မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁၄ ဦးကို အသရေဖျက်မှုဖြင့် တရားစွဲထားသော အမှုကို ဘန်ကောက်မြို့ တရားရုံးတရုံး က ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စတင် စစ်ဆေးခဲ့သည်။
အဆိုပါ အလုပ်သမားများမှာ ထိုင်း ကြက်သား လုပ်ငန်း ကုမ္ပဏီတခုကို အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုဖြင့် စွပ်စွဲခဲ့သူများ ဖြစ်ပြီး ယခုကဲ့သို့ တရားစွဲဆိုခြင်းက နစ်နာမှုအတွက် တိုင်ကြားသူများကို အသံတိတ်စေရန် အားထုတ်မှုတခု ဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့အစည်းများက ပြောကြသည်။
၂၀၁၆ ခုနှစ်တွင် အဆိုပါ အလုပ်သမားများက သူတို့သည် အဆမတန် အလုပ်လုပ်ခဲ့ရပြီး ရသင့်သည့် လုပ်အားခထက် နည်းပါးစွာ ရရှိခဲ့ကြောင်း ထိုင်း အမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားခဲ့ပြီးနောက် သူတို့ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်း အုပ်စုဖြစ်သော Betagro သို့ အသားများပေးသွင်းနေသည့် ကုမ္ပဏီတခု ဖြစ်သည့် Thammakaset မှ ပိုင်ဆိုင်သည့် မွေးမြူရေးခြံတွင် သူတို့ကို အချိန်ပိုကြေး မပေးဘဲ တနေ့လျှင် နာရီ ၂၀ ပင်ပန်းစွာ အလုပ် လုပ်စေရန် အဓမ္မခိုင်းစေခဲ့ကြောင်းနှင့် အခြားသော အခွင့်အရေး ချိုးဖောက်မှုများလည်း ရှိခဲ့ကြောင်း အလုပ်သမား များက ပြောသည်။
ကမ္ဘာတလွှားမှ ဖောက်သည်များသို့ စားသောက်ကုန်များ ရောင်းချနေသည့် Betagro က နောက်ပိုင်းတွင် ထောက်ပံ့ရေး ကုမ္ပဏီနှင့် ဆက်ဆံမှုကို ဖြတ်တောက်ခဲ့သည်။
သို့သော်လည်း Thammasaket ကုမ္ပဏီက မြန်မာအလုပ်သမားများကို ထောင်ဒဏ် တနှစ်ခွဲ အထိ ကျခံရနိုင်သည့် အသရေဖျက်မှုနှင့် အစိုးရ အာဏာပိုင်များသို့ မမှန်ကန်သော သတင်းအချက်အလက်များ ပေးမှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။
၃ ရက်ကြာ စစ်ဆေးမှု စတင်သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဘန်ကောက်မြို့ တရားရုံးတရုံးသို့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ရောက်ရှိလာခဲ့သည်။
ထိုင်းနိုင်ငံသည် ငါးဖမ်း သင်္ဘောများ၊ စိုက်ခင်းများ၊ မွေးမြူရေးခြံများနှင့် စက်ရုံများတွင် အလုပ်လုပ်ကြသည့် သန်းနှင့် ချီသော ရွှေ့ပြောင်းလုပ်သားများအပေါ် ခေါင်းပုံဖြတ်ခြင်း နှင့် နှိမ်ချ ဆက်ဆံခြင်းကြောင့် ဂုဏ်သိက္ခာ ထိခိုက်မှုများ ရှိနေသည်။
ကုန်ကူးခံရသည့် အလုပ်သမားများနှင့် ထိုင်း ငါးဖမ်းလှေများပေါ်မှ ကျွန်သဖွယ် အခြေအနေများက ကမ္ဘာတလွှားတွင် သတင်းခေါင်းစဉ်များ ဖြစ်ခဲ့ကြသော်လည်း ထိုင်းနိုင်ငံ၏ ဒေါ်လာဘီလီယံနှင့် ချီ၍ တန်ကြေးရှိသည့် မွေးမြူရေး ကဏ္ဍက စနစ်တကျ စစ်ဆေးကြပ်မတ်မှု နှင့် အကြီးအကျယ်ပင် ကင်းလွတ်နေခဲ့သည်။
ထိုင်းနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားများကို အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့် မပြုပါ။ တိုင်တန်းသူများမှာလည်း ဝေဖန်မှုများ အသံတိတ်စေရန် သြဇာအာဏာ ရှိသူများက မကြာခန သုံးလေ့ရှိသည့် လက်နက် ဖြစ်သော အလုပ် ဖြုတ်ခံရခြင်း သို့မဟုတ် အသရေ ဖျက်မှုဖြင့် တရားစွဲ ခံရခြင်း များနှင့် ကြုံတွေ့ရလေ့ ရှိပါသည်။
ထိုင်းနိုင်ငံမှ အလုပ်သမား ကိစ္စများကို အစီရင်ခံစာပြုစုခဲ့သည့် ဖင်လန်နိုင်ငံမှ အရပ်ဘက် အခွင့်အရေး အဖွဲ့အစည်းတခု ဖြစ်သည့် Finnwatch က အလုပ်သမားများသည် သူတို့ခံစားနေရသော မတရားမှုများကို အများပြည်သူ သိအောင်ပြုလုပ် ခြင်းအတွက် အပြစ်ပေးခံနေရသည်ဟု ပြောသည်။
ကိုးကား ။ ။ AFP