သတင်း

မြန်မာ အဝေးပြေး လမ်းမသစ်ကြီးများကို ကိုရီးယား ဒီဇိုင်းဆွဲမည်

Want create site? Find Free WordPress Themes and plugins.

တောင်ကိုရီးယား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ – KOICA သည် မြန်မာနိုင်ငံ အနာဂတ်တွင် ဆောက်လုပ်ရန် ကြံရွယ်ထားနိုင်ဖွယ် ရှိသော ကြီးမားသည့် အဝေးပြေးလမ်းမကြီးများ တည်ဆောက်ရေး စီမံကိန်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာခဲ့ပြီ ဖြစ်သည်။

တောင်ကိုရီးယား အစိုးရ၏ ရေဒီယို KBS World Radio ပါ သတင်းတပုဒ်၏အဆို ၂၀၂၀ ခုနှစ်အထိ ၃ နှစ်တာ ကာလအတွက် အမေရိကန်ဒေါ်လာ ၅.၈ သန်း အကုန်အကျခံပြီး မြန်မာနိုင်ငံတွင် အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ရန် ဖြစ်နိုင်ခြေ စမ်းသပ်မှုတခုကို KOICA က လုပ်ရန် မြန်မာအာဏာပိုင်များနှင့် လွန်ခဲ့သော အပတ်က လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

ဖြစ်နိုင်ခြေရှိလျှင် ထို အဝေးပြေးလမ်းကို KOICA ကပင် ပုံစံရေးဆွဲမည်ဟု ဆိုသည်။

ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် အထောက်အပံ့ အကူအညီများ ပေးလေ့ရှိသော KOICA ၏ အဆိုအရ စီမံကိန်းတခုတွင် ၅၂၄ ကီလိုမီတာရှည်သော ရန်ကုန် – မန္တလေး အဝေးပြေးလမ်းကို တိုးချဲ့ အဆင့်မြှင့်တင်ခြင်းနှင့် အခြားစီမံကိန်းတခုတွင် ရန်ကုန်နှင့် ငရုတ်ကောင်းအကြား ကီလိုမီတာ ၂၄၀ ရှည်သော အဝေးပြေးလမ်း ဖောက်လုပ်ရေး ပါဝင်သည်။

ထို အဝေပြေးလမ်း စီမံကိန်းအတွက် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် အခမ်းအနားများလည်း ကျင်းပသွားမည်ဟု KOICA က ဆိုသည်။

မြန်မာနိုင်ငံရှိ လမ်းများ၏ ၇၅ ရာခိုင်နှုန်းတွင် ကတ္တရာ ခင်းထားခြင်း မရှိကြောင်းနှင့် လက်ရှိမြန်မာနိုင်ငံတွင် အဝေးပြေးလမ်းတခုသာ ရှိကြောင်းလည်း KOICA က ဆိုသေးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading