းနှင့် လိုက်ဖက်ရန် အောင်ဆန်းဟု အမည်ပေးသည်။
အသက် ၇ နှစ်တွင် နတ်မောက်မြို့ ဆရာတော် ဦးသောဘိတကျောင်းတွင် စတင်ပညာသင်ပြီး အသက် ၁၃ နှစ်တွင် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းသို့ ပြောင်းသည်။
၁၉၃၂ ခုနှစ်တွင် ယင်းကျောင်းမှ ၁၀ တန်းစာမေးပွဲ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ် ရောက်သည်။
၁၉၃၅- ၃၆ ခုတွင် ရန်ကုန်တက္ကသိုလ် သမဂ္ဂအမှုဆောင်အဖွဲ့ဝင်နှင့် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ရာ အိုးဝေ မဂ္ဂဇင်းပါ (Hell Hound at Large) “ငရဲခွေးကြီး လွတ်နေသည်” ဆောင်းပါးနှင့် ပတ်သက်၍ ရေးသူကို ထုတ် မပြောသဖြင့် တက္ကသိုလ်မှ ထုတ်ပယ်ခံရရာ ကိုအောင်ဆန်းအား ကျောင်းထုတ်သည့်အတွက် ဖေဖော်ဝါရီ ၂၅ တက္က သိုလ် သပိတ်ကြီး ဖြစ်ခဲ့သည်။
၁၉၃၇ ခုတွင် ဝိဇ္ဇာတန်းအောင်၍ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာယနှင့် စာဖတ်အသင်း ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်သည်။
၁၉၃၇- ၃၈ ခုတွင် တက္ကသိုလ် သမဂ္ဂ ဒု ဥက္ကဋ္ဌ ဖြစ်လာပြီး နောက်ပိုင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။
၁၉၃၈ ခုတွင် ကိုအောင်ဆန်း ခေါင်းဆောင်သည့် ကျောင်းသား ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယ သွားရောက်သည်။ ထို့နောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်ကာ နိုင်ငံရေးနယ်သို့ ဝင်ရောက်ပြီး တို့ဗမာ အစည်းအရုံး အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ ၁၃၀၀ပြည် အရေးတော်ပုံကို အားပေးကူ ညီသည်။
၁၉၃၉ တွင် ကျင်းပသည့် တို့ဗမာအစည်းအရုံး မော်လမြိုင် ညီလာခံတွင် စစ်အတွင်း ဗြိတိသျှအား မကူညီရေး အဆို ကို တင်သည်။
၁၉၄၀ ခုနှစ်တွင် ဟင်္သာတ ခရိုင်ဝန်က ဆုငွေ ၅ ကျပ်ဖြင့် သခင်အောင်ဆန်းအား ဖမ်းဝရမ်း ထုတ်ရာ ယင်းဝရမ်း ဆုငွေမှာ လူထုခေါင်းဆောင်တဦးကို စော်ကားခြင်း ဖြစ်၍ တပြည်လုံး ရှုတ်ချခဲ့ကြသည်။
ဝရမ်းပြေး ဖြစ်နေစဉ် တက္ကသိုလ် ကောင်စီဝင် လူကြီးရာထူးမှ နုတ်ထွက်ပြီး လွတ်လပ်ရေးအတွက် အကူအညီရှာရန် သခင်မြနှင့် အတူ ပြည်သူ့အရေးတော်ပုံပါတီ ဖွဲ့စည်းသည်။
သြဂုတ် ၈ ရက်တွင် ဟိုင်လီအမည်ရှိ သင်္ဘောဖြင့် တရုတ်ပြည်သို့ လျှို့ဝှက်စွာ ထွက်ခွာပြီး ၁၉၄၁ မတ် ၃ ရက်တွင် ရုပ်ဖျက်ကာ မြန်မာနိုင်ငံသို့ ခေတ္တပြန်လာခဲ့သည်။
ထို့နောက် နောင် ရဲဘော်သုံးကျိပ်ဟု ထင်ရှားလာမည့် မျိုးချစ်လူငယ်များကို စုရုံးကို ဂျပန်သို့ခေါ်၍ ဟိုင်နန်တွင် စစ်ပညာ သင်ပေးသည်။
ဒီဇင်ဘာ ၈ ရက် အရှေ့အာရှ စစ်ကြီး စတင်ပြီးနောက် ဒီဇင်ဘာ ၂၆ ရက်တွင် ယိုးဒယားပြည်၊ ဘန်ကောက်မြို့၌ ရဲဘော် သုံးကျိပ်နှင့်အတူ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) ဖွဲ့ရာ သခင်အောင်ဆန်းက ဗိုလ်တေဇ ဘွဲ့ အမည် ခံယူသည်။
၁၉၄၂ ခု နှစ်ဦးပိုင်း ဂျပန်များနှင့် ပေါင်းကာ ဗိုလ်တေဇ ခေါင်းဆောင်သည့် ဗမာ့လွတ်လပ်ရေး တပ်မတော် မြန်မာပြည်တွင်း ချီတက် မတ် ၈ ရက် ရန်ကုန်ကို သိမ်းသည်။
ဇူလိုင်လတွင် ဗိုလ်မှူးကြီး ရာထူးဖြင့် ဗမာ့ကာကွယ်ရေး တပ်မတော် (BDA) တွင် စစ်သေနာပတိအဖြစ် ဆောင်ရွက်ပြီး
စက်တင်ဘာ ၆ ရက်တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့သည်။
၁၉၄၃ခု မတ် ၁၇ ဒေါက်တာ ဘမော်၊ ဒေါက်တာ သိန်းမောင်၊ သခင်မြ တို့နှင့်အတူ လွတ်လပ်ရေး ဆွေးနွေးရန် ဂျပန်ပြည်ကို သွားသည်။ မတ် ၂၂ ရက်တွင် ဂျပန်ဘုရင်၏ ဆုတံဆိပ် ချီးမြှင့်ခံရပြီး သြဂုတ် ၁ ရက် ဒေါက်တာ ဘမော် အစိုးရအဖွဲ့တွင် စစ်ဝန်ကြီး ဖြစ်လာသည်။
ထို့နောက် ဂျပန်ကို တော်လှန်ရန် အိန္ဒိယရှိ မဟာမိတ် စစ်ဌာနချုပ်နှင့် လျှို့ဝှက်ဆက်သွယ်ပြီး ၁၉၄၄ ခု၊ သြဂုတ်တွင် ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) ကို လျှို့ဝှက် ဖွဲ့စည်းသည်။
၁၉၄၅ မတ် ၁၇ ရက် ရန်သူကို တိုက်ရန် တပ်မတော်ကို ဦးဆောင်ပြီး စစ်မြေပြင်ထွက်၊ မတ် ၂၇ ရက် ဖက်ဆစ်ဂျပန် ကို စတင်တော်လှန်သည်။
ထိုနှစ် ဂျပန်လက်နက်ချသဖြင့် သြဂုတ် ၁၉ ရက် နေသူရိန် အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ပြီး အင်္ဂလိပ်ထံမှ လွတ်လပ်ရေး တောင်းသည်။
၁၉၄၆ ဇန်နဝါရီ ရွှေတိဂုံအလယ်ပစ္စယံတွင် ကျင်းပသော ပြည်လုံးကျွတ် ဖဆပလ ညီလာခံက အဖွဲ့ချုပ် ဥက္ကဋ္ဌ အဖြစ် တင်မြှောက်သည်။
စက်တင်ဘာလတွင် နယ်ချဲ့ဗြိတိသျှ အစိုးရအား အမှုထမ်းများ သပိတ်ဖြင့် အင်အားပြပြီးနောက် စက်တင်ဘာ ၂၆ ရက်တွင် ဘုရင်ခံက အမှုဆောင်ကောင်စီတွင် ဒုတိယ သဘာပတိ ရာထူး ကမ်းလှမ်းရာ လက်ခံလိုက်သည်။
၁၉၄၇ခု ဇန်နဝါရီတွင် လွတ်လပ်ရေးအတွက် မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ဦးစီးကာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် အောင်ဆန်း- အက်တလီ စာချုပ် ချုပ်ဆိုသည်။
ဖေဖော်ဝါရီ ၁၂ ရက်တွင် တောင်တန်း- ပြည်မ တွေ့ဆုံကာ ပင်လုံညီလာခံ ဦးစီးကျင်းပသည်။
မေ ၁၉ ရက် ဂျူဗလီဟောတွင် ကျင်းပသည့် ဖဆပလ ပဏာမ ပြင်ဆင်မှု ညီလာခံ၏ သဘာပတိအဖြစ် ဆောင်ရွက်သည်။
ဇွန် ၁၆ ရက် ပထမ တိုင်းပြုပြည်ပြု လွှတ်တော်တွင် အချုပ်အခြာအာဏာပိုင် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းရန် အဆို တင်သည်။
ဇူလိုင် ၁၃ မြို့တော်ခန်းမတွင် နောက်ဆုံး မိန့်ခွန်းဟု ဆိုရမည့် အရေးကြီးဆုံးသော မိန့်ခွန်းပြောကြားပြီး ဇူလိုင် ၁၉ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် နယ်ချဲ့ လက်ပါးစေများ၏ လုပ်ကြံခြင်း ခံရသည်။
ကွယ်လွန်ချိန် ဇနီး ဒေါ်ခင်ကြည်၊ သား အောင်ဆန်းဦး၊ အောင်ဆန်းလင်း(ကွယ်လွန်)နှင့် သမီး အောင်ဆန်းစုကြည်တို့ ကျန်ခဲ့သည်။
သခင်မြ (၁၈၉၇- ၁၉၄၇)
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဝန်ကြီးအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး ဖြစ်သည်။
ပြည်ခရိုင်၊ ထုံးဘိုမြို့နေ ဦးဘိုးချွန် ဒေါ်သက်လယ်တို့မှ ၁၈၉၇ ခု အောက်တိုဘာ ၇ ရက်တွင် မွေးဖွားပြီး ငယ်မည်မှာ မောင်မြရွှေ ဖြစ်သည်။
တတိယတန်းမှ သတ္တမတန်းအထိ သာယာဝတီမြို့ ABM ကျောင်းတွင် ပညာသင်ယူခဲ့ပြီး ၇ တန်းမှ ၁၀ တန်းအထိ ရန်ကုန်ဘက်ပတစ် ဟိုက်စကူး ကျောင်းသို့ ပြောင်းရွှေ့ တက်ခဲ့သည်။ ၁၉၁၆ ခုနှစ်တွင် ရန်ကုန်ကောလိပ် ISC တန်း တွင် သင်ယူခဲ့ပြီး ၁၉၁၈ခုတွင် ရန်ကုန်ကောလိပ်နှင့် ကာလကတ္တား ယူနီဗာစတီမှ အိုင်အက်စ်စီ ဓာတုဗေဒ ဂုဏ် ထူးဖြင့် အောင်မြင်သည်။
၁၉၂၀ ရန်ကုန်ကောလိပ် သပိတ်တွင် ခေါင်းဆောင်ကာ သပိတ်မှောက်ကောင်စီ ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ထို့နောက် အမျိုးသား ပညာရေးကောင်စီ အဖွဲ့ဝင်ဖြစ်လာသည်။
၁၉၂၂-၂၃ ခုတွင် ကြည့်မြင်တိုင် အမျိုးသား ကျောင်းအုပ်ကြီး တာဝန်ယူသော်လည်း အမျိုးသား ကျောင်းများ အစိုးရ ထံမှ အထောက်အပံ့ယူသဖြင့် အမျိုးသားပညာရေး ကောင်စီမှ နုတ်ထွက်သည်။
၁၉၂၄ ခု ဘီအက်စ်စီ ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်မြင်ပြီးနောက် ၁၉၂၆ ဒေါ်ခင်ညွှန့်နှင့် လက်ထပ်သည်။ ၁၉၂၇ ခု တွင် ဘီအယ်လ်ဝတ်လုံ စာမေးပွဲအောင်မြင်ပြီး သာယာဝတီပြန်ကာ ဆင်းရဲသားများဘက်မှ အခမဲ့ ရှေ့နေလိုက်ပေးခဲ့ သည်။
၁၉၃၆ ခုနှစ်တွင် တို့ဗမာအစည်းအရုံးဝင် သခင်တယောက်ဖြစ်လာကာ၊ ၁၉၃၇ တို့ဗမာ အစည်းအရုံး အမှုဆောင်ဖြစ်လာပြီး သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ဝင်ရွေးခံ၍ ဥပဒေပြု လွှတ်တော်သို့ ဝင်ခဲ့သည်။ ၁၉၃၈ ခု ဒီဇင်ဘာ ၂၀ ရက် အတွင်းဝန်ရုံး ဝိုင်းသည့် သပိတ်တွင် ကျောင်းသားများ သွေးမြေကျသဖြင့် အမတ်အဖြစ်မှ နုတ်ထွက်သည်။
၁၉၃၉ ခုတွင် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး ဥက္ကဋ္ဌဖြစ်လာသလို ပြည်သူ့အရေးတော်ပုံပါတီ ကို ဦးဆောင်ဖွဲ့စည်းသည်။
ဂျပန်ခေတ်တွင် အစိုးရအဖွဲ့ ဝန်ကြီး၊ ဒုဝန်ကြီးချုပ် တာဝန်ယူခဲ့သည်။
၁၉၄၄ ဂျပန်ကို တော်လှန်ရန် တပ်မတော်နှင့် နိုင်ငံရေး ပါတီများ ပူးပေါင်း၍ ဖဆပလဖွဲ့ရာ ပြည်သူ့ အရေးတော်ပုံပါတီ ကို ဦးဆောင် ပါဝင်ခဲ့သည်။
၁၉၄၅ စက်တင်ဘာတွင် ပြည်သူ့ အရေးတော်ပုံပါတီကို ဆိုရှယ်လစ်ပါတီဟု ပြောင်းလည်း ဖွဲ့စည်းရာ ဥက္ကဋ္ဌ တာဝန်ယူ ခဲ့သည်။
၁၉၄၆ခု အောက်တိုဘာတွင် ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သည့် ကြားဖြတ်အစိုးရတွင် အဖွဲ့ဝင်ဖြစ်လာပြီး ၁၉၄၇ ခု ဇူလိုင် ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မသမာသူတို့၏ လုပ်ကြံခံရပြီး ကွယ်လွန်သည်။
ဦးဘချို (၁၈၉၃- ၁၉၄၇)
၁၉၂၅ ခုတွင် လွတ်လပ်ရေး၊ အမျိုးသားပညာရေး၊ ယဉ်ကျေးမှု ထိန်းသိမ်းရေးအတွက် ဒီးဒုတ်ဂျာနယ်ကို ထုတ်ဝေခဲ့ သဖြင့် ဒီးဒုတ် ဦးဘချိုဟု လူသိများသည်။
မြောင်းမြဇာတိ ဦးဘိုးစာ၊ ဒေါ်မြစ်၏ သားဖြစ်ပြီး ၁၈၉၃ ခု ဧပြီ ၂၃ ရက်တွင် မွေးဖွားသည်။
သတ္တမတန်းအထိ မြောင်းမြတွင် ပညာသင်ခဲ့ပြီး နောက်ပိုင်း ရန်ကုန်မြို့ စိန့်ပေါလ် ကျောင်းသို့ ပြောင်းရွှေ့သည်။ ၁၀ တန်းကို အထူးအောင်ကာ ပညာသင်ဆု ရခဲ့သော်လည်း ဘီအေအထက်တန်းတွင် မျက်စိရောဂါကြောင့် ကျောင်းထွက် ရသည်။
ပေါင်းတည်နှင့် ဟင်္သာတမြို့တို့တွင် အစိုးရကျောင်းဆရာအဖြစ် အမှုထမ်းပြီး အမျိုးသား ကောလိပ်ဖွင့်သည့်အခါ အလုပ်မှ ထွက်၍ အမျိုးသား ကောလိပ်တွင် မြန်မာစာ သင်ကြားသည်။
၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ နိုင်ငံရေးနယ်ပယ်တွင် ဆင်းရဲသား အကျိုးဆောင် ဖေဘီယံပါတီကို တည် ထောင်ကာ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သလို တရုတ်-မြန်မာချစ်ကြည်ရေးအသင်းကို တာဝန်ယူလုပ်ကိုင်ခဲ့သဖြင့် နောက်ပိုင်းတွင် ဖက်ဆစ်ဂျပန်၏ သင်္ကာမကင်းမှုကို ခံခဲ့ရသော်လည်း ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် လူငယ်နိုင်ငံ ရေး သမားများ၏ ကာကွယ်ပေးမှုကြောင့် ဂျပန်ရန်မှ လွတ်ခဲ့သည်။
ဂျပန်ခေတ်အစိုးရ လက်ထက် အတိုင်ပင်ခံအမတ်အဖြစ် ဝင်ရောက် ဆောင်ရွက်ပြီး ဖဆပလ အဖွဲ့ချုပ် ဖွဲ့သည့်အခါ ပါဝင်ခဲ့သလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေး ကော်မတီဝင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း သခင်မြတို့နှင့်အတူ ဆောင်ရွက်သည်။
၁၉၄၇ ဇူလိုင် ၁၉ တွင် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် လုပ်ကြံခံရ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်သည်။
ဦးရာဇတ် (၁၈၉၈- ၁၉၄၇)
ဒုတိယ ကမ္ဘာစစ်အပြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
မိတ္တီလာ အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာအေ ရာမန်နှင့် ဒေါ်ငြိမ်းလှသားဖြစ်ပြီး ၁၈၉၈ခု ဇန်နဝါရီ ၂၀ ရက်တွင် မွေးဖွားသည်။
၁၉၁၂ ခု မန္တလေး ဝက်စလီ ယောက်ျားလေးကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်ခဲ့သည်။ ၁၉၂၀ တက္ကသိုလ် ကျောင်းသားများသပိတ်တွင် ပါဝင်ခဲ့ပြီးနောက် ၁၉၂၁ ခု မန္တလေး ဗဟိုအမျိုးသား အထက်တန်းကျောင်းကို ဖွင့်လှစ်ခဲ့ သည်။
၁၉၂၂ ခုတွင် အမျိုးသား ပညာရေး အဖွဲ့ကြီး၏ ဘီအေစာမေးပွဲကို အောင်မြင်သဖြင့် အေ၊ ရာဇတ် ဘီအေ (နေရှင် နယ်) အမည်ကို ခံယူသည်။
၁၉၂၂ ခုမှ ၁၉၄၁ ခုနှစ်တိုင် မန္တလေးဗဟို အမျိုးသားကျောင်း၏ ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ပြီး ထိုသို့ တာဝန် ထမ်းစဉ် ရဲညွှန့်တပ် ဖွဲ့ကာ ကျောင်းသား လူငယ်များကို စစ်ပညာ သင်ကြားပေးခဲ့သည်။
၁၉၃၈ ခုနှစ်တွင် ဒေါ်ခင်ခင်နှင့် လက်ထပ်ပြီး သား မောင်တင်မြင့်၊ သမီး ခင်ခင်စိန်၊ သား မောင်လှကြည်တို့ကို မွေးဖွားခဲ့သည်။
၁၉၄၅ ခု ဒုတိယကမ္ဘာစစ်အပြီး စစ်အတွင်း ပိတ်ထားသည့် အမျိုးသားကျောင်းကို ပြန်ဖွင့်ခဲ့ကာ အထက်ဗမာပြည် ဖဆပလ အဖွဲ့ကို ဖွဲ့စည်းပြီး လွတ်လပ်ရေးအတွက် ဆောင်ရွက်သည်။ ၁၉၄၇ ဖွဲ့စည်းပုံ ရေးဆွဲရာတွင် ကော်မတီတဦး အဖြစ် ပါဝင်ခဲ့သည်။
၁၉၄၇ ဇူလိုင် ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် လုပ်ကြံခံရ၍ ကွယ်လွန်သည်။
ဦးဘဝင်း (၁၉၀၁- ၁၉၄၇)
ဗိုလ်ချုပ် အောင်ဆန်း၏ အစိုးရအဖွဲ့တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းရေး ဝန်ကြီးအဖြစ် တာဝန်ယူသည်။
၁၉၀၁ ခုနှစ် ဇွန် ၁၁ ရက်တွင် ဖွားမြင်ပြီး နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ဦးတွင် အကြီးဆုံးဖြစ် သည်။
မန္တလေးကောလိပ်မှ ဥပစာတန်းကို သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ တို့ဖြင့် အောင်မြင်ခဲ့သလို ၁၉၂၉ ခုနှစ်တွင် ဘီအက်စ်စီ သင်္ချာ ဂုဏ်ထူးဖြင့် အောင်မြင်ပြန်သည်။ ထို့နောက် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းအုပ် တာဝန်ယူခဲ့သည်။
၁၉၃၅ ခုနှစ်တွင် တောင်တွင်းကြီးမြို့ ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်း ဖဆပလအဖွဲ့ ဥက္ကဋ္ဌ ဆောင်ရွက်ခဲ့ရာမှ ၁၉၄၇ ထောက်ပံ့ရေးနှင့် ကူးသန်ရောင်းဝယ်ရေးဌာန ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေး ကော်မတီတွင် ပါခဲ့သည်။
၁၉၄၇ ဇူလိုင် ၁၉ စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သည်။
မန်းဘခိုင် (၁၉၀၃- ၁၉၄၇)
မန်းဘခိုင်မှာ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သည့် အစိုးရအဖွဲ့တွင် စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
ဇာတိမှာ ဟင်္သာတခရိုင် ယုန်တလင်းရွာဖြစ်ပြီး သူကြီး မန်းပေကုန်းနှင့် ဒေါ်ပုတို့မှ ၁၉၀၃ ခု အောက်တိုဘာ ၂၆ ရက် တွင် ဖွားမြင်သည်။
ဟင်္သာတ အေဘီအမ် ကျောင်းတွင် ပညာသင်ခဲ့ပြီး ကလေးသူငယ်များ ကရင်ဘာသာ သင်နိုင်ရန် ကျောင်းတကျောင်း ဖွင့်ပေးကာ ကရင်လူငယ်များ အသင်းကိုလည်း စတင် ဖွဲ့စည်းသည်။
၁၉၃၇ ခုနှစ်တွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။
ကရင်-ဗမာ ချစ်ကြည်ရေး အထူး ကြိုးပမ်းဆောင်ရွက်ခဲ့သလို ဖက်ဆစ် ဂျပန်တော်လှန်ရေးကိုလည်း ဟင်္သာတ ယုန် တလင်းနယ်မှ ဆောင်ရွက်သည်။
ဖဆပလ အဖွဲ့ကြီး တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး ဗဟိုအမှုဆောင် ဖြစ်လာသည်။ ထို့နောက် ကရင်လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည်။
၁၉၄၇ခု ဇူလိုင် ၁၉ ရက် စနေနေ့ နံနက် ၁၀နာရီ ၃၇ မိနစ်တွင် လုပ်ကြံခံရပြီး အသက်ဆုံးရှုံးခဲ့သည်။
မိုင်းပွန်စော်ဘွား စဝ်စံထွန်း (၁၉၀၇- ၁၉၄၇)
မိုင်းပွန်စော်ဘွား စဝ်စံထွန်းသည် လွတ်လပ်ရေးအကြိုခေတ်က ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် အစိုးရအဖွဲ့ တွင် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
၁၉၀၇ ခု မေ ၃၁ ရက်တွင် မိုင်းပွန်စော်ဘွား စဝ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့မှ မွေးဖွားသည်။
တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ အထက်တန်းကျောင်းမှ ၁၀ တန်းအောင်မြင်ပြီးနောက် ရဲအတတ်သင်ကျောင်း တက်ခဲ့သည်။
၁၉၂၈ ခုတွင် စော်ဘွားအဖြစ် အခမ်းအနားဖြင့် ခံယူပြီး ၁၉၃၂ ခုတွင် မိုးမိတ်စော်ဘွားကြီး၏ သမီး စဝ်ခင်သောင်းနှင့် လက်ထပ်သည်။
တောင်တန်း- ပြည်မ ပူးပေါင်းရေးအတွက် ပင်လုံညီလာခံ အောင်မြင်ရန် ကူညီဆောင်ရွက်ခဲ့သလို တိုင်းပြုပြည်ပြု လွှတ်တော်တွင် ပြည်ထောင်စုနှင့် ပြည်နယ်များဆိုင်ရာ ဆပ်ကော်မတီ၊ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီ၊ ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီတို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။
၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် စနေနေ့ ၁၀ နာရီ ၃၇ မိနစ်တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ လုပ်ကြံခံခဲ့ရပြီး၊ ဇူလိုင်လ ၂၀ ရက် မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန်သည်။
ကွယ်လွန်ချိန်တွင် သမီး စဝ်သုနန္ဒာ၊ သား စဝ်ဆေးဟုန်၊ သား စဝ်ကိုင်ဖ၊ သမီး စဝ်မြင့်ကြည် တို့ ကျန်ခဲ့သည်။
ဦးအုန်းမောင် (၁၉၁၃- ၁၉၄၇)
ဦးအုန်းမောင်သည် မင်းဘူး ဇာတိဖြစ်ပြီး၊ မစ္စတာ အိပ်ချ် ဒဗလျူ တရပ်(တ်) ဝိန်းနှင့် ဒေါ်ရွှေမြင့်တို့၏ ဒုတိယသားဖြစ် သည်။
၁၉၁၃ ခု ဖေဖော်ဝါရီ ၂ ရက်တွင် မွေးဖွားပြီး ၁၉၃၄ ခုတွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာတန်း အောင်မြင်သည်။ ၁၉၃၇ ခု တွင် အိုင်စီအက်စ် စာမေးပွဲဖြေသူ ၃ ဦးတွင် ပထမ ရခဲ့ပြီး၊ ၁၉၃၉ ခုတွင် မန္တလေး အရှေ့နယ်ပ်ိုင် ဝန်ထောက်အဖြစ် ခန့်အပ်ခံရသည်။
စစ်အပြီး ၁၉၄၇ ခုတွင် မြစ်ကြီးနား အရေးပိုင်ဖြစ်လာပြီးနောက် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန် ဖြစ်လာသည်။
ထိုနှစ် ဇူလိုင် ၁၉ ရက် စနေနေ့ ၁၀ နာရီ ၃၇ မိနစ်တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ကြီးများနှင့် အတူ လုပ်ကြံခံရသည်။
ရဲဘော် ကိုထွေး (၁၉၂၉ – ၁၉၄၇)
မန္တလေး တောင်ပြင် သိပ္ပံရပ် အငြိမ်းစား လယ်ယာစိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီ၏ ဆဋ္ဌမမြောက် သား ဖြစ်သည်။
နဝမတန်းအထိ ပညာသင်ကြားခဲ့ပြီး ၁၈ နှစ်တွင် ပညာရေး ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်း ခံရသည်။
၁၉၄၇ ခု ဇူလိုင် ၁၉ ရက် စနေနေ့ နံနက် ၁၀နာရီ ၃၇ မိနစ်တွင် အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံသည့် မသမာသူတို့ လက်ချက်ဖြင့် ကျဆုံးသည်။
You may also like these stories:
အာဇာနည်နေ့အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရန် မသေချာ
ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း