မြန်မာလူငယ်များအကြား ရေပန်းစားနေသည့် E-စီးကရက် သုံးစွဲမှုကို ထိန်းချုပ်တားဆီးရန် တိုက်တွန်းသည့် အဆိုတခုကို လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော်တွင် ယနေ့ ဆုံးဖြတ်လိုက်သည်။
ပုံစံမျိုးစုံဖြင့် ပြည်တွင်းသို့ရောက်ရှိလာသည့် E-စီးကရက် (Electronic Nicotine Delivery System)၊ ဆေးရွက်ထွက်ပစ္စည်းကို အပူပေးပြီး အငွေ့ရှုရသည့်ပစ္စည်း (Heated Tobacco Product or Heat-not-bum-product) နှင့် ဆေးရွက်ကြီးနှင့် ဆက်စပ်ပစ္စည်းများကို ရောနှောထည့်သွင်းရှူသုံးရသည့် ရေပြောင်း (Water Pipe) များကို ထိန်းချုပ်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်းက အဆိုတင်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာ စံရွှေဝင်း က “ဒီအဆိုက လူငယ် လူရွယ်တွေအတွက် ရည်ရွယ်တယ်။ ဒီအထဲမှာ ဆေးလိပ်အနံ့ ပျောက်အောင် ဆိုပြီးတော့ အနံတွေက မျိုးစုံထည့်ထားတာ။ တချို့ကလေးတွေက ဒါတွေကို သောက်ပေမယ့် မိဘတွေက ဆေးလိပ် သောက်တယ်လို့မထင်ဘူး။ အားလုံးအတွက် အန္တရာယ်ရှိတဲ့အတွက် ဒါလေးကို ပြောရတာဖြစ်ပါတယ်” ဟု လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြောသည်။
ယင်းပစ္စည်းများကို လူငယ်များနှင့် ခေတ်မီသည်ဟုယူဆသူများက အများဆုံးအသုံးပြုနေကြပြီး မြန်မာနိုင်ငံတွင် ကုန်တိုက်ကြီးများမှစ၍ လမ်းဘေးစတိုးဆိုင်များထိ တွင်တွင်ကျယ်ကျယ် ရောင်းချနေကာ ဆေးလိပ်ဖြတ် ကိရိယာအဖြစ်လည်း လွဲမှားစွာ အသုံးချမှုများ ရှိနေကြောင်း သိရသည်။
ဒေါက်တာ စံရွှေဝင်း က “ဆေးလိပ်နဲ့ ဘာမှသိပ်ကွာခြားတာမရှိဘူး။ ဒါပေမယ့် သူက အနံ့ အရသာတွေ များကြီးထည့်တာ ဖြစ်တဲ့အတွက် အခြားဓာတု ပစ္စည်းတွေ အများကြီးပါနေတယ်။ ဒီဓာတုပစ္စည်း တွေကနေပြီးတော့ ပိုပြီးတော့ ဒုက္ခပေးနေတာရှိတယ်” ဟု ပြောသည်။
ယင်းအဆိုတင်မှုကို အင်္ဂပူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်းက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်မည့်သူ မရှိသောကြောင့် ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုပစ္စည်းများ၏ ဘေးထွက်ဆိုးကျိုး အန္တရာယ်ရှိပုံများကို လူငယ်လူရွယ်များအကြားထိ ပျံ့နှံ့သိရှိရန် အသိပညာပေးမှုများ လုပ်ဆောင်ပေးရန်လိုအပ်ပြီး အခွန်မြှင့်တင်ခြင်း၊ ရှိပြီးသား ဆေးလိပ်နှင့် ဆေးရွက်ကြီးတို့နှင့် ပတ်သက်သည့် ဥပဒေများနှင့်လည်း တိတိကျကျထိထိရောက်ဆောင်ရွက်သင့်ကြောင်း ရန်ကုန်မြို့မှ ဆရာဝန်တဦးဖြစ်သူ ဒေါက်တာ ကျော်စွာဦးက ပြောသည်။
ဒေါက်တာ ကျော်စွာဦးက “တချို့က ဆေးလိပ်မသောက်တော့ပဲနဲ့ E-စီးကရက်သောက်တယ် ဆိုတာလည်း အတူတူပါပဲ။ ဘေးထွက်ဆိုးကျိုးတွေ ကျန်းမာရေးပြဿနာကတော့ တူတူပဲဖြစ်တဲ့အတွက်ကြောင့် ဖြတ်မယ်ဆိုရင်တော့ စိတ်ပိုင်းဖြတ်ပြီး တခါတည်းဖြတ်လိုက်ပါ။ အစားထိုးပြီး e-စီးကရက်ဆိုတာတော့ သိပ်တော့မထူးဘူး” ဟု ဆိုသည်။
e-စီးကရက်မှာ ကျပ် ၂ သောင်းမှ ၃ သိန်းခန့်ထိ အမျိုးအစားလိုက် ဈေးနှုန်းအမျိုးမျိုးရှိပြီး ငှက်ပျောသီး၊ ပန်းသီး၊ စပျစ်၊ ချောကလက်၊ အသီးပေါင်းစုံ စသဖြင့် ရွေးချယ်စရာ အနံ့အရသာများရှိကြောင်း၊ လူငယ်များအကြား စတိုင်တခုအနေဖြင့် သုံးစွဲကြပြီး အရသာပေါ့ကာ ဆေးလိပ်နှင့်ယှဉ်လျှင် စွဲလမ်းမှုနည်းကြောင်း E-စီးကရက် သုံးစွဲသူ ပျဉ်းမနားမြို့မှ လူငယ်တဦးကပြောသည်။
၎င်းက “EDM ပွဲတို့ ကလပ်တို့ ရှိုးပွဲတို့ဘာတို့မှာ အဲလိုမျိုးရှုလိုက်တယ်။ လူကြားထဲမှာ အငွေ့တွေအများကြီး ဝေါဆိုထုတ်လိုက်တယ်။ ရှိုးတခုအနေနဲ့ သောက်တာ” ဟု ဆိုသည်။
E-စီးကရက်ကို တရုတ်နိုင်ငံရှိ ဆေးဝါးဗေဒ ပညာရှင်တဦးက သူ့ဖခင်နှင့်သူကိုယ်တိုင် ဆေးလိပ် ဖြတ်နိုင်ရန် အတွက် ၂၀၀၃ ခုနှစ်တွင် တီထွင်အသုံးပြုခဲ့ပြီး တနှစ်အတွင်း တရုတ်ပြည်အနှံ့ သုံးစွဲခဲ့ရာ လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၀၀ ကျော်ထိ ပြန့်နှံ့သုံးစွဲနေကြကြောင်းနှင့် မြန်မာနိုင်ငံသို့ ၂၀၀၅ ခုနှစ်ဝန်းကျင်တွင် စတင်ရောက်ရှိခဲ့ကြောင်း အဆိုတင်သူ ဒေါက်တာစံရွှေဝင်းက လွှတ်တော်တွင်ပြောဆိုသည်။
တီထွင်သူ ကိုယ်တိုင်လည်း ထိုပစ္စည်းအသုံးပြုမှုကြောင့် သေဆုံးခဲ့ရပြီး လူငယ်လူရွယ်များအသုံးပြုပါက ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်ခြင်း၊ စွဲလမ်းမှုကိုဖြစ်စေခြင်း၊ ကုန်ကျစရိတ်များပြားခြင်း၊ ဓာတုပစ္စည်း ပေါင်းစုံပါခြင်းကြောင့် အန္တရာယ်ရှိခြင်းစသည့် ဆိုးကျိုးများရှိသည်ဟုဆိုသည်။
E – စီးကရက်သုံးစွဲမှုကို အင်္ဂလန်နှင့် အမေရိကန်နိုင်ငံပါအဝင် ကမ္ကာပေါ်ရှိ နိုင်ငံပေါင်း ၄၆ နိုင်ငံက ပိတ်ပင်ထားပြီး အရှေ့တောင်အာရှ (အာဆီယံ) တွင် ပိတ်ပင်ထားသည့်နိုင်ငံ ၅ နိုင်ငံနှင့် ထိန်းချုပ်မှု လုပ်နေသည့် နိုင်ငံ ၄ နိုင်ငံရှိပြီး မြန်မာနိုင်ငံတွင်သာ ထိန်းချုပ်မှုများ ပြုလုပ်နိုင်ခြင်း မရှိသေးခြင်းဖြစ်ကြောင်း ၎င်းက ပြည်သူ့လွှတ်တော် အဆိုတင်သွင်းမှုတွင် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် လူဦးရေ ၆၅၀၀၀ ခန့်သည် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် သေဆုံး နေကြရပြီး ကမ္ကာပေါ်တွင် နှစ်စဉ် လူဦးရေ ၅ ဒသမ ၄ သန်းခန့် ဆေးလိပ်ကြောင့် သေဆုံးနေရကြောင်း ကမ္ကာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ထားသည်။
You may also like these stories:
ဆေးလိပ်သောက်သုံးသူတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေများ