ဆိုရှယ်လစ်ပါတီ၏ လျှို့ဝှက် စစ်ရေး ခေါင်းဆောင် စောရန်နောင်သည် ဖော်ကောင် ဘညွှန့်ကို အမှီပြု၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လတွင်ကျမှ ဦးစောထံ ရောက်ရှိ လာသူ ဖြစ်သည်။ ဦးစော လန်ဒန်တွင် အောင်ဆန်း-အက်တလီ စာချုပ်ကို သဘောမတူဘဲ လက်မှတ် ထိုးရန် ငြင်းပယ်၍ ဦးအောင်ဆန်းကို ဆန့်ကျင်မှု ပြုခဲ့ပြီး ချိန်တွင် ဖြစ်ပါသည်။ ဦးစော မြန်မာပြည် ပြန်ရောက်သည့် အချိန်တွင်လည်း ဦးအောင်ဆန်း ဦးဆောင်သော ဘုရင်ခံကောင်စီမှ ဦးစော အထွက်ပြချိန်တွင် အချိန်ကိုက်၍ စောရန်နောင်သည် ဦးစောထံ ဝင်ရောက် လာခဲ့သူ ဖြစ်သည်။ ထိုအချိန် မတိုင်မှီအထိ လွန်ခဲ့သော ၅ လ (၁၉၄၆ စက်တင်ဘာလ ၂၁ရက်) က ဦးစောအား လုပ်ကြံ သူကို ဦးစောကိုယ်တိုင် အဖြေ မထုတ်နိုင် သေးပါ။ ဖော်ကောင် ဘညွှန့်နှင့်အတူ ပါလာသော စောရန်နောင်က “ဦးစောအား လုပ်ကြံသူ များသည် ဦးအောင်ဆန်း၏ လူများဖြစ်သည်။ ၎င်းတို့အား ပြန်လည် လုပ်ကြံ တိုက်ခိုက်ရမည်” ဟူသော သွေးထိုး စကားဖြင့် ဝင်ရောက် လာသည့် အချိန်ကစ၍ ဦးစော စိတ်ပြောင်း သွားခဲ့ပုံ ရသည်။ တချိန်တည်းမှာပင် စောရန်နောင်က မိမိသည် ဆိုရှယ်လစ်ပါတီ၏ စစ်ရေးခေါင်းဆောင်ဖြစ်ခဲ့ဖူးကြောင်း ထုတ်ဖော်မပြောဘဲ ဦးအောင်ဆန်း ဂိုဏ်းသားဟောင်း ပုံစံမျိုးဖြင့် ဦးစောအား ဆက်ဆံခဲ့သည့်အတွက် ဦးအောင်ဆန်း၏ လူများ မိမိကို ပူးသတ်ဖို့ရောက်နေသလား စသည့် သံသယစိတ်ဖြင့် ဦးစောတယောက် စောရန်နောင်ကို ချိန်ဆပေါင်းသင်းနေရကြောင်း အမှုတွဲတွင် ကောက်ယူရန် အကြောင်းများ တွေ့ရှိရပါသည်။ အထက်ပါအချက်များကို ခြုံငုံသုံးသပ်လျှင် ဆိုရှယ်လစ်ပါတီသည် ဦးစောအနေဖြင့် ဗိုလ်ချုပ်အပေါ်အထင်လွဲစေရန် ရန်ကုန်ဘဆွေနှင့် တကြိမ်၊ ယခု စောရန်နောင်နှင့် တကြိမ်၊ စုစုပေါင်း ၂ ကြိမ် အကွက်ဆင်ခဲ့ကြောင်း တွေ့နိုင်ပါသည်။
၁၅-၁၂-၄၇ နေ့ဦးစော၏ ရုံးရှေ့ထွက်ဆိုချက်နှင့် ၉-၁၂-၄၇နေ့ မြန်မာ့အလင်းသတင်းစာပါ ဖော်ကောင်ဘညွှန့်အား ပြန်လှန်စစ်မေးချက်များအရ ဘညွှန့်နှင့်စောရန်နောင်တို့သည် ဦးစောအား မျိုးချစ်ပါတီ ခေါင်းဆောင်မှုက ဖယ်ပေးပြီး လူငယ်တယောက်ကို ခေါင်းဆောင်တင်သင့်ကြောင်း၊ ရဲဘော် ၃၇၀၀၀ နဲ့ဂဠုန်တပ်ကို စောရန်နောင်က အုပ်ချုပ်လိုကြောင်း တောင်းဆိုမှုများ ရှိခဲ့ကြောင်း အမှုတွဲတွင် ထင်ရှားပေါ်ပေါက်ပါသည်။ နောက်ပိုင်းတွင် စောရန်နောင်ကို ဦးစောက ဦးအောင်ဆန်းရဲ့ သူလျှိုလို့ ထင်လာမိကြောင်း၊ ဒီသူငယ်ဟာ ကျနော့်ကို သေအောင် လာလုပ်တာပဲလို့ ယူဆပြီး သူ့ကို အယုံအကြည် မရှိတော့ကြောင်း ရုံးရှေ့တွင် ထွက်ဆိုချက်မှတ်တမ်းများ ရှိပါသည်။
ဘညွှန့်နှင့် စောရန်နောင်တို့က ဦးစောထံအမှုတွင် အရေးပါလှသော သက်သေခံစာ ၂ စောင်ကို (အကြမ်းဖက်လုပ်ငန်း လုပ်ကိုင်ရန် တွန်းအားပေး ရေးသားထားသည်။ တစောင်မှာ စာမျက်နှာ ၅ မျက်နှာ ပါရှိသော ပြည်သိမ်းစီမံချက်စာတမ်းနှင့် အခြားတစောင်မှာ စောရန်နောင်က ဦးအောင်ဆန်း၏ လုပ်ဆောင်ချက်ကို မထောက်ခံဘဲ ဂဠုန် တပ်ဖွဲ့တွင် ပါဝင် တာဝန်ယူမည် ဖြစ်ကြောင်း၊ မိမိတွင် တပ်ဖွဲ့ဝင် ၃၀,၀၀၀ ကျော် ရှိကြောင်း သတင်းစာတွင် ကြော်ငြာငြာမည့် စာတမ်းတို့ ဖြစ်ပါသည်။) ဦးစောထံ ပေးပို့ထားသဖြင့် ၎င်းစာများကို ရဲတပ်ဖွဲ့က ဦးစောအိမ်မှ ရှာဖွေ သိမ်းဆည်း ရယူသွားခဲ့သည်။
ဦးစောသည် ဘညွှန့်နှင့် ဆိုရှယ်လစ် စောရန်နောင်တို့၏ သွေးထိုးမြှောက်ပင့်မှုကို ယုံကြည်ပြီး ဗိုလ်ချုပ်လုပ်ကြံမှုတွင် ပထမ ပါဝင်သွားပုံ ရပါသည်။ အမှန်တကယ် လက်တွေ့ကြုံရသောအခါ ဘညွှန့်က ဖော်ကောင်လုပ်၍ ကိုယ်လွတ်ရုန်းပြီး ဦးစောအပေါ် ကြိုးကွင်းစွပ်သွားမှု ခံရခြင်း၊ တနည်း လူယုံသွင်းပူးသတ် ခံရခြင်း၊ ဦးအောင်ဆန်းအား လုပ်ကြံရန် အစဦး ပထမ လှုံ့ဆော်သူ ဆိုရှယ်လစ် စောရန်နောင်မှာ အရေးကြုံချိန်တွင် ရှောင်တိမ်းနေသူဖြစ်ခြင်းတို့ကို သိရှိလာပြီးနောက် အဖြစ်မှန်ကို ထုတ်ဖော်ပြောဆိုရန် စဉ်းစားလာပုံရကြောင်း အမှုတွင် ကောက်ယူရန် အခြေအနေများ ပေါ်ပေါက်ခဲ့သည်ကို မေမြို့ချစ်ဆွေ၏ သတင်းမှတ်တမ်းများတွင် တွေ့ရသည်။
ထို့ကြောင့် မိမိအမှုတွင် ခုခံကာကွယ်မှုလမ်းကြောင်း၌ (Supporting evidence) ထောက်ခံသည့် သက်သေခံချက်အဖြစ် အကောင်းဆုံး ဖြစ်နိုင်ချေရှိသော စောရန်နောင်နှင့် ဘညွန့်လက်မှတ်ပါ ရဲသိမ်းဆည်းသွားသော စာ ၂ စောင်ကို သက်သေခံအဖြစ် တင်ပြရန် တရားခံဦးစောက တရားလို အစိုးရဘက်သို့ တောင်းဆိုသောအခါ ရာဇဝတ်ဝန်ကြီး ဦးလှဘော်က ဦးစောအိမ်မှ သိမ်းဆည်းရမိသော စာရွက်စာတမ်းပေါင်း ၂၈၈ ခုကို ပြန်လည်စစ်ဆေးကြည့်ရှု့ရာတွင် တနေ့က ရုံးတော်သို့ တင်ပြသော စာရွက်စာတမ်းဖြစ်စေ၊ ပြည်သိမ်းစီမံကိန်းဆိုသော စာတမ်းဖြစ်စေ ထိုစာရင်းတွင် မပါပါဟု လည်းကောင်း၊ ၎င်းစာရွက်စာတမ်း ၂၈၈ ခုလုံးကို အားလုံးဖတ်မကြည့်ပါ။ အကျဉ်းချုပ် ရေးသားထားသော စာရင်းကိုသာ စစ်ဆေးကြည့်ရှု့ခဲ့ပါသည်ဟု လည်းကောင်း ပေါ့ပေါ့တန်တန် ဖြေကြားထွက်ဆိုမှုကို တရားလိုအစိုးရဘက်က ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။
ရဲဘက်က မလွှဲသာ၍ ထုတ်ပြခဲ့သောစာမှာ စောရန်နောင်က ၎င်းသည် ဗမာပြည်လုံးဆိုင်ရာ ပြည်သူ့ရဲဘော် အသေခံတပ် တပ်ဗိုလ်အဖြစ်မှ နုတ်ထွက်သည့်အကြောင်း ဖြစ်ပါသည်။ ယင်းစာ၏သဘောမှာ ဆိုရှယ်လစ် စောရန်နောင်က ဦးအောင်ဆန်း၏ဘက်သား ပြည်သူ့ရဲဘော် တပ်ဗိုလ် ဟန်ဆောင်ထားသည်ကို တွေ့နိုင်သည်။ စောရန်နောင်နဲ့ ဘညွှန့်တို့ လက်မှတ်နဲ့ စာတမ်းဖြစ်စေ၊ ပြည်သိမ်းစီမံကိန်းဆိုသော စာတမ်းများ ရှာဖွေပုံစံပါ စာရင်းတွင် မပါရှိဟု ရာဇဝတ်ဝန်ကြီးက ငြင်းသွားပါသည်။
ဦးစောကမူ ၎င်းအား သြဂုတ်လ ၂၀ ရက်နေ့ စစ်တုန်းက ၎င်းစာသည် ပုလိပ်လက်ထဲတွင် ရှိလိမ့်မည်ဟု ယုံကြည်ပါသည်။ ပုလိပ်ထံ မိမိ အစစ်ခံထွက်ဆိုထားသည်မှာ ပုလိပ်များက ထိုစာရွက်အကြောင်းကို သိပါစေဆိုတဲ့သဘောနဲ့ ပြောပြခဲ့ခြင်း ဖြစ်ပါသည်။ “သြဂုတ် လဆန်းလောက်မှာ ဦးထွန်းလှအောင ်(စုံထောက်မင်းကြီး) ကျနော့်ထံလာပြီး ကြည့်တုန်းက သူက ပြောတယ်၊ ခင်ဗျားရဲ့ တပည့်တွေ မခင်လေး၊ မမြရွှေ၊ စံမြင့်တို့ဟာ အားလုံး ဖြောင့်ချက်ပေးကုန်ကြပြီ၊ စောရန်နောင်နဲ့ ဘညွှန့်လက်မှတ်ထိုးတဲ့စာတမ်းကိုလည်း ဦးထွန်းလှအောင်က တွေ့သည့်အကြောင်း ထည့်ပြီး ပြောပါသေးတယ်။ ကျနော်က ၎င်းစာတမ်းများကို သိမ်းဆည်းထားတာပါ။ ၎င်းစာတမ်းများဟာ ကျနော့်ကို ထိခိုက်သည်ဖြစ်စေ၊ မထိခိုက်သည်ဖြစ်စေ သိမ်းထားပါလို့ ပြောပါသေးတယ်” ဟု ဦးစော၏ ထွက်ချက်မှတ်တမ်းတွင် တွေ့ရှိရပါသည်။
ဒီဇင်ဘာလ ၁၆ ရက် ဦးစောအား ဦးစီဘူး(တရားသူကြီး) ရုံး၌ အမေးအဖြေတွင်
– မျက်စိထိလို့ ဘယ်လောက်ကြာကြာ ခံရသလဲ။
– ၁၉၄၇ ခုနှစ် ဇန်နဝါရီလ အင်္ဂလန်ရောက်တော့ ဆရာဝန်ကြီးနှင့် ကုပြီးနောက် မနာတော့ပါ။
– ခင်ဗျားကို သေနတ်ပစ်တဲ့လူဟာ ဗိုလ်ချုပ်တို့လို့ မထင်ဘူး ပြောတယ်။ ဘယ်သူများကို မသင်္ကာပါသလဲ။
– မသင်္ကာပါဘူး။
– ဒီလုပ်ကြံမှုကြီးဟာ ဆင်ပြီး လုပ်ထားတယ်လို့ ပြောတယ်၊ ဘယ်သူက ဖန်တီးတယ်လို့ ထင်ပါသလဲ။
– ပုလိပ်က အစိုးရဖြစ်နေတဲ့ပါတီကို မျက်နှာလိုမျက်နှာရ ဆင်ပေးရတယ်လို့ ထင်တယ်။
– အစိုးရ ဖြစ်နေတဲ့ ပါတီနဲ့ မသင့်လို့လား
– ကျွန်တော်ဟာ အစိုးရအဖွဲ့နဲ့ ဆန့်ကျင်နေပါတယ်ဟု ဦးစောက ၎င်းသည် ဆန့်ကျင်ဘက် အစိုးရ၏ အမှုဆင် တရားစွဲခြင်း ခံရကြောင်း ထွက်ဆိုချက်ကို တွေ့ရှိရပါသည်။ ထိုကြောင့် ဦးစောအမှုနှင့် ပတ်သက်သော စောရန်နောင်နှင့် ဘညွှန့်တို့၏ လက်ရေး လက်မှတ်ပါသည့် အရေးကြီး စာရွက်စာတမ်းများ ရဲတပ်ဖွဲ့လက်ထဲတွင် ဖျောက်ဖျက်ခံရသည်ဟု ယူဆစရာ အကြောင်းအချက်များ အမှုတွင်ပေါ်ပေါက်လျှက်ရှိသည်မှာ ထင်ရှားပေါ်လွင်နေပါသည်။
ရဲ ဖျောက်ဖျက်ခံရသော စာရွက်စာတမ်းများ၏ မူလပိုင်ရှင် စောရန်နောင်မှာ အရှင်ဖမ်းမိပါလျက် နှုတ်ပိတ် လက်စဖျောက်ခံခဲ့ရကြောင်း ဗိုလ်စက်ရောင်နှင့် သခင်ကြည်ရှိန်တို့၏ ပြောကြားချက်ကို ဖတ်ရှုသူများက ယုံကြည်လက်ခံပါလျှင် ဗိုလ်ချုပ်တို့အား လုပ်ကြံသူ မူလဇစ်မြစ် အစစ်အမှန် မည်သူဖြစ်နိုင်မည်ကို ပဟေဠိ အဖြေညှိကြရန် စာရေးသူက တိုက်တွန်းအပ်ပါသည်။
ထို့အတူ ဗိုလ်စက်ရောင်သိရှိသလို စောရန်နောင်သည် အောင်ဆန်း-အက်တလီစာချုပ် အဆင်မပြေပါက အင်္ဂလိပ်အစိုးရအား စစ်ရေးနည်းဖြင့် ဦးဆောင်တိုက်ပွဲဝင်ပေးရမည့် ဆိုရှယ်လစ်ပါတီ၏ တည်ကြက် စစ်ရေးခေါင်းဆောင်လည်းဖြစ်ခဲ့ကြောင်း ဦးစောသည် အမှုမစစ်မှီ ကြိုတင်သိရှိခဲ့လျှင် (သို့မဟုတ်) ယင်းကိစ္စကို ဦးစောဘက်မှ ထောက်ခံထွက်ဆိုမည့် ခိုင်လုံသောသက်သေ တစုံတယောက်သာ အမှုတွင် ပေါ်ပေါက်ခဲ့လျှင် နိုင်ငံတော်လုပ်ကြံမှုကြီး နောက်ကွယ်မှ ဇစ်မြစ်တရားခံကို ဖော်ထုတ်နိုင်မည်လား သို့မဟုတ် အဆိုပါ သက်သေသည်လည်း နိုင်ငံခြားရေးဝန်ကြီး ဦးတင်ထွဋ်ကဲ့သို့ လက်သည်မဲ့ လုပ်ကြံခံရဦးမည်လား။ လား? လား? လားပေါင်းများစွာကို စာရှုသူများအား လက်ဆင့်ကမ်းပေးလိုပါသည်။
ဤနေရာတွင် စာဖတ်သူများ သိသင့်သော သတင်းအချက်အလက် တခုကို ထပ်မံဖြည့်စွက် တင်ပြလိုပါသည်။ စောရန်နောင်နှင့် ဘညွှန့်တို့ လက်ရေးလက်မှတ်ပါသော စာရွက်စာတမ်းများ ရဲတပ်ဖွဲ့သိမ်းဆည်းရာတွင် ပါရှိသဖြင့် မိမိဖတ်ရှုခဲ့ရကြောင်း ဦးစောကို အသိပေးပြောကြားခဲ့သူ စုံထောက်မင်းကြီး ဦးထွန်းလှအောင်သည် မေဂျာဂျင်နရယ် စစ်ရာထူးနှင့် ရဲချုပ်တာဝန်ပါ ယူထားရသူဟု ဆိုပါသည်။ ၎င်းပုဂ္ဂိုလ်သည် စောရန်နောင်နှင့် ဘညွှန့်တို့၏ စာကိစ္စ ဦးစောအား အသိပေးခဲ့ကြောင်း အမှုတွင် ပေါ်ပေါက်ပြီး ၁၀ လခန့်အကြာ ၁၅-၁၀- ၁၉၄၈ နေ့တွင် လက်ရှိရာထူးထက် အဆင့်နိမ့်သော စစ်သံမှူးအဖြစ် လန်ဒန်ရှိ မြန်မာသံရုံးသို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရပါသည်။ ၁၉၅၁ ခုနှစ် စစ်သံမှူး သက်တမ်းကုန်၍ မြန်မာနိုင်ငံ ပြန်လာသောအခါ သူစီးလာသော သင်္ဘော သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်း ဆိုက်ကပ်ချိန်တွင် မြန်မာထောက်လှမ်းရေးအရာရှိများ ဦးထွန်းလှအောင်အား လာရောက်တွေ့ဆုံပြီး သူ ကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်၍ မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်မပေးဘဲ ၁၉၅၄ ခုနှစ်အထိ သီရိလင်္ကာတွင် သောင်တင်နေခဲ့ရသည်ဟု ဦးထွန်းလှအောင်၏ သားဖြစ်သူ ဦးခင်အောင်ရေးသော “ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ” စာအုပ်တွင် ဖော်ပြထားမှုသည် စာဖတ်သူများ စဉ်းစားရမည့်အချက်တခု ဖြစ်ပါသည်။
အဆိုပါစာအုပ်တွင် နိုင်ငံတော်လုပ်ကြံမှုနှင့် ပတ်သက်၍ “အဖြေမရသောမေးခွန်းများ” ခေါင်းစဉ်အောက်တွင်
၁။ ဦးစောနှင့်ပတ်သက်သော နိုင်ငံတော်လုပ်ကြံမှုခုံရုံး သဘောပတိမှာ ဦးကျော်မြင့်ဖြစ်သော်လည်း စီရင်ချက်ကို ခုံရုံးအဖွဲ့ဝင် ဦးစီဘူး၊ ဦးအောင်သာကျော်တို့ ၂ ဦးအနက် ဦးအောင်သာကျော်က ရေးသားပြီး ဦးကျော်မြင့်မှာ ဖတ်ကြားရုံသာ လုပ်ဆောင်ခဲ့ရကြောင်း၊
၂။ စီရင်ချက်ချမှုကို မြန်မာပြည် လွတ်လပ်ရေးမရမှီ ၅ ရက်အလိုတွင် ကပ်၍ချခဲ့ခြင်းဖြင့် လန်ဒန်ပရီဗွီကောင်စီ Privy Council သို့ အသနားခံစာ တင်ခွင့်မရအောင် လုပ်ဆောင်သလို ဖြစ်နေကြောင်း ထောက်ပြထားသော အမှုစစ်ဆေးမှုအပေါ် သံသယဖြစ်ဖွယ် အချက်အလက်များသည် ဤနိုင်ငံတော်လုပ်ကြံမှုနှင့် ပတ်သက်၍ နောင်လာနောင်သား သုတေသီများအတွက် စဉ်းစားရမည့်အချက်များ ဖြစ်ပါသည်။
ယခုဖော်ပြပါ နိုင်ငံတော်လုပ်ကြံမှု ဆန်းစစ်ချက်များသည် အမှုတွဲနှင့် အမှုနှင့်တိုက်ရိုက်သက်ဆိုင် သော အမှုသည်များအပေါ် ထုတ်ဖော်ဆန်းစစ်ချက်များ ဖြစ်ပါသည်။ အမှုမှန်ပေါ်ပေါက်ရန် အမှုတွဲ၌သာမက ပြင်ပဆက်စပ်သော အကြောင်းအချက်များ (အတိတ်+ပစ္စုပ္ပန်) ကိုပါ ထည့်သွင်းစဉ်းစားရန်လည်း လိုအပ်ပါသည်။
နိုင်ငံတော်လုပ်ကြံမှုနှင့် ပါတ်သက်၍ ဗိုလ်ချုပ်အပေါ် ဦးစောအထင်လွဲစေရန် ရန်ကုန်ဘဆွေ၊ ပေဖူးလွှာဦးမြလှိုင်တို့ ၂ ယောက် ဦးစောအား ဟန်ဆောင် လုပ်ကြံမှုပြုခဲ့သည့် ကိစ္စသည် မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ထူး၍မဆန်း Open Secret ဖြစ်နေသောအချက် ဖြစ်ပါသည်။
ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းတွင် ရန်ကုန်ဘဆွေနှင့် ဦးမြလှိုင်တို့အား ခိုင်းစေသူသည် ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ဗိုလ်ချုပ်နေဝင်းတို့ဖြစ်ကြောင်းလည်း ပေါ်ပေါက်နေပါသည်။ သို့ရာတွင် ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ရန်ကုန်ဘဆွေတို့သည် ၁၊ ၉၊ ၄၅ နေ့တွင် ယခင်ပြည်သူ့အရေးတော်ပုံအဖွဲ့မှ ဗမာပြည်ဆိုရှယ်လစ်ပါတီအဖြစ် ဖွဲ့စည်းရာတွင် သခင်မြ၊ သခင်ချစ်၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်နေဝင်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ရန်ကုန်ဘဆွေတို့သည် ခေါင်းဆောင်များဖြစ်ခဲ့ကြကြောင်းကိုမူ ထည့်သွင်းစဉ်းစားမှု အားနည်းသည်ဟု ယူဆရပေသည်။ အထူးသဖြင့် အထက်ပါအုပ်စုသည် အင်္ဂလိပ်အစိုးရအား နိုင်ငံတွင်းလက်နက်စွဲကိုင် ပုန်ကန်ထကြွရေးအဖွဲ့ဝင်များဖြစ်ကြပြီး ဦးကျော်ငြိမ်းသည် ပြည်သူ့အရေးတော်ပုံပါတီ၏ ထောက်လှမ်းရေးအဖွဲ့တာဝန်ခံအဖြစ် တပ်မတော်သမိုင်းစာအုပ်တွင် မှတ်တမ်းတင်ထားခံရသူ ဖြစ်သည်ဆိုသောအချက်များကို ထည့်သွင်းဆင်ခြင်သုံးသပ်ရန် လစ်ဟာနေသည်ကို တွေ့ရပါသည်။
ဗိုလ်နေဝင်းသည် ရဲဘော်သုံးကျိပ်ဝင်အဖြစ် ဂျပန်ပြည်သွားစဉ်က သခင်ဗစိန်ဂိုဏ်းသားအဖြစ် သွားခဲ့ခြင်းဖြစ်ပြီး ပြည်သူ့အရေးတော်ပုံအဖွဲ့ဝင်မဟုတ်ပါ။ ဆိုရှယ်လစ်ပါတီထူထောင်ချိန်တွင် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့၏ အစည်းအရုံးခံတယောက်အဖြစ် နောက်မှ ရဲဘော်သုံးကျိပ်ထဲက သင်းကွဲပါဝင်လာသူ ဖြစ်ပါသည်။ စာရေးသူ စုဆောင်းလေ့လာတွေ့ရှိချက်အရ ပြည်သူ့အရေးတော်ပုံတဖြစ်လဲ နောင်ဆိုရှယ်လစ်ပါတီသည် နိုင်ငံရေးပြိုင်ဘက်များကို အမြဲစောင့်ကြည့်နေပြီး ဖြုတ်ထုတ်သတ် အနိုင်ယူရာတွင် လက်မနှေးသောအဖွဲ့ဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။ ဦးကျော်ငြိမ်းနှင့် ရန်ကုန်ဘဆွေသည် ၎င်းကိစ္စများနှင့်ပတ်သက်၍ နာမည်ကျော်ကြား လူသိများကြသူများ ဖြစ်ပါသည်။
အကျဉ်းချုပ် သာဓကထုတ်ပြရလျှင် (ဦးတင်မောင်ဝင်းရေးသော “နိုင်ငံရေးသမားနဲ့ နိုင်ငံရေး” စာအုပ်၊ စာ မျက်နှာ ၄၂၇ တွင်) ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော်ကို မြဝတီရဲခေါင်နဲ့ ဦးကျော်မြင့်လေးတို့ လုပ်ကြံရန် ကြိုးစားခဲ့ပုံကို ရေးသားထားပါသည်။ ဂျပန်ကင်ပေတိုင် မိသွား ၍ မြဝတီရဲခေါင် အဖမ်းခံရပြီး၊ အညမည ဦးချစ်လှိုင်(ကိုကိုမောင်ကြီး)က ဦးရဲခေါင်ကို အချုပ်ခန်းထဲ ထည့်ခဲ့ကြောင်း မှတ်တမ်းတင်ထားပါသည်။ အဲဒီအထဲ ဒေါက်တာဘမော်ကို စောင့်ကြည့်ဖို့ ရည်ရွယ်ချက်နဲ့ ဗိုလ်ရန်နိုင်ကို ဒေါက်တာဘမော်ရဲ့ ကိုယ်ရံတော်တပ်မှူးခန့်ပါမှ ဗိုလ်ရန်နိုင်က စည်းဖောက်ပြီး ဒေါက်တာဘမော်သမီးကို ယူလို့ သူတို့ ဒေါက်တာဘမော်ကို လုပ်ကြံဖို့လုပ်ရတဲ့ အကြောင်း ပါရှိပါသည်။ သူတို့ကို နောက်ကွယ်က အဓိကခိုင်းစေသူကို ဖော်ပြမထားပါ။ မယ့် လုပ်ကြံသူ ဦးကျော်မြင့်လေး မကြာမီ ဆိုရှယ်လစ်ပါတီ ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်လာတာကို တွေ့ရပါသည်။ ဆိုရှယ်လစ်ဂိုဏ်းသည် နိုင်ငံရေးပြိုင်ဘက်မှန်သမျှ အလစ်မပေးဘဲ အပြတ်ရှင်းတတ်သည့် သာဓကတခုပင် ဖြစ်ပါသည်။
တချိန်တည်းမှာ ဂျပန်ခေတ် စစ်ဝန်ကြီးဖြစ်နေသူ ဗိုလ်ချုပ်အောင်ဆန်း ၏ ကိုယ်ရေးဦးစီးအရာရှိ တာဝန်ယူရသူ ဗိုလ်မောင်မောင်သည် ဆိုရှယ်လစ်ပါတီ ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်နေတာကို တွေ့ရပါသည်။ ၎င်းပုဂ္ဂိုလ်သည် ဗိုလ်ချုပ်အောင်ဆန်းကို အနီးကပ်စောင့်ကြည့်တာဟာ စေတနာမမှန်ဘဲ ဗိုလ်ချုပ်ရဲ့ အမှားတွေကို ထောက်ဖို့ဖြစ်ကြောင်း (ဒေါက်တာမောင်မောင်ရေး ၁၉၈၈ ခုနှစ် အရေးအခင်းစာအုပ် စာမျက်နှာ ၃၈၃) တွင် “ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မဲ့ဗိုလ်ချုပ် မဖြစ်လို၍ တဘက်က ကာကွယ်ရေးဝန်ကြီးလုပ်ရင်း တဘက်မှလည်း တပ်များကို သူကိုယ်တိုင်ဆင်း၍ ကွပ်ကဲပေတော့သည်။ (ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးဦးစီးအရာရှိလုပ်ခဲ့သူ အငြိမ်းစား ဗိုလ်မှူးချုပ်မောင်မောင်၏ ပြောပြချက်အရ ထိုကဲ့သို့ အရေးကြီး ရာထူးတာဝန် ၂ ခုကို တွဲကိုင်ခြင်းသည် ထိုစဉ်က မြန်မာ့တပ်မတော် စံနမူနာယူ ဖွဲ့စည်းထားသော ဂျပန်တပ်မတော်မှာပင် အစဉ်အလာ မရှိခဲ့။) ဗိုလ်ချုပ်အောင်ဆန်းမှ ထိုကဲ့သို့ တာဝန် ၂ ရပ်ကို ပူးတွဲကိုင်ခဲ့သလို ဗိုလ်မှူးကြီးနေဝင်းနှင့် အရာရှိငယ်အချို့အားလည်း ရန်ကုန်မြို့ရှိ စစ်ရုံးချုပ်သို့ ရွှေ့ခဲ့သည်” ဟု ဖော်ပြပါရှိချက်အရ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်နေဝင်းအုပ်စုကြား ပဋိပက္ခရှိနေခဲ့သည်ကို တွေ့မြင်နိုင်သလို ဆိုရှယ်လစ်ပါတီ၏ အမာခံခေါင်းဆောင် ယူနစ်အုပ်စုမှ ဗိုလ်မောင်မောင်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးဦးစီးအရာရှိအဖြစ် ဗိုလ်ချုပ်ကို အနီးကပ်စောင့်ကြည့်နေကြောင်း သိနိုင်သည်။
ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ရန်ကုန်ဘဆွေတို့သည် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့၏ ဆိုရှယ်လစ်ပါတီ ဗဟိုဦးစီးအဖွဲ့ဝင်များ ဖြစ်ကြပြီး မြစ်ဝကျွန်းပေါ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပြည်တွင်းသူပုန်လုပ်ငန်းများကို ရဲဘော်သုံးကျိပ် မြန်မာနိုင်ငံထဲမဝင်မီက ကြိုတင်လုပ်ဆောင်ခဲ့သော ယူနစ်အဖွဲ့ဝင်များ ဖြစ်ကြသည်ကို သတိပြုရန် လိုပါသည်။ ထိုအချိန်ကစ၍ မြန်မာ့တပ်မတော်တွင် ရဲဘော်သုံးကျိပ်ဝင် စစ်အုပ်စုနှင့် ဗိုလ်နေဝင်းကို ခေါင်းဆောင်တင်၍ ဆိုရှယ်လစ်ပါတီ ယူနစ်ဂိုဏ်းဝင် စစ်အုပ်စု ၂ စု ကွဲနေသည်ကို လည်းကောင်း၊ အောင်လံမြို့နယ်တွင် တာဝန်ယူရသော ဗိုလ်နေဝင်းနှင့် အပေါင်းပါ ယူနစ်အုပ်စုဝင် စစ်ဗိုလ်ငယ်များအား ဂျပန်ခေတ်စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက နေရာပြောင်းရွှေ့ လူစုခွဲခဲ့သည်ကို ဗိုလ်မောင်မောင်တို့ ကျေနပ်မှု ရှိပုံမရကြောင်းကိုလည်းကောင်း၊ ဒေါက်တာမောင်မောင်၏ ရေးသားချက်များက တစိတ်တပိုင်း ဖော်ပြနေပါသည်။ အထက်ပါ တပ်မတော်အတွင်း အုပ်စုဖွဲ့အာဏာချုပ်ကိုင်ရေး ပြဿနာသည် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမည့် အဓိကတွန်းအားဖြစ်လာမည်ကို နောက်ပိုင်း၌ တွေ့မြင်လာရပါသည်။
ယင်းကိစ္စသည် ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ်အစိုးရလက်ထက်တွင် မျိုးချစ်ဗမာ့တပ်မတော်ကို အမြဲတမ်း ဗမာ့တပ်မတော်အဖြစ် ဖွဲ့စည်းရေးကာလတွင် ထင်ထင်ရှားရှား ပေါ်ပေါက်ခဲ့သည်ကို သမိုင်းလေ့လာသူများ မျက်ခြေမပြတ် ဒေါက်တာမောင်မောင်နှင့် ဗိုလ်ကျော်ဇောတို့ ရေးသားသော စာအုပ်များ ယှဉ်တွဲလေ့လာလျှင် တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ ဗိုလ်မှူးချုပ်ကျော်ဇောရေး ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ပေါင်းချုပ် စာမျက်နှာ ၁၁၉ တွင် “ဗိုလ်ချုပ် မကွယ်လွန်မီက ကျနော့်ကို စေခိုင်းခဲ့သည့်ကိစ္စတခု ရှိပါသေးသည်။ ထိုကိစ္စမှာ ဗိုလ်ချုပ်သည် ဖက်ဆစ်တော်လှန်ရေးပြီးနောက် သူ စစ်တပ်ကထွက်ပြီး နိုင်ငံရေးဘက် ကူးပြောင်းလိုက်ရန် ဆုံးဖြတ်ပြီးသည့်အခါ တပ်မတော်ကို သူ့ကိုယ်စား ထိန်းသိမ်းအုပ်ချုပ်ရန် လွှဲအပ်ခဲ့ဖို့ပုဂ္ဂိုလ်ကို စဉ်းစားရှာဖွေခဲ့သည်။ သူတည်ထောင်လာခဲ့သော တပ်မတော် အင်္ဂလိပ်တို့နှင့် ပေါင်းစည်းရသည့်နောက်တွင် ဖောက်ဖောက်ပြားပြားတွေ ဖြစ်လာမှာ အလွန်စိုးရိမ်ပုံရသည်။ ရာထူးစဉ်လာ ဝါစဉ်အရ ထိုစဉ်က သူ့လက်အောက် ဒုစစ်သေနာပတိဖြစ်နေသော ဗိုလ်လက်ျာကိုသာ လွှဲအပ်ရမည်ဖြစ်ရာ ဗိုလ်လကျ်ာအပေါ် နိုင်ငံရေးအရ စိတ်ချရမည်ဖြစ်သော်လည်း ကျန်းမာရေးအရ ရေရှည်အတွက် စိတ်မချရဟု ထင်မြင်ရပါသည်။”
“ထို့ကြောင့် နိုင်ငံရေးအရ မဖောက်မပြန် စိတ်ချရပြီး အများလေးစားခြင်းခံရကာ ပါတီအများနှင့် ဆက်ဆံရေးလည်း ကောင်းမွန်သော ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဦးဖြစ်သော သခင်ဗဟိန်းကို စစ်တပ်အား ကိုယ်စားလွှဲအပ်ဖို့ စိတ်ကူးဆန္ဒဖြင့် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ခန့်မှန်းခြေ ၁၉၄၅ ဇူလိုင်လတွင်းလောက် ထင်ပါသည် ဗိုလ်ချုပ်အောင်ဆန်း ကျနော့်ကိုခေါ်ပြီး သခင်ဗဟိန်းကိစ္စ သူ၏ ဆန္ဒနှင့်ဆုံးဖြတ်ချက်ကို ပြောပြကာ သခင်သန်းထွန်းထံ စေလွှတ်၍ သခင်ဗဟိန်းကို စစ်တပ်သို့လွှဲရန် ပေးဖို့ရန် သွားတောင်းခိုင်းပါသည်။ ကျနော် သခင်သန်းထွန်းထံသွား၍ ထိုကိစ္စကို ပြောပါသည်။ ထိုစဉ်ကာလက ကျနော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီမှာ ဘရောက်ဒါဝါဒ ဝင်နေရာ အနာဂတ်လွတ်လပ်ရေး တော်လှန်ရေးလုပ်ငန်းများမှာ စစ်ရေးအရ အကြမ်းဖက်လှုပ်ရှားမှုများမလိုဘဲ ငြိမ်းချမ်းစွာဖြင့် လူထုစည်းရုံးလှုပ်ရှားမှုဖြင့် အောင်မြင်နိုင်သည်ဟူသော အယူအဆ စွဲမြဲစွာ ယုံကြည်နေသည့်ကာလဖြစ်ရာ စစ်တပ်လုပ်ငန်းအပေါ် ဒါလောက် အာရုံမထားတော့ပဲ လူထုလူတန်းစား စည်းရုံးရေးသာ အဓိက အာရုံထားနေသောကာလ ဖြစ်ပါသည်။”
“သခင်သန်းထွန်းက ရှေ့မှာ စစ်တပ်လုပ်ငန်းဟာ ဒါလောက် အရေးပါတော့မှာ မဟုတ်ပါ။ လူထုစည်းရုံးရေးသာ အဓိကဖြစ်ရာ ကိုဗဟိန်းမှာ အလွန်အရေးပါပြီး လူထုအတွင်း သြဇာကြီးသူဖြစ်သည်။ သူ့ကို အရေးကြီးသည့် အလုပ်သမားသမဂ္ဂတွေ ကိုင်ခိုင်းဖို့ စီစဉ်ထား၍ မပေးနိုင်ကြောင်း ပြောပါသည်။ စစ်တပ်ကို အစဉ်အလာရှိသည့် ခင်ဗျားတို့တွေပဲ တပ်မှာ သြဇာရှိအောင် လုပ်ပြီး ထိန်းသိမ်းသွားကြပါဟု ပြောပါသည်။ ကျနော် ထိုကိစ္စ ဗိုလ်ချုပ်ကိုပြန်အစီရင်ခံတော့ ဗိုလ်ချုပ်က ကိုဗဟိန်းကို မပေးနိုင်ရင် ဖြူးမြို့နယ်မှ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဦးဖြစ်သော သခင်သန်းဖေရော မပေးနိုင်ဘူးလားဟု ထပ်မေးခိုင်းပါသည်။ သခင်သန်းထွန်းက သခင်သန်းဖေကိုလည်း မပေးနိုင်ကြောင်း အကြောင်းပြန်ပါသည်။ ဗိုလ်ချုပ်လည်း အတော်စိတ်ပျက်သွားပုံရသည်။ နောက်ဆုံး ဗိုလ်မှူးကြီးလကျ်ာကိုပဲ သူ့ကိုယ်စား သူ့နေရာဆက်ခံဖို့ ရွေးချယ်ပြီး ဗြိတိသျှတို့အောက် တပ်မတော် ဒုစစ်ဆေးရေးအရာရှိချုပ်နေရာသို့ ဝင်ယူစေပါသည်။ နောက် ဗိုလ်ချုပ်တို့အစိုးရအဖွဲ့အတွင်း ဝင်လာသောအခါ ဗိုလ်ချုပ်သည် ကာကွယ်ရေးဝန်ကြီး တာဝန်ပါ ယူထားပြီး တပ်ကို သူ တဖက်က ထိန်းသိမ်းသွားမည်ဟု စိတ်ကူးထားပုံရသည်ဟု ယူဆရပါသည်။”
“ထို ကိုဗဟိန်းကိစ္စကို ထိုစဉ်က ဆိုရှယ်လစ်များက သိသွားပုံရသည်။ ဗိုလ်အောင်ကြီးက ဗိုလ်နေဝင်း ထံပေးစာများတွင် ထိုကိစ္စပါလာပြီး ဆိုရှယ်လစ်တွေ မကျေမနပ်ဖြစ်ပုံကို ၁၉၈၈ ဝန်းကျင်က ဖတ်ရှုလိုက်ရပါသည်။ ဤသည်မှာ ဗိုလ်ချုပ်မကွယ်လွန်မီက ကျနော့်အားစေခိုင်းခဲ့သည့် ကိစ္စဖြစ်ပါသည်” ဟု လည်းကောင်း၊ စာမျက်နှာ ၁၁၈ တွင်လည်း “၎င်း ဆိုရှယ်လစ်များသည် ဗိုလ်ချုပ်က ကွန်မြူနစ်များအပေါ် ရန်သူလိုသဘောမထားနိုင်သည်ကို အလွန်မကျေနပ်ကြပေ။ ထို့ကြောင့် ဗိုလ်ချုပ်တို့ လုပ်ကြံခံရစဉ်က ပထမ သခင်စိုး၏ အလံနီပါတီကပင် “ဒါဟာဆိုရှယ်လစ်တွေသတ်တာ” ဟူ၍ ကြေညာဖူးသေးသည်”ဟု လည်းကောင်း ဖော်ပြ ပါရှိပါသည်။ မျက်မှောက်ခေတ်တွင် အတွင်းရေးမှတ်တမ်းများ တစတစ ပေါ်ပေါက်လာပြီဖြစ်ရာ သမိုင်းအဖြစ်မှန်ကို မြင်အောင်ကြည့်တက်ဖို့သာ လိုသည်ဟု စာဖတ်သူများအား အကြံပြုအပ်ပါသည်။