Health

ဆေးလိပ်သောက်သုံးသူတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေများ

တကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက်ပြန့်ပွားနှုန်း မြင့်တက်နေတဲ့ Covid- 2019 ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဆေးပညာရှင်တွေကလည်း အချိန်နဲ့တပြေးညီ သုတေသနလေ့လာမှုတွေ ပြုလုပ်နေတာဖြစ်ပြီး အခုနောက်ဆုံး တွေ့ရှိခဲ့တဲ့ လေ့လာချက်အရဆိုရင်တော့ ဆေးလိပ်သောက်သုံးသူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။

ဆေးလိပ်သောက်သုံးတာနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားတာနဲ့ တိုက်ရိုက် ဆက်စပ်နေတာမျိုး မဟုတ်ပေမယ့် ဆေးလိပ်သောက်သုံးသူတွေဟာ သာမန်လူတွေထက် အဆုတ် အားနည်းတာကြောင့် ကူးစက်နိုင်ခြေ ပိုများတာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတမျိုးဖြစ်တာကြောင့် ဆေးလိပ်သောက်သုံးသူတွေဟာ ကူးစက်နိုင်ခြေပိုများတာဖြစ်ပြီး ဖြစ်ပွားမှုကိုလည်း ပိုမိုဆိုးရွားစေနိုင်တယ်လို့ ကူးစက်ရောဂါဆိုင်ရာ သုတေသနပညာရှင် Saskia Popescu က ဆိုပါတယ်။

“ဆေးလိပ်သောက်တာနဲ့ ရောဂါကူးစက်နိုင်ခြေက တိုက်ရိုက်ဆက်စပ်နေတာမျိုး မဟုတ်ပေမယ့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်တာကြောင့် ဆေးလိပ်သောက်သူတွေအနေနဲ့ ဒီဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်ဖို့ အလားအလာနည်းပြီး ဖြစ်နိုင်ခြေများတာမျိုးပါ”လို့ Business Insider နဲ့ အင်တာဗျူးမှာ သူမက ပြောကြားခဲ့တာပါ။

Saskia Popescu ရဲ့ အဆိုကို ရောဂါကူးစက်ပြန့်ပွားမှုနဲ့ ထိန်းချုပ်မှုဆိုင်ရာ ပါမောက္ခ Chris Whitty က ထောက်ခံခဲ့ပြီး ဆေးလိပ်သောက်သုံးသူတွေအနေနဲ့ အခုလို ရောဂါကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေတဲ့ ကာလမှာ ဆေးလိပ်သောက်သုံးမှုကို အတတ်နိုင်ဆုံး လျှော့ချသင့်ပြီး ဖြစ်နိုင်ရင် ကိုယ်ခံအားစနစ်ကောင်းမွန်အောင် နေထိုင်သင့်တယ်လို့ အကြံပြုထားပါတယ်။

ဆေးလိပ်သောက်သုံးတာဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ နာတာရှည်အဆုတ်ရောဂါနဲ့ နှလုံးကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်နေတာဖြစ်တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ ပိုမိုဆိုးရွားပြင်းထန်နိုင်တာလည်း ဖြစ်ပါတယ်။

Ref. www.thesun.co.uk

You may also like these stories:

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာ ထက်ဝက်ကျော် ကျန်းမာရေး ပြန်ကောင်းလာ

ဆွစ်ဇာလန်ထုတ် အဆစ်ရောင် ပျောက်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ် ကုသရာမှာ သက်သာ‌စေတယ်လို့ ယူဆရ

စင်ကာပူနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ရေးပစ္စည်းများ မြန်မာနိုင်ငံကို လှူဒါန်း

Loading