အစိုးရကျောင်းများမှာ သင်ကြားရေးစနစ် မမှန်ကန်မှုကြောင့် ကျောင်းတွေမှာ ကျကျန်ရစ်ခဲ့ရတဲ့၊ ပျောက်ဆုံး ခဲ့ရတဲ့ ကလေးတို့ရဲ့ အရည်အချင်းတွေ အကြောင်းကို ဧရာဝတီမှာ ကျမရေးလာခဲ့တာ ဒီဆောင်းပါးနဲ့ဆိုရင် သုံးပတ်ရှိပါပြီ။
သည် ၏ မလွဲ ကျက်ဖြေရတဲ့ ကျက်ဖြေ စနစ်ဆိုးကြီးကြောင့် ပေးလိုက်ရတဲ့ အရာများစွာထဲကမှ နောက်ထပ် ကျမတို့ ကလေးတွေ ပေးလိုက်ရတာကတော့ ယုတ္တိကျကျ စဉ်းစားဝေဖန် သုံးသပ်နိုင်တဲ့ စွမ်းရည် (Critical thinking Skills) ပဲ ဖြစ်ပါတယ်။
ကျမတို့နိုင်ငံက အစိုးရကျောင်းတွေမှာ ကလေးတို့ ယုတ္တိကျကျ စဉ်းစားဝေဖန် သုံးသပ်နိုင်တဲ့ စွမ်းရည် ရရှိ လာအောင် လို့ စာသင်ခန်းတွေမှာ သင်မပေးနိုင်ကြပါဘူး။ တကယ်တော့ ဒီစွမ်းရည်ဟာ ပညာရေး အတွက် ရော၊ အနာဂတ်လူ့ အဖွဲ့စည်း အတွက်ပါ သိပ်ကိုမှ အရေးကြီးတဲ့ စွမ်းရည်တခုပဲ ဖြစ်ပါတယ်။
Critical thinking skills ကို သင်ဖို့ ဘာကြောင့် လိုသလဲလို့ မေးရင် တွေးဖို့လိုလို့ သင်ရတာပါပဲ။ တွေးတဲ့ နေရာမှာ တွေးချင်ရာကို ရောက်တတ်ရာရာ လျှောက်တွေးနေတဲ့ တွေးနည်း မဟုတ်ဘဲ အကြောင်းရာတခုကို ကြည်လင်ထင်ရှားစွာနဲ့ တွေးတဲ့ တွေးနည်းကို သင်ကြားတာပါ။ ဒီလိုတွေးတဲ့ အချိန်မှာလည်း ယုတ္တိကျကျ စဉ်းစားဝေဖန် သုံးသပ်တတ်တဲ့ ဉာဏ်နဲ့ ယှဉ်ပြီးတော့ တွေးတတ်တဲ့ တွေးနည်းကို Critical thinking skills လို့ ခေါ်တာပါပဲ။
ဒီလိုတွေးတတ်၊ စဉ်းစားတတ်တဲ့ တွေးနည်းဟာ လူတယောက် အတွက် သိပ်ကိုမှ အရေးကြီးတဲ့ စွမ်းရည်ပါ။ Critcal thnking skills အားကောင်းတဲ့ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့စည်းဟာ လူမှုရေး၊ နိုင်ငံရေးရဲ့ ရှုပ်ထွေးတဲ့ ပြဿနာ များကို လွယ်ကူအောင်မြင်စွာ ဖြေရှင်းနိုင်ကြပါတယ်။ ဒီစွမ်းရည် အားနည်းတဲ့ လူ့အဖွဲ့စည်းမှာတော့ နိုင်ငံတွင်း ပြဿနာ၊ လူမှုရေး ပြဿနာ၊ စီးပွားရေးပြဿနာ စတဲ့ ပြဿနာများနဲ့ လုံးလည်ရှုပ်ထွေး နေတတ်ပါတယ်။
ဒီစွမ်းရည်ကို အရေးကြီးတဲ့ စွမ်းရည်တခု အဖြစ် ဖွံ့ဖြိုးပြီးနိုင်ငံက စာသင်ခန်းမှာ၊ ကျောင်းတွေမှာ ထည့်သွင်း သင်ကြားခဲ့တာ ကြာခဲ့ပါပြီ။ ကျမတို့ နိုင်ငံမှာတော့ အခုချိန်ထိ ဒီစွမ်းရည်ကို ကလေးတို့ ရရှိလာစေဖို့ အတွက် စာသင်ခန်းများမှာ မသင်ကြားနိုင်သေးပါဘူး။ ယုတ္တိကျကျ စဉ်းစားဝေဖန် သုံးသပ်နိုင်တဲ့ စွမ်းရည်ကို ကလေး တ့ို ရရှိလာအောင်လို့ သူတို့နိုင်ငံက ကျောင်းတွေမှာ ဘယ်အရွယ်က စသင်ရမလဲ ဆိုရင်တော့ ကျောင်းစ တက်တဲ့ သူငယ်တန်း အရွယ်မှာ ကတည်းက စသင်ပေးကြပါ တယ်။
ဒီလို ယုတ္တိကျကျ စဉ်းစားဝေဖန် သုံးသပ်နိုင်တဲ့ စွမ်းရည်ကို အတန်းစဉ်အလိုက် ကလေးတို့ကို ဘယ်လိုသင် ကြားမလဲ ဆိုတဲ့ အကြောင်းကို ပြောဖို့ရာက ဆောင်းပါး တစောင်လောက်နဲ့တော့ဖြင့် ဘယ်လိုမှ မလုံ လောက်နိုင်ပါဘူး။
ဒါကြောင့် ဒီဆောင်းပါးမှာ ပညာရေးရဲ့ အခြေခံဖြစ်တဲ့ သူငယ်တန်း၊ ၁ တန်း ကလေးများကို ဘယ်လိုသင်ရ မလဲဆိုတဲ့ အပိုင်းကိုပဲ ကျမ တင်ပြဆွေးနွေးသွား ပါ့မယ်။
Critical thinking Skills စွမ်းရည်ကို ရရှိစေဖို့ အတွက် အရေးအကြီးဆုံး အရာကတော့ ကလေးတွေကို မေး ခွန်းလေးတွေ မေးခွင့်၊ စူးစမ်းခွင့် ပေးခြင်းပါပဲ။ ဒီလို မေးမြန်း စူးစမ်းနိုင်ခွင့် ရဖို့ အတွက် ကလေးတို့ဟာ အကြောက်တရား ကင်းစင်ဖို့ လိုပါတယ်။
မေးခွန်းတခု မေးလိုက်ရင် ဆရာမက ဆူမလား၊ အော်မလား၊ ရိုက်မလား လို့ စိုးရိမ်စိတ်ပူ မနေရပါဘူး။
Critical thinking Skills ကို ကလေးတို့ ရရှိလာအောင်လို့ လေ့ကျင့်ပေးတဲ့ စာသင်ခန်းထဲမှာ ဆရာမဟာ အဖြေကို ရှာဖွေပေးသူ (အဖြေမှန်ပေးသူ) တယောက် မဟုတ်ပါဘူး။
မေးခွန်းရဲ့ အဖြေကို ရဖို့ အတွက် ကလေးက သူ့ ဘာသာသူ ရှာဖွေရပါတယ်။ ဒီစွမ်းရည်ကို လေ့ကျင့်ပေးတဲ့ စာသင်ခန်းမှာ အဖြေမှန်ဟာ တခုတည်း မဟုတ်ပါဘူး၊ တခုထက်မက ရှိနိုင်ပါတယ်။
ဥပမာ- သူငယ်တန်း ဖတ်စာအုပ်ထဲက သင်ခန်းစာ (၁) ဖတ်စာ ဆိုပါတော့..။
ညအခါ၊ လသာသာ
ကစားမလား၊ နားမလား ဆိုတဲ့ စာကို ကြည့်ရအောင်ပါ။
ဒီသင်ခန်းစာဟာ အ အာ အား ကို သင်ပြီးတာနဲ့ ကလေးတို့ စာဖတ်တတ်အောင် ဖတ်စာအနေနဲ့ ရေးထား တာ ဖြစ်ပါတယ်။ ဟိုးအရင်ခေတ်က ကလေးများကတော့ ဒီစာကို ဖတ်လိုက်တာနဲ့ ညမှာ လသာတုန်း ကစား ရတဲ့ အကြောင်းကို ဖတ်ရုံနဲ့ နားလည်မှာ ဖြစ်ပေမယ့် မြို့မှာ လျှပ်စစ်မီးနဲ့နေတဲ့ ကလေးတွေ ကတော့ နားမလည်နိုင်ပါဘူး။
ဒီဖတ်စာ (၁) ထဲက စာတွေဟာ ကလေးနဲ့ အတူတူ ဖတ်ရင်းနဲ့ ဘာကြောင့် ညမှာ ကစားတာလဲ၊ လသာရင် သားတို့ ရော ဘာလုပ်လဲ၊ သားတို့ရော ကစားလား၊ မီးပျက်တဲ့ ညတွေမှာ ဘာလုပ်သလဲ၊ တကယ်လို့များ မီး ချောင်းတွေ၊ မီးလုံး တွေ ထွန်းလို့မရဘူး၊ ညဘက် မီးမလာတော့ဘူး ဆိုရင် သားတို့ ဘာလုပ်ကြမလဲ စသဖြင့် ကလေးတို့နဲ့ အတူတူ အမေးအဖြေလေးတွေ လုပ်ရင်းနဲ့ သင်ကြားလို့ ရတာပါပဲ။
ကလေး ပြောချင်တာကို ပြောပါစေ။ မှန်တာ မှားတာကို ဆရာမက ဆုံးဖြတ်မပေးဘဲနဲ့ နားထောင်ရုံသက် သက်ပဲ နားထောင်လိုက်ခြင်းဟာ ကလေးတို့ကို တွေးခေါ်မှု စွမ်းရည်လေးတွေ မြင့်တတ်စေဖို့ အတွက် စာသင်ခန်းမှာ လေ့ကျင့် ပေးတဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။
ညအခါ လသာသာ၊ သားသား ပုံနားထောင်မှာ ဆိုရင်လည်း ဒီအဖြေဟာ အမှန်ပါပဲ။ ညအခါ လသာသာ၊ ဂိမ်းထိုင်ဆော့နေမှာ ဆိုတဲ့ အဖြေကလည်း အမှန်ပါပဲ။
ဖတ်စာအုပ်ထဲက ညအခါ လသာသာ ကစားမလား၊ နားမလား ဟာ အ အာ အား သင်ပြီးသူ ကလေးများ အတွက် စာဖတ်ဖို့ လွယ်ကူစွာ ရေးထားတဲ့ စာများသာ ဖြစ်ပါတယ်။ ကလေးတို့ အလွတ် အော်ကျက်ရမယ့် စာ၊ စာမေးပွဲမှာ ညအခါကို မြင်တာနဲ့ လသာသာလို့ ရေးဖို့ အတွက် အလွတ်ကျက်မှတ်ရမယ့် စာ မဟုတ်ပါ။ သူတို့ရဲ့ စဉ်းစားတွေးခေါ်မှုကို နှိုးဆွပေးနိုင်ဖို့ အတွက် ဖြစ်ပါတယ်။
ဒီလိုပဲ လယ်သူမများ ဘယ်ထဲ ဆင်းကြသလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ လယ်ထဲဆင်းကြသည် လို့ ဖြေမှ အဖြေမှန် မဟုတ်ပါဘူး။ ကလေးက လယ်သူမများ ရေထဲဆင်းကြသည်လို့ ဖြေရင်လည်း ဒီအဖြေဟာ မှန် တယ်လို့ ဆိုလို့ ရပါတယ်။ ဆိုလိုတာက ကလေးရဲ့ တွေးခေါ်မှုကို ကန့်သတ်မထားဘဲ ဒါဆိုရင် ဒါကိုပဲဖြေရ မယ်ဆိုတဲ့ ဒါကျက် ဒါဖြေ မဟုတ်တဲ့ သင်နည်းစနစ်နဲ့ စာသင်ခန်းဖြစ်ဖို့ လိုပါတယ်။
ကျမတို့ နိုင်ငံက စာသင်ခန်းများကို လေ့လာကြည့်မယ် ဆိုရင်ဖြင့် သူငယ်တန်း ကျောင်းစတက်တဲ့ အချိန်မှာ ဆရာမက ကျောက်သင်ပုန်းကို ကြိမ်လုံးနဲ့ တဗြန်းဗြန်းရိုက်ပြီးတော့ အတန်းငြိမ်အောင် ထိန်းရပါတယ်။
အတန်းသား ခြောက်ဆယ်လောက်ကို ဆရာမ တယောက်လောက်ပဲ ထိန်းရတာမို့လို့ အော်ဟစ်ငိုယိုနေတဲ့၊ ဆော့ကစားနေတဲ့ ကလေးများကို ဆရာမခမျာ ငြိမ်အောင်လို့ ဘယ်လိုမှ မထိန်းနိုင်ပါဘူး။
ဆရာမကိုကြောက်ရ၊ ကြိမ်လုံးကို ကြောက်ရတဲ့ အတန်းထဲမှာ ကလေးတို့ဟာ ကုလားထိုင်မှာ ငြိမ်ငြိမ်လေး ထိုင်ပြီး တော့ လေးကြောင်းမျဉ်း စာအုပ်လေးထဲမှာ ဝလုံးကို ဝိုင်းအောင် ရေးရပါတော့ တယ်။ ဝလုံးလေး ဝိုင်း ဖို့အတွက် ရေးရင်းနဲ့ပဲ ဝလုံးလေး ဝိုင်းစက်နေအောင် ဝိုင်းလာတဲ့ အချိန်မှာတော့ ကလေးတို့ဟာ ဆရာ၊ ဆရာမ ခိုင်းတဲ့အတိုင်း တိတိကျကျ လိုက်လုပ်တတ်လာတဲ့၊ လိမ္မာတဲ့ ကလေးတွေ ဖြစ်လို့ လာပါတော့တယ်။
ကျမတို့ နိုင်ငံက သူငယ်တန်း၊ ၁ တန်း စာသင်ခန်းတွေနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံက သူငယ်တန်း၊ ၁ တန်း အတန်းတွေ ကို ယှဉ်ပြီး တော့ ကြည့်မယ် ဆိုရင်ဖြင့် တော်တော်လေးကို ကွာခြားတာကို တွေ့ကြရမှာပါ။ သူငယ်တန်း အရွယ်လေးတွေ ဆိုတာ ဟာ တကယ်တော့ စာတွေ အများကြီးသင်ဖို့ မလိုသေးတဲ့ အရွယ်ပါ။ စာတွေကို ကျက်နေစရာလည်း မလိုပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံများမှာတော့ ဒီအရွယ်အတန်းတွေမှာ စာမေးပွဲဆိုတာ မရှိ သေးပါဘူး။
သူငယ်တန်း၊ ၁ တန်းက ဆရာများရဲ့ တာဝန်တွေထဲမှာ ဝလုံးလေးတွေ ဝိုင်းအောင်ရေးဖို့ ဆိုတာထက် ပိုပြီး အရေးကြီးတဲ့ တာဝန်ကြီး ရှိပါသေးတယ်။ ဒါကတော့ ကလေးတို့ကို ပုံပြောပြ၊ စာအုပ်လေးတွေ ဖတ်ပြတဲ့ တာဝန်ပါပဲ။
ဒီလို စာအုပ်လေးတွေ ဖတ်ပြတဲ့ အချိန်မှာ သူတို့နိုင်ငံက သင်ရိုးညွှန်းတန်း တွေထဲမှာတော့ ကလေးတို့ရဲ့ ယုတ္တိကျကျ စဉ်းစားတွေးတောတဲ့ ဉာဏ်လေးတွေပါ ဖွ့ံ့ဖြိုးလာစေဖို့ အတွက် ကျွဲကူးရေပါ ဆိုသလို ဆရာမက စာဖတ်ပြရင်းနဲ့ လေ့ကျင့် ပေးရမယ်လို့ ဆိုပါတယ်။
ဖတ်ပြမယ့် စာအုပ်အဖုံးလေးကို ကလေးတို့ကို ထောင်ပြပြီးတော့ ဒီထဲမှာ ပါတဲ့အကြောင်းက ဘာအကြောင်း ဖြစ်မယ် ထင်လဲ ဆိုတာကို ကလေးတို့ကို မှန်းဆခိုင်းတာပါ။ ကလေးတို့ဟာ သူတို့ ထင်တဲ့ အထင်တွေကို တယောက် တပေါက် ပြောကြပါ လိမ့်မယ်။ ပြောသမျှ အဖြေဟာ မှန်ချင်လည်းမှန်မယ် မှားချင်လည်း မှားလိမ့်မယ်။ အမှားမှန် ဟာ အရေး မကြီးပါဘူး။
အရေးကြီးတာက စာအုပ်အဖုံးလေးကို ကြည့်ပြီးတော့ အထဲက အကြောင်းရာ ဘာဖြစ်မယ် ဆိုတာကို ဆပ် စပ် တွေးတော စဉ်းစားခြင်း ဆိုတဲ့ စဉ်းစားကျင့်လေးပါပဲ။ ဒီ စဉ်းစားကျင့်လေးကို ကလေးတို့ ရသွားစေဖို့ အတွက် ပုံပြောချိန်လေးက ကလေးတို့ကို လေ့ကျင့်ပေးလိုက်တာပါပဲ။
ကျမတို့ နိုင်ငံမှာတော့ သူငယ်တန်း ကျောင်းများမှာ ဆရာမနဲ့ ကျောင်းသားဦးရေ မမျှတတဲ့ ပြဿနာကြောင့် ဆရာမတို့မှာ ကလေးတို့ကို ဒီလောက်ထိ လုပ်ပေးနိုင်တဲ့ အချိန်နဲ့ အခွင့်ရေး မရှိပါဘူး။ ဒါပေမယ့် ကလေးတို့ ကို ဖတ်ပြဖို့ ကျောင်းမှာ ကလေးဖတ်စာအုပ် မရှိဘူးဆိုရင်တောင်မှ ကလေးဆိုတာ ပုံကြိုက်တတ်ကြ၊ ပုံပြင် နားထောင် ရတာကို ကြိုက်ကြတဲ့ သူချည်းပဲမို့ ဆရာမတို့ အနေနဲ့ ကလေးတို့ကို ပုံပြင်လေးတွေနဲ့ ရယ်ပြုံး လာအောင်၊ စဉ်းစား တတ်လာအောင်လို့ လေ့ကျင့်ပေးလို့ ရပါတယ်။ ပုံပြောရင်းနဲ့ပဲ တဝက်လောက်မှာ ရပ်ထားပြီးတော့ ဘာဆက်ဖြစ်မယ် ထင်လဲ ဆိုတာမျိုး ကလေးတွေကို မေးတာမျိုးနဲ့လည်း လေ့ကျင့်ပေးလို့ ရတာပါပဲ။
နောက်ဆုံး ကျမတို့နိုင်ငံက ကျောင်းတွေမှာ ကလေးတွေကို ပုံပြောဖို့၊ စာဖတ်ပြဖို့ အချိန်နဲ့ အခွင့်အရေး ဘယ်လိုမှ ရှာမရအောင် လုံးလုံး မရှိနိုင်တော့ပါဘူး လို့ ဆိုရင်တောင်မှ ကလေးတို့ကို သူငယ်တန်း စာတွေ၊ ၁ တန်းစာတွေကို သည် ၏ မရွေး အလွတ် မကျက်ခိုင်းဘဲ စဉ်းစားတွေးတော တတ်အောင်လို့ သင်ဖို့ လိုပါ တယ်။
ဖတ်စာအုပ်ထဲက စာအတိုင်း အတိအကျ ဖြေမှ အမှန်၊ ဒီမေးခွန်းကို မေးရင် ဒီအတိုင်းပဲ ဖြေရမယ် ဆိုတဲ့ သင်နည်း စနစ်နဲ့ မေးခွန်းပုံစံကို မပြောင်းနိုင်သေး သရွေ့တော့ ကလေးတို့မှာ ယုတ္တိကျကျ စဉ်းစားဝေဖန် သုံးသပ်နိုင်တဲ့ စွမ်းရည် ကို ရရှိနိုင်ဖို့ မလွယ်သေးပါဘူး။
ဖတ်စာအုပ်ထဲက စာတွေကို ဒီအတိုင်း ချရေးနိုင်ဖို့၊ အလွတ်ကျက်ခိုင်း ပြန်ဖြေခိုင်းခြင်းဟာ ကလေးတ ယောက် (လူတယောက်) ရဲ့ Critical thinking Skills ကို သတ်ပစ်လိုက်တာ ပါပဲ။ ဉာဏ်ပိုင်းဆိုင်ရာ၊ တွေး ခေါ်မှုပိုင်း ဆိုင်ရာ အားနည်းတဲ့ လူမျိုး၊ အမိန့်နာခံဖို့ကလွဲပြီးတော့ ဖောက်ထွက် မစဉ်းစားတတ်တဲ့ လူမျိုး တမျိုး အဖြစ် ကမ္ဘာ့နိုင်ငံများ အကြားမှာ အထင်သေး မခံရေစေဖို့ အတွက် ကျမတို့ရဲ့ ပညာရေးစနစ်နဲ့ သင်နည်းစနစ်ကို ပြောင်းလဲဖို့ လိုပါပြီ။
နိုင်ငံရဲ့ အနာဂတ်၊ လူမျိုးရဲ့ အနာဂတ်၊ လူ့အဖွဲ့စည်းတခုရဲ့ အနာဂတ်ကို ပြုပြင်ပြောင်းလဲဖို့ အတွက် ကျမတို့ နိုင်ငံရဲ့ အစိုးရကျောင်း စာသင်ခန်းတွေ၊ သင်နည်းပုံစံတွေ၊ စာမေးပွဲ ဖြေဆိုပုံတွေကို အစစ်အမှန် ပြုပြင် ပြောင်းလဲဖို့ လိုနေပါပြီ။
ကလေးတို့ရဲ့အနာဂတ်၊ နိုင်ငံအနာဂတ် အတွက် မြန်မာပြည်ရဲ့ ကလေးအများစုကြီး တက်ကြရတဲ့ အစိုးရ ကျောင်းများ သာ တကယ်ပြောင်းလဲ၊ တကယ် သင်ကြားနိုင်ခဲ့မယ် ဆိုရင်ဖြင့် နောက်ထပ် နှစ် ၃၀- ၄၀ မှာ ကျမတို့နိုင်ငံနဲ့ လူမျိုးဟာ ကမ္ဘာ့အလည်မှာ မျက်နှာ မမော်နိုင်ရင်တောင်မှ မျက်နှာမငယ်နိုင်တော့ပါဘူး။
ဒါကြောင့်မို့လို့ ကျောင်းတွေမှာ တွေးခေါ်မှုစွမ်းရည်၊ တီထွင်ဖန်တီးမှုစွမ်းရည်၊ ယုတ္တိကျကျ စဉ်းစားဝေဖန် သုံးသပ်နိုင် တဲ့ စွမ်းရည် စတဲ့ စွမ်းရည်တွေကို ကလေးတို့ရရှိလာစေဖု့ိ အတွက် သင်ရိုးညွှန်းတန်းနဲ့ သင်နည်း စနစ်တွေကို ပြုပြင် ပေးကြပါဦး။ ။