သတင်း

ကြံ့ခိုင်ရေး ပါတီဝင်ဟောင်း ဦးတီခွန်မြတ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာဖွယ်ရှိ

Want create site? Find Free WordPress Themes and plugins.

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်သွားသည့် ဦးဝင်းမြင့်နေရာတွင် လက်ရှိ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ကြံ့ခိုင်ရေး ပါတီဝင်ဟောင်း ဦးတီခွန်မြတ် ဆိုသူ လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာနိုင်ကြောင်း နေပြည်တော်ရှိ လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းက ဧရာဝတီသို့ ပြောသည်။

မနက်ဖြန် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေး အစီအစဉ်တွင် ဥက္ကဋ္ဌ ရွေးချယ် တင်မြှောက်ခြင်း အပြင် လိုအပ်ပါက ဒုတိယ ဥက္ကဋ္ဌ ရွေးချယ် တင်မြှောက်ရမည်ဟု ဖော်ပြထားသဖြင့် ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဦးတီခွန်မြတ် ဥက္ကဋ္ဌ ဖြစ်နိုင်ခြေ အရှိဆုံး ဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း က ပြောပြသည်။

“အခုက ဦးတီခွန်မြတ်နဲ့ ဦးထွန်းထွန်းဟိန် ဖြစ်ဖို့များတယ်။ လိုအပ်ရင် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ရွေးချယ် တင်မြှောက် ခြင်း ဆိုတော့ ဦးတီခွန်မြတ် ဖြစ်မှာမိုလို့ ဒီလို ရေးထားတာလား ပေါ့လေ။ သေချာ ဘယ်သူ့ကို ရွေးထား လဲ ဆိုတာတော့ ပြောရခက်တယ်”ဟုလည်း ၎င်းက ဆိုသည်။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တွင် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်လည်းဖြစ်၊ လက်ရှိ ဥပဒေ ကြမ်း ကော်မတီ ဥက္ကဌ လည်း ဖြစ်သူ ဦးထွန်းထွန်းဟိန်မှာ လွှတ်တော် ဥက္ကဌ သို့မဟုတ် ဒုတိယ ဥက္ကဌ ဖြစ်မည်မှာ သေချာ ကြောင်း၊ ပါတီတွင်း စီနီယာဖြစ်၍ ဥပဒေပိုင်း ကျွမ်းကျင်သူ ဖြစ်သောကြောင့်ဟု သိရကြောင်း NLD ပါတီမှ ဥပဒေကြမ်း ကော်မတီဝင် တဦးကလည်း ပြောသည်။

“ဦးထွန်းထွန်းဟိန်ကတော့ သေချာတယ်။ ပါတီရာထူးအရ သူပဲ အပေါ်ကို ရောက်မှာ။ ဒါပေမယ့် လွှတ်တော် အာဂျင်ဒါ မှာက လိုအပ်ရင် ဒုတိယ ဥက္ကဌ ရွေးရမယ်ဆိုတာ ပါတယ်။ အဲဒီတော့ ဥက္ကဌကို ကိုယ့်ပါတီကလူ မဖြစ်မှာတော့ ကျနော် တို့က စိတ်ပူတယ်”ဟု ၎င်းက ပြောဆိုသည်။

လွှတ်တော် ဥက္ကဌ ဖြစ်လာမည်ဟု ရေပန်းစားနေသည့် ဦးတီခွန်မြတ်သည် ကချင်လူမျိုး ခရစ်ယာန် ဘာသာဝင်တဦး ဖြစ်ကြောင်း၊ လက်ရှိ အထူးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းနှင့် အလွန်နီးစပ်သူ တဦးဖြစ်ကာ ရှေ့နေချုပ်ရုံးမှ ညွှန်ကြား ရေးမှူး ရာထူးဖြင့် အငြိမ်းစားယူခဲ့သူ ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းက ပြောသည်။

၎င်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (ကြံ့ခိုင်ရေး) ပါတီမှ ရွေးကောက်ပွဲ အနိုင် ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက် ပွဲတွင်လည်း ယင်းပါတီမှပင် ကွတ်ခိုင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် အနိုင်ရခဲ့သူ တဦး ဖြစ်သော်လည်း ယခုအခါ ပါတီမှ နုတ်ထွက်ထားပြီး ဖြစ်ကြောင်း ယင်းပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့် ထံမှ သိရသည်။

မနက်ဖြန် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ၊ လိုအပ်ပါ ဒုတိယ ဥက္ကဌ ရွေးချယ် တင်မြှောက်ခြင်းတို့ ပြုလုပ်မည်ဟု သိရပြီး ဥက္ကဌ အသစ်များက ကတိသစ္စာပြုခြင်း၊ လွှတ်တော်တွင် မိန့်ခွန်း ပြောကြားခြင်းတို့ကို ဆောင်ရွက်မည်ဟု လွှတ်တော် အစီအစဉ်များတွင် ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading