နမ်စီပွန်
ဝါကျင်ကျင်အဆင်းရှိ ချင်းတွင်းမြစ်ကြောင်းမှတဆင့် နမ့်တုံထွန်းချောင်းသို့ စက်လှေဖြင့် ၃ နာရီကြာ ဆန်တက်လာခဲ့လျှင် ခန္တီးဒေသ၏ နာမည်ကြီး ကျောက်စိမ်းမှော် တစ်ခုဖြစ်သော နမ်စီပွန် ရွာကို ရောက်ရှိသည်။
ရွာအမည်ကို အစွဲပြုကာ “နမ်စီပွန်မှော်”ဟု ခေါ်ဝေါ်ကြသည်။
ရှမ်းစကားအရ “နမ်” ဆိုသည်မှာ ရေ ၊ “စီပွန်” က ချောင်းလေးခု ဆုံရာ အရပ် ဟု အဓိပ္ပာယ်ရသည်။
မိုးဖွဲဖွဲများကြား စက်လှေဖြင့် ဖြတ်လာသည့် မြစ်ကြောင်း ဘေးပတ်လည်တလျှောက် စိမ်းညို့နေသည့် ဝါးရုံပင်ကြီးများ၊ သစ်ပင်ကြီးများကို တွေ့ရသည်။ ၆ နာရီကြာ ရေလမ်းအသွားအပြန်ခရီးတွင် လောင်စာ ဆီပေပါများတင်သည့် စက်လှေ ၁ စီးနှင့် ခရီးသည်တင်သည့်စက်လှေ ၂ စီးကိုသာ တွေ့ခဲ့ရသည်။
ကျောက်စိမ်း၊ ပယင်း အစရှိသော သဘာ၀ သယံဇာတ ထွက်ရှိသည့် ဒေသတခုဖြစ်သော ခန္တီးမြို့နယ်သည် လူဦးရေ ၄ သောင်းခွဲကျော် နေထိုင်ပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲကာ အများပြည်သူ သွားလာရေးအတွက် ရေကြောင်းကိုသာ အဓိက အားထားနေရသည့် ဒေသတစ်ခုဖြစ်ကြောင်း၂၀၁၄ ခုနှစ်က ကောက်ခံခဲ့သည့် သန်းခေါင် စာရင်းအရ သိရသည်။
ကောလာဟလ နှင့် ရေမဆေးသမားများ
၁၉၉၂ ခုနှစ်ကတည်းက နမ်စီပွန်ရွာသည် ကျောက်တူးဖော်ရေး ကုမ္ပဏီများအား လုပ်ကိုင်ခွင့်ချထား ပေးခဲ့သည့် မှော် နယ် မြေ တစ်ခုလည်းဖြစ်သည်။ ထိုစဉ်ကတည်းက လုပ်ပိုင်ခွင့်ရခဲ့သည့် ကုမ္ပဏီများ လက်မြှောက်ထားရသည့် အခြေအနေ တခု က နမ်စီပွန်မှာ ဖြစ်ပေါ်နေသည်။
ယင်းမှာ သတ္တုတွင်း၏ လုပ်ပိုင်ခွင့်ရ ကျောက်တူးဖော်ရေး ကုမ္ပဏီများနှင့် ရေမဆေးကျောက် ရှာဖွေသူများကြား ကျောက် ရှာဖွေခွင့်ကိစ္စပင် ဖြစ်သည်။
ကျောက်တူးဖော်ရေး ကုမ္ပဏီများက ၎င်းတို့လုပ်ငန်း လုပ်ကိုင်ခဲ့သည့် နှစ် ၂၀ ကျော် သက်တမ်းတွင် မကြုံဘူးခဲ့သဖြင့် ပြေလည်အောင်ဖြေရှင်းပေးရန် သက်ဆိုင်ရာ တိုင်းအစိုးရ အဖွဲ့၊ လွှတ်တော် အဖွဲ့အစည်းတို့ကို တင်ပြတောင်းဆို ထား ကြောင်း သိရသည်။
အဆိုပါ ပြဿနာမှာ နမ်စီပွန်မှော်တွင် မေလဆန်းပိုင်းက ထွက်ပေါ်နေသည့် သတင်းတခုကို အခြေခံကာ စစ်ကိုင်းတိုင်း အထက်ပိုင်း အပါအဝင် ဒေသအသီးသီးက ရေမဆေးကျောက်ရှာဖွေသူ အများအပြား လာရောက်ကာ ကုမ္ပဏီများ ခြံစည်း ရိုး ခတ်ထားသည့် ဧရိယာအတွင်းရှိ မြေစာပုံများအတွင်း ကျောက်များ ဝင်ရောက်ရှာဖွေ နေခြင်းကြောင့် ဖြစ်သည်။
ရေမဆေးကျောက် ရှာသူများ သိထားသည့်သတင်းမှာ NLD အစိုးရ၏ ရက် ၁၀၀ စီမံချက်တွင် တနိုင်ငံလုံးရှိ ပုဂ္ဂလိက ကျောက်တူးဖော်ရေး ကုမ္ပဏီများအား ဆက်လက်တူးဖော်ခွင့် မပေးဘဲ ရပ်ဆိုင်းထားကြောင်း၊ ရပ်ဆိုင်းစဉ် ကာလ နမ်စီပွန် ရှိ ကျောက်မြေစာပုံများတွင် မည်သူမဆို ကျောက်ရှာဖွေနိုင်မည်ဆိုသည့် ကောလာဟလတခုပင် ဖြစ်သည်။
နမ်စီပွန်သို့ လွန်ခဲ့သည့် ၂ လခန့်က ရေမဆေးကျောက်ရှာရန် လာရောက်ခဲ့သည့် လဟယ်မြို့က အသက် ၂၅ နှစ်အရွယ် ကိုကဆန်က “ကျောက် လာရှာလို့ရတယ် ဆိုတာနဲ့ သူငယ်ချင်းတွေနဲ့စုပြီး လာခဲ့တာပါ၊ ကုမ္ပဏီတွေက နားလည်မှုနဲ့ လွတ်လွတ် လပ်လပ် ရှာပိုင်ခွင့်ပေးထားတယ်လို့ ပြောတာပဲ”ဟု ပြောသည်။
ယင်း ကောလာဟလ စတင်ခဲ့သည့် ၃ လအတွင်း ထောင်ချီသည့် ရေမဆေးသမားများ နမ်စီပွန်မှော်သို့ နေ့စဉ် ကျောက် လာရောက် ရှာဖွေကြရာ ကုမ္ပဏီပိုင်ဝင်းအတွင်းမှ ကျောက်ကြော မြေစာပုံများကိုပါ ဝင်ရောက် ရှာဖွေသည့် အဆင့်အထိ ရောက်ရှိလာကြောင်း ခန္တီးခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောသည်။
“ဒီအခြေအနေကို တားဆီးဖို့အတွက် အထက်ကို လုံခြုံရေးအင်အား ချပေးဖို့ တောင်းခဲ့ပါတယ်။ ဒါပေမယ့် မပေးခဲ့ပါဘူး။ အဲဒါကြောင့် ခုလိုပိုဆိုးလာပြီး တချို့က အကြမ်းဖက်တဲ့ အနေအထားလေးတွေ တွေ့လာရပါတယ်”ဟု ၎င်းက ပြောသည်။
အစိုးရ၏ ရက် ၁၀၀ စီမံချက် မဟုတ်သော်လည်း သယံဇာတ တူးဖော်ရေး လုပ်ငန်းများကြောင့် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်ရန်အတွက် သက်တမ်းကုန် လုပ်ကွက်များအား သက်တမ်းတိုးခွင့် မပြုတော့ခြင်း၊ လုပ်ကွက် သစ် များ လျှောက်ထားခြင်းတို့ကို ဆိုင်းငံ့ခြင်းအား အစိုးရသစ်တက်လာသည့် ၃ လ အတွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သတင်း အချက်အလက်များအရ နမ်စီပွန်ဒေသတွင် ကျောက်စိမ်း တူးဖော်နိုင်သည့် လုပ်ကွက်ဧရိယာ ဧက ၇၀၀၀ ကျော် သတ်မှတ်ချပေးထားပြီး ဧက ၁၀၀ ကျော်တွင် ကုမ္ပဏီ ၈ ခုက တူးဖော်ရေး လုပ်ငန်းများလုပ်ကိုင်လျက် ရှိကြောင်း သိရသည်။
နမ်စီပွန်တွင် ဦးပိုင် အပါအဝင် ကျောက်တူးဖော်ရေး လုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်း ၉ ခုရှိကြောင်း အုပ်ချုပ်ရေး ဦးစီးဌာန မှ သိရသည်။
ကောလာဟလ ၏ နောက်ဆက်တွဲ
“တပြည်လုံး အတိုင်းအတာ ရပ်ဆိုင်းထားတဲ့ အတွက်ကြောင့် ပြည်သူလူထုက ဒီလိုလေး ရှာစားခွင့်ရတာ၊ ဟိုတုန်းကဆို ဒီလိုတောင် အနားကပ်လို့မရဘူး။ တရုတ်တွေချည်း အကုန်ကြီးစိုးသွားတာ”ဟု ခန္တီးဒေသခံ ရေမဆေး ကျောက် ရှာဖွေ သော အလုပ်ဖြင့် အသက်မွေးသည့် ကိုမြင့်သိန်း က ပြောသည်။
ကောလာဟလကို သယ်ဆောင်လာသည့် အဓိကပင်ရင်းကို မသိနိုင်သော်လည်း ကောလာဟလကြောင့် ရေမဆေးသမား အများစု လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှသည့် နမ်စီပွန်သို့ ရောက်ရှိခဲ့ကြသည်။
နမ်စီပွန်တွင် ရေမဆေးကျောက် ရှာဖွေသူများမှ ရလာသည့် ကျောက်များအား တဆင့်ရောင်းချပေးသည့် ပွဲစားများလည်း ရှိရာ ကျောက်တလုံး ရောင်းရလျှင် ကျောက်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ပွဲစားကို ပေးရကြောင်း ရေမဆေးကျောက် ရှာဖွေ သူများထံမှ သိရသည်။
အဆိုပါ ၁၀ ရာခိုင်နှုန်းအား ရေမဆေးရှာသူများက တွင်းဝခွန်ကဲ့သို့ ကျောက်မျက်ရတနာခွန် ပေးဆောင်ရခြင်း ဖြစ်သည်ဟု သတ်မှတ်ထားကြရာ ရှာဖွေပြီး ရောင်းရသမျှ ကျောက်အားလုံးသည် တရားဝင်အခွန် ဆောင်ပြီးသား ကျောက်များ အဖြစ် သာ မှတ်ယူထားကြသည်ဟု ဆိုသည်။
နောက်ဆက်တွဲ ဖြစ်ပွားလာသည့် အငြင်းပွားမှုတခုသည် ကုမ္ပဏီခြံစည်းရိုး အတွင်းရှိ မြေစာပုံများသည် စွန့်ပစ် မြေစာပုံ ဖြစ်ခြင်း၊ မဖြစ်ခြင်းကိစ္စပင် ဖြစ်သည်။ မှော်နယ်မြေ၏ အလေ့အထအရ အကြမ်းဖျင်းအားဖြင့် စွန့်ပစ်မြေစာပုံတွင်သာ ရေ မဆေးကျောက်သမားများ ကျောက်ရှာဖွေခွင့် ရှိသောကြောင့် ဖြစ်သည်။
“သူတို့ခြံခတ်ထားတဲ့ နယ်မြေတော့ မှန်တယ်၊ ဒါပေမယ့် ဒါတွေက စွန့်ပစ်မြေစာတွေ”ဟု ရေမဆေးသမား ကိုမြင့်သိန်းက ပြောသည်။
နမ်စီပွန်မှော်တွင် ကျောက်တူးဖော်ရေး လုပ်ကိုင်နေသည့် ဇဗ္ဗူသီရိ ကုမ္ပဏီမှ တာဝန်ခံ ကိုအောင်သူကမူ“မျောတိုက်ပြီး အောက်ကျတဲ့ မြေကိုမှ စွန့်ပစ်မြေစာလို့ ခေါ်တာပါ၊ အခုက ကုမ္ပဏီကတောင် မရှာရသေးဘဲ ပုံထားတဲ့ ကျောက်ကြော မြေစာပုံတွေမှာ ရေမဆေးတွေက ရှာနေတာပါ၊ အဲဒီလိုရှာတာကို သွားတားရင် ပြန်ပြီး ရန်လုပ်ခံ ရပါတယ်”ဟု ပြောဆို သည်။
အကြမ်းဖျင်းအားဖြင့် ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းသည် ဆောင်းရာသီတွင် ကျောက်တောင်ကြီးများမှ တူးဖော် ရရှိ သည့် ကျောက်ကြောပါသည့် မြေစာများအား သီးသန့်ပုံထားပြီး မိုးရာသီတွင် မြေစာများအား မျောစင်တွင် ရေဖြင့်ဆေး ချကာ ကျောက်အရိုင်းတုံးများကို ရှာဖွေရသည်ဟု ဆိုသည်။
ကျောက်စိမ်းရိုင်း တတုံးရရှိရန် မိုးလင်းမှ မိုးချုပ် နေဝင်သည်အထိ မိုးရွာမရှောင်၊ နေပူမရှောင် မြေစာပုံပေါ်တွင် တူးရွင်း တချောင်းဖြင့် တကုတ်ကုတ် ရှာဖွေနေကြသည့် ရေမဆေးသမားများအတွက် မျက်စိတဆုံး ကျယ်ပြန့်လှသည့် မြေစာပုံကြီး များက ၎င်းတို့၏ ငွေပုံကြီး တခုလိုပင်။
မျောစင်အထက်ရှိ မြေစာပုံများတွင် ရှာဖွေနေသည့် ရေမဆေးသမားများလည်း ရှိသလို ကုမ္ပဏီခြံဝင်း အပြင်ဘက် တောင် နံရံများတွင် ရှာဖွေနေသည့် ရေမဆေး ကျောက်သမားများကိုလည်း နမ်စီပွန်တွင် အများအပြား တွေ့ခဲ့ရသည်။
စစ်ကိုင်းတိုင်း သယံဇာတ တူးဖော် ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) အဖွဲ့ဝင် ကိုအောင်ဆန်းမြင့်က စစ်ကိုင်းတိုင်းအစိုးရ အဖွဲ့အနေဖြင့် အခြေအနေများကို ကွင်းဆင်း ကြည့်ရှုရန် လိုအပ်ပြီး နှစ်ဦး နှစ်ဘက် ပြေလည်မှု ရရှိစေမည့် ဖြေရှင်းမှုမျိုး အဖြေရှာပေးသင့်ကြောင်း၊ အခွန်ဆောင်ကာ လုပ်ကိုင်နေသည့် ကုမ္ပဏီ များကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရန် လိုအပ်သလို ဒေသခံ ရေမဆေး ကျောက် ရှာဖွေ သူများအတွက်လည်း တပိုင်တနိုင် လုပ်စားခွင့် ကျောက်လုပ်ကွက်များ သတ်မှတ် ချထားပေးရန် လိုအပ်ကြောင်း ပြောသည်။
ရေမဆေးသမားများ အခွန် ဆောင်ခွင့် မရှိ
လုပ်ပိုင်ခွင့်ရ ကျောက်တူးဖော်ရေး ကုမ္ပဏီက ကျောက်စိမ်းရိုင်းတတုံး ရရှိလာသည်နှင့် မြန်မာနိုင်ငံ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းလက်အောက်ရှိ ကျောက်စိမ်း တူးဖော်ရေးဌာန တန်ဖိုးဖြတ်အဖွဲ့ထံ ကျောက်တန်ဖိုး သတ်မှတ်ရန် အပ်နှံရပြီး ထိုအဖွဲ့က ကျောက်တန်ဖိုး ဖြတ်ကာ တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းအား ရတနာခွန် (တွင်းဝခွန်) ပေးဆောင်ရမည်ဟု ၁၉၉၅ ခုနှစ် ကျောက်မျက်ရတနာ ဥပဒေများ ပြဋ္ဌာန်းထားသည်။
ထိုသို့ တွင်းဝခွန် ၂၀ ရာခိုင်နှုန်း ပေးဆောင်ပြီးသော ကျောက်များကသာ ပြည်တွင်းဈေးကွက် သို့မဟုတ် နေပြည်တော်တွင် ပြုလုပ်သည့် ကျောက်မျက်ရတနာပွဲတွင် ပြသရောင်းချခွင့်ရှိကြောင်း ခန္တီး ကျောက်စိမ်း တူးဖော်ရေး ဌာနမှ တာဝန်ရှိသူ တဦး က ပြောသည်။
“တွင်းဝခွန်ဆိုတာ သတ္တုတွင်းက လုပ်ပိုင်ခွင့်ရပြီး လက်ရှိမှာလည်း ကျောက်တူးဖော်နေတဲ့ ကုမ္ပဏီများကိုသာ အခွန် ပေး ဆောင် ရတာဖြစ်ပါတယ်။ တရားမဝင် ရေမဆေးရှာဖွေသူက အခွန်ဆောင်ခွင့် မရှိပါဘူး၊ ဥပဒေမှာလည်း ပြဋ္ဌာန်းပြီးသားပါ” ဟုလည်း ၎င်းက ရှင်းပြသည်။
ခန္တီး ကျောက်စိမ်း တူးဖော်ရေးဌာန၏ စာရင်းများအရ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်၏ ဧပြီမှ သြဂုတ်လအထိ ကျောက်စိမ်း တန်ပေါင်း ၃၂၀၀ ကျော်အတွက် တွင်းဝခွန် စုစုပေါင်း ငွေကျပ် သိန်း ၃၂၀၀ ကျော် ပေးဆောင် ထားကြောင်း သိရသည်။
မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းက ကျောက်၏ အရည်အသွေးအား အေ၊ ဘီ၊ စီ၊ ဒီ အဆင့်ဖြင့် သတ်မှတ်ရာ အရည်အသွေး အကောင်းဆုံးကို ‘အေ’ အဆင့်ကျောက်ဟု သတ်မှတ်သည်။
ခန္တီးဒေသမှ ထွက်ရှိသည့် ကျောက်စိမ်းအများစုသည် စီ နှင့် ဒီ အဆင့်ရှိ အသားကျောက်များ ဖြစ်ပြီး ကျောက်စိမ်း ပန်းပု ထုရန်အတွက် အရည်အသွေးကောင်းသည့် ကျောက်များသာ ဖြစ်သောကြောင့် ကျောက်မျက်ပြပွဲ များတွင် ပန်းပုထုလုပ် ရန် အတွက် နမ်စီပွန် ဒေသထွက် ကျောက်များအား တရုတ်ကုန်သည်များက အထူးဝယ်ယူ အားပေးကြကြောင်း သိရ သည်။
အခွန်ရှောင် ကျောက်များ တားဆီးမည်
နမ်စီပွန်ဒေသတွင် နယ်မြေလုံခြုံရေး အတွက် ရဲအင်အား လုံလောက်စွာ တာဝန်ချထားပေးရန် လိုအပ်ပြီး ပြဿနာများ ကြောင့် ဒေသတွင်း တရားဥပဒေစိုးမိုးမှု လျော့ကျမည်ကို စိုးရိမ်ကြောင်း ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောသည်။
ကျောက်စိမ်းများ အခွန်ရှောင်ကာ တရားမဝင်ထွက်ရှိမှုများ ရှိနေသည့်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ “ရှောင်တခင် စစ်ဆေးရေးအဖွဲ့” ဖွဲ့စည်းပြီး စက်တင်ဘာလမှ စတင်၍ စစ်ဆေးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်းလည်း ၎င်းက ပြောပြသည်။
ယင်းအဖွဲ့ဖွဲ့စည်းခွင့်အတွက် သြဂုတ်လဆန်းပိုင်းက စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ထံ တင်ပြခဲ့ပြီး လကုန်ပိုင်းက ခွင့်ပြုမိန့် ရရှိ ခဲ့ကာ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျောက်မျက်၊ ရဲ၊ မူးယစ်၊ သစ်တော စသည့်အဖွဲ့များ ပါဝင်ကာ ရေကြောင်း၊ လေကြောင်း စစ်ဆေးသွားမည်ဟု သိရသည်။
ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က“ကျောက်မျက်တွေ မြို့နယ်ပြင်ပမထွက်ဖို့ စစ်ဆေးသွားမယ်၊ အမြဲတမ်း ဂိတ်ထားလို့လည်း မရတော့ ရှောင်တခင်စစ်ဆေးပါမယ်။ လူကြီး၊ လူငယ် ခရီးသည်မရွေး စစ်မယ်”ဟု ပြောသည်။
ကျောက် တူးဖော်ရေးနှင့် သဘာ၀ ပတ်ဝန်းကျင်
ကျောက်စိမ်းနှင့် ဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်းများအနေဖြင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ အသိ အမှတ်ပြု သဘာ၀ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု စီမံချက် (Environmental Management Plan, EMP) များ ရေးဆွဲဆောင် ရွက် ရန် သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက သြဂုတ်လ အတွင်းက ထုတ်ပြန် ကြေညာခဲ့ သည်။
အဆိုပါ ထုတ်ပြန်ချက်နှင့်အညီ လုပ်ပိုင်ခွင့်ရ တူးဖော်ရေး ကုမ္ပဏီများက ၂၀၁၇ ဇန်နဝါရီလအတွင်း အပြီး ရေးဆွဲရမည် ဖြစ်ပြီး စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် စီမံချက်ရေးဆွဲသည့် ကုမ္ပဏီကို Environmental Compliance Certificate (ECC) လက်မှတ် ထုတ်ပေးမည်ဖြစ်သည်။
အနာဂတ်တွင် ယင်းလက်မှတ် ကိုင်ဆောင်ထားသည့် ကုမ္ပဏီများကိုသာ တူးဖော်ရေး လုပ်ငန်းများ ခွင့်ပြုပေးမည်ဖြစ်ပြီး သက်တမ်း ကုန်သွားပါက သက်တမ်း ထပ်တိုးခွင့်ရရှိနိုင်မည်ဟု အမှတ် ၂ သတ္တုတွင်း လုပ်ငန်းမှ သိရသည်။
၂၀၁၆ ခုနှစ် စက်တင်ဘာ လကုန်တွင် လုပ်ပိုင်ခွင့် ကုန်ဆုံးတော့မည့် ကျောက်စိမ်းလုပ်ကွက် ၃၂၀ ကျော်တွင် နမ်စီပွန် မှော်ရှိ လုပ်ကွက် ၈၃ ခုပါဝင်ကြောင်း သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနက ထုတ်ပြန် ကြေညာထားသည်။
‘ကျောက်မျက်နဲ့ သစ်တော သယံဇာတတွေကို နောင်လာနောက်သားတွေ ထိန်းသိမ်းထားဖို့လိုပါတယ်။ အခု ချပေးထားတဲ့ လုပ်ကွက်တွေကို သက်တမ်းကုန်ရင် ထပ်မချပေးတော့ဖို့။ ချပေးမယ်ဆိုရင်လဲ နောင်လာ နောက်သားတွေအတွက် လုပ်စရာရှိမှာ မဟုတ်တော့ပါဘူး”ဟု နမ်စီပွန်ရွာသား တဦးက ပြောသည်။
ယခင်က ချောင်း ၄ ခုဆုံရာ နမ်စီပွန်ရွာနံဘေးက နမ်စီပွန်ချောင်းအတွင်း ရေနေသတ္တဝါ ငါးကြီးများ ရှိခဲ့ဖူးသော်လည်း လက်ရှိတွင် အဝါရောင် သန်းနေပြီး နောက်ကျိနေသည့် ရေများ စီးဆင်းရာ ချောင်းတခုအဖြစ် ပြောင်းလဲနေကြောင်း ဒေသခံများက ပြန်လည် ပြောပြသည်။ ။