ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းကြူကုတ်မြို့၊ ကောင်းခါးကျေးရွာ ခရစ်ယာန်ဘာသာရေးကျောင်းဝန်း အတွင်းမှာ စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ မြင်တွေ့ရသူတွေက သူတို့အလောင်းတွေကို အောက်ပိုင်း အဝတ်ဗလာနဲ တွေ့ရတာကြောင့် မုဒိန်းကျင့် လူသတ်မှုလို့ ယူဆနေကြပါတယ်။ ဒီလို သေဆုံးသူတွေရဲ့ ဓာတ်ပုံကို ဖေ့ဘွတ်လူမှုကွန်ရက်မှာလည်း ဖြန့်ဝေနေကြပါတယ်။
အသက် ၂၀ အရွယ်ရှိ ခေါန်နန်စင် နဲ့ လုရာ တို့နှစ်ဦးဟာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) ရဲ့ ခွင့်ပြုချက်နဲ့ ဆင်းရဲတဲ့ ကောင်းခါကျေးရွာက ကလေးငယ်တွေကို အခမဲ့ လာရောက်ပညာသင်ကြားပေးနေသူတွေဖြစ်ပြီး ဘုရားကျောင်း ဝန်းအတွင်းက တည်းခိုရာ အိမ်ခန်းမှာ သူတို့နှစ်ဦး သေဆုံးနေတာကို တွေ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။
“ကျနော်တို့ ဒီမနက်သွားကြည့်တော့ နှစ်ယောက်လုံး ဦးခေါင်းတွေက ရိုက်ခံထားရတာ ထင်တယ်။ ညိုမဲစွဲပြီး သွေးတွေ ပေကျံ နေတယ်။ သူတို့ဘေးနားမှာလည်း သွေးတွေပေနေတဲ့ ထင်းချောင်း တချောင်းရှိတယ်။ တယောက်က မျက်နှာနဲ့ လက်တွေမှာ ဓားနဲ့ မွှန်းထားတဲ့ဒဏ်ရာတွေရှိတယ်” လို့ တရွာတည်းသား ဦးမလ က ဧရာဝတီကို ပြောပါတယ်။
ဒါ့အပြင် အလောင်းတွေဟာ မသေဆုံးမီမှာ အဓမ္မပြုကျင့်ခံထားရတဲ့ လက္ခဏာမျိုးတွေ တွေ့ရတယ်လို့လည်း ကျေးရွာ ရာအိမ်မှူး တဦးက ဆိုပါတယ်။
“အလောင်းတွေ စတွေ့တော့ အောက်ပိုင်းမှာ အဝတ်စလစ်နဲ့ ပေါင်တွေကားလျက်သား ဖြစ်နေတယ်။ အကျႌတွေလည်း လည်ပင်းထိရောက်နေတယ်။ မသေခင် မုဒိမ်းကျင့်ခံထားရတဲ့ပုံ ပေါက်တယ်။ သေသွားတဲ့ ကောင်မလေးတွေလက်ထဲမှာ ခပ်တိုတို ဆံပင်စတွေလည်းတွေ့တယ်” လို့ ဆိုပါတယ်။
အခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပန်ဆိုင်းကြူကုတ် ရဲစခန်းအနေနဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ထားတယ်လို့ စခန်းမှူး ဇော်မင်းထွန်း က ဧရာဝတီကို ပြောပါတယ်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ပုဒ်မ ၃၀၂ နဲ့ ကျနော်တို့ အမှုဖွင့်ထားပြီး တရားခံကို အမြန်ဆုံးဖော်ထုတ်နိုင်ရေး ဆောင်ရွက်နေပါတယ်။ ကောင်မလေး နှစ်ယောက်ရဲ့ အလောင်းကိုတော့ လောလောဆယ် မူဆယ်ဆေးရုံကြီးမှာ ဆေးစစ်မှု လုပ်နေပါတယ်” လို့ စခန်းမှူး ဇော်မင်းထွန်းက ပြောပါတယ်။ မူခင်းစစ်ဆေးမှု အသေးစိတ်ကိုတော့ ရှင်းပြဖို့ ငြင်းဆိုပါတယ်။
ရွာသားတွေကတော့ သေဆုံးသူနှစ်ဦးနေတဲ့ အိမ်အနီးနဲ့ ထင်းပုံအနီးမှာ စစ်ဖိနပ်ခြေရာနဲ့ တူတဲ့ ပွိုင့်ထူထူဖိနပ်ခြေရာမျိုးတွေ့တာ ကြောင့် ရွာကို ရောက်နေတဲ့ အစိုးရ စစ်တပ် ခမရ ၅၀၃ တပ်ဖွဲ့ဝင်တွေအပေါ်မှာ သံသယရှိနေကြပါတယ်။
ခမရ ၅၀၃ စစ်ကြောင်းဟာ ကောင်းခါ ရွာကို အခုလ ၁၉ ရက်နေ့က ရောက်ရှိနေတာဖြစ်ပြီး သေဆုံးသူနှစ်ဦးနေထိုင်တဲ့ ကိုက်တရာခန့်မှာ စခန်းချ နေထိုင်နေကြတယ်လို့ ရွာသားတွေက ပြောပါတယ်။
ဒေသခံ ခရစ်ယာန် အသင်းအုပ် ဆရာ ဦးတူးဂျာ က “ကျနော်တို့ ဒီဘုရားကျောင်းလေး တည်ဆောက်လာတာ ၂၀၀၈ ကတည်း ကပါ။ ဆင်းရဲလို့ စာမသင်နိုင်ကြတဲ့ ကလေးတွေကို စာသင်ပေးတယ်။ ဒီလိုအဖြစ်မျိုးတခါမှ မဖြစ်ဖူးဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
သူကဆက်ပြီး “အခုလို ဘုရားကျောင်းဝန်းအတွင်းမှာ ရုပ်ပျက်ဆင်းပျက် ရက်ရက်စက်စက် သတ်ခံလိုက်ရတာကို မြင်တော့ သူတို့အတွက် တော်တော်ကို စိတ်ထိခိုက်မိတယ်။ ဒီကိစ္စဖြစ်ပြီး ရွာသားတွေလည်း ကြောက်ရွံ့ထိတ်လန့်နေကြတယ်” လို့ ဆိုပါတယ်။
ဒီကနေ့ ညနေပိုင်းအထိ ခေါန်နန်စင် နဲ့ လုရာ တို့နှစ်ဦးရဲ့ ရုပ်အလောင်းတွေကို မူဆယ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးစစ်မှုတွေ ပြုလုပ်နေပြီး ဆေးစစ်ချက်တွေအပေါ်ရွာသားတွေကလည်း မူဆယ်ဆေးရုံကြီးမှာ လိုက်ပါစောင့်မျှော်နေကြပါတယ်။













