ထိုင်းနိုင်ငံ မြောက်ပိုင်း လမ်းပန်းနယ် ငေါင်ခရိုင်၌ မြန်မာ အလုပ်သမားများ တင်ဆောင်လာသည့် ပစ်ကပ် ကားတစီးနှင့် ကုန်တင်ယာဉ်တစီးတို့ ယနေ့နံနက်စောစောက တိုက်မိရာ မြန်မာအလုပ်သမား ၄ဦးနှင့် ကားမောင်းသူ ထိုင်းလူမျိုးတို့ သေဆုံးသွားကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။
မြန်မာအလုပ်သမား၂ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကာ ၂ဦးမှာ ဆေးရုံတွင် ဆုံးသွားကြောင်း၊ ကားပေါ်ပါ တခြားသော မြန်မာအလုပ်သမား ၆ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။
အသက်မသေပဲ ကျန်ခဲ့သည့် မြန်မာအလုပ်သမားများ အဆိုအရ ကုန်တင်ကားမှာ မတိုက်မီကပင် လမ်းတဖက်မှ ၎င်းတို့ဘက်သို့ ဦးတည်လာနေသည်ကို မြင်ရကြောင်း၊ ကုန်တင်ကားမောင်းသူကလည်း အိပ်ရေးပျက်သည့်အတွက် အိပ်ငိုက်ကာ တိုက်မိခြင်းဖြစ်သည်ဟု ဝန်ခံပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။











