မ.ထ.သ ယာဉ်လိုင်းဟောင်းနေရာတွင် အစားထိုးပြေးဆွဲနေသည့် ရန်ကုန် အများပိုင်ယာဉ်လိုင်းသစ် YBS ( Yangon Bus Service ) ပြေးဆွဲမှု ၃ လ ပြည့်မြောက်ပြီ ဖြစ်သော်လည်း တိုးတက်ပြောင်းလဲလာမှု မရှိသေးကြောင်း ယမန်နေ့ ဧပြီလ ၂၄ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းဝေဖန်ခဲ့ကြသည်။
ရန်ကုန်တိုင်းလွှတ်တော်၌ ဧပြီလ ၂၄ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ က စည်းကမ်းဖောက်ဖျက်နေမှု ဆက်လက်ရှိနေပြီး YBS စတင်ပြေးချိန်မှ ရက်ပေါင်း ၅၀ အတွင်း သေဆုံးသူ ၅ ဦး ရှိခဲ့သည်ဟု လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
စည်းကမ်းဖောက်ဖျက်သူများကို နေ့စဉ် ဒဏ်ကြေးဖြင့် အပြစ်ပေးရုံမျိုး မဟုတ်ဘဲ ထိရောက်သည့် ပြစ်ဒဏ်ပေးရန် လိုအပ်ကြောင်းနှင့် ဝန်ဆောင်မှုပေးသည့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် စီမံချက်များကို စနစ်တကျ ရေးဆွဲပြီး၊ လက်တွေ့စမ်းသပ်ပြီးမှသာ အကောင်အထည် ဖော်သင့်ပြီး “ပြည်သူ့အတွက် YBS မဟုတ်ဘဲ ပြည်သူစိတ်ပျက် YBS” ဖြစ်နေသည်ဟု ဦးကျော်ဇေယျက တင်ပြသည်။
YBS ယာဉ်လိုင်း လုပ်ကိုင်ရာတွင် ငွေကြေးသုံးစွဲမှုအပိုင်း၌ ပွင့်လင်းမြင်သာမှု အားနည်းနေပြီး၊ တင်ဒါစနစ်၊ အစုရှယ်ယာများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
တိုင်းဒေသ ကိုယ်စားလှယ် ဒေါ်ကြည်ပြာက “အစုရှယ်ယာတွေကို ဘယ်လိုဆောင်ရွက်နေသလဲ၊ အစိုးရက ၅၁ ရာခိုင်နှုန်း ပါတယ်လို့ သိရတယ်။ ရှယ်ယာတစုကို ၁ သိန်းနဲ့ ရောင်းတယ်လို့ ကြားတယ်။ အဲဒီတော့ ဒီရှယ်ယာတွေက အခုထိ ရောင်းနေဆဲလား၊ ရပ်ထားသလားစတဲ့ ငွေကြေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ချပြဖို့လိုတယ်” ဟု ဆွေးနွေးတင်ပြသည်။
လက်ရှိပြေးဆွဲနေသည့် YBS ယာဉ်များမှာ အရည်အသွေး ညံ့နေပြီး၊ ထပ်မံဝယ်ယူမည့်ယာဉ်များကို အရည်အသွေး စစ်ဆေးပြီးမှ ဝယ်သူသင့်ကြောင်းနှင့် တိုင်ကြားရန် ဖွင့်လှစ်ထားသည့် ကွန်ပလိုင်းစင်တာများ၏ ဖုန်းနံပတ်များ အချိန်ပြည့် အလုပ်လုပ်ရန် လိုအပ်ပြီး၊ လမ်းညွှန်ဆိုင်းဘုတ်များကိုပါ အသစ်ပြန်လည် ပြင်ဆင်ပေးသင့်ကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ် (ခ) ဦးနေမျိုးကျော်က ဆွေးနွေးသည်။
YBS ယာဉ်လိုင်း ပြောင်းလဲပြေးဆွဲရန် စတင်ကြေညာခဲ့စဉ်က ယာဉ်များ၌ GPS စနစ်များ တပ်ဆင်၍ စည်းကမ်းထိန်းချုပ်ခြင်း၊ ၃ လ အတွင်း ကတ်စနစ် ပြောင်းလဲမည်ဟု ပြောဆိုခြင်း၊ ခေတ်မီကားများဖြင့် ပြေးဆွဲမည်ဟု ပြောဆိုခဲ့ပြီး ယာဉ်လိုင်းပြေးဆွဲမှု ၃ လ ပြည့်သော်လည်း လက်တွေ့တွင် အလှမ်းဝေးကွာနေဆဲဖြစ်ပြီး စည်းကမ်း ဖောက်ဖျက်မှုများသည်လည်း ယခင် မ.ထ.သ ယာဉ် လိုင်းများအတိုင်း ဖြစ်ပွားနေသည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
တိုင်းဒေသ ကိုယ်စားလှယ် ဦးသိန်းမြင့် က YBS စနစ်ဖော်ဆောင်ရာတွင် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြည်သူ့ကိုယ်စားလှယ်များကို ကြိုတင် အသိမပေးခြင်း၊ မ.ထ.သ စနစ်ကို လူမပြောင်း၊ ကားမပြောင်းဘဲ စနစ်သစ်တခုသို့ အတင်းအဓမ္မပြောင်းခိုင်းခြင်းတို့သည် YBS စနစ် ကျဆုံးခြင်း၏ အကြောင်းရင်းများ ဖြစ်သည်ဟု ထည့်သွင်းဆွေး နွေးသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က စည်းကမ်းဖောက်ဖျက်မှုများကို ထိရောက်စွာ အရေးယူ ဆောင်ရွက်နေပြီး၊ တိုင်ကြားရာတွင်လည်း အထောက်အထား ပြည့်စုံစွာဖြင့် တိုင်ကြားရန် လိုအပ်ကြောင်း ဧရာဝတီကို ပြောဆိုသည်။
YBS ယာဉ်လိုင်းစနစ် အောင်မြင်မှု မရှိသေးခြင်းနှင့် ပတ်သက်၍ အင်းစိန်မြို့နယ်၊ အမှတ် (၁) မဲဆန္ဒနယ်မှ တိုင်းဒေသ လွှတ်တော်ကိုယ်စားလှယ် ဦးနေဖြိုးဟန်၏ အဆိုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက ဆွေးနွေးခဲ့ကြ သော်လည်း YBS စနစ်ကို ဦးဆောင်အကောင်အထည်ဖော်ခဲ့သည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် သက်ဆိုင်ရာ ဝန်ကြီးတချို့ ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း မရှိခဲ့ပေ။
YBS ယာဉ်လိုင်းသစ်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် စတင်အကောင်အထည်ဖော်ဆောင်ခဲ့ပြီး၊ ယာဉ်လိုင်း ၈၀ ဝန်းကျင်နှင့် ကားစီးရေ ၄၀၀၀ ကျော်ဖြင့် ပြေးဆွဲလုပ်ကိုင်နေကြောင်း သိရသည်။