ကမ္ဘာ့နိုင်ငံအနှံ့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု များပြားလာတာကြောင့် ခုခံတားဆီးပေးနိုင်မယ့် ကာကွယ်ဆေး ဖော်ထုတ်ရေးကို အလေးပေး ဆောင်ရွက်နေကြစဉ်မှာ တရုတ်အစိုးရက ဆွစ်ဇာလန်နိုင်ငံထုတ် ရောင်ရမ်းမှုကို သက်သာစေတဲ့ ဆေးတမျိုးကို ရောဂါကုသရေးအတွက် အသိမှတ်ပြုခဲ့ပါတယ်။
ကူးစက်ခံနိုင်ငံတွေအပါအဝင် ကမ္ဘာ့အနှံ့က နိုင်ငံတော်တော်များများမှာ ကူးစက်မှုနှုန်းမြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် နည်းလမ်းမျိုးစုံနဲ့ ရှာဖွေဖော်ထုတ်နေကြတာပါ။ အခုတော့ ဆွစ်ဇာလန်နိုင်ငံထုတ် Roche အရိုးအဆစ်ရောင် ရောဂါပျောက်ဆေး Actemra ဆေးဟာ ကိုရိုနာရောဂါ ကုသရာမှာ အထောက်ကူပြုတာကို တွေ့ရှိခဲ့ကြတာကြောင့် ကုသရေးအတွက် မျှော်လင့်ချက်ရောင်ခြည် ဖြစ်လာနိုင်ပါပြီ။
၁၀ စုနှစ်တခုကြာ အဆစ်ရောင်ရောဂါအတွက် ထုတ်လုပ်လာခဲ့တဲ့ Roche အဆစ်ရောင်ရောဂါပျောက်ဆေးဟာ ကိုရိုနာရောဂါ လက္ခဏာတချို့ကို ပျောက်ကင်း ကုသနိုင်တာကြောင့် တရုတ်အစိုးရက သုံးစွဲဖို့ အသိမှတ်ပြုလိုက်တာပါ။
ဆွစ်ဇာလန်ဆေးကုမ္ပဏီ Roche ကလည်း တရုတ်အစိုးရကို ကိုရိုနာဗိုင်းရပ်စ် ကုသရေးအတွက် ဒေါ်လာ ၂ သန်းကျော်တန်ဖိုးရှိ Actemra ဆေးဝါးတွေကို လှူဒါန်းခဲ့တယ်လို့ ၎င်းတို့ရဲ့ Blogspot မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် အပြင်းအထန် ကူးစက်ခံထားရတဲ့ လူနာ ၁၄ ယောက်ကို အဆိုပါဆေးဝါးနဲ့ ကုသခဲ့ရာမှာ ထိရောက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။
ရောင်ရမ်းမှုကို သက်သာစေတဲ့ Actemra ဆေးဝါးဟာ ဆယ်စုနှစ်တခုကြာ ကင်ဆာဝေဒနာရှင်တွေကိုပါ ကုသရာမှာ အသုံးပြုခဲ့ပြီး သက်သာစေခဲ့တဲ့ အကျိုးရလဒ်တွေ ရခဲ့တာကို လက်တွေ့ သိမြင်ခဲ့ကြပြီးပါပြီ။ တရုတ်နိုင်ငံ ဈေးကွက်မှာတော့ ဆွစ်ဇာလန်ဆေးကုမ္ပဏီ Roche ဟာ အမေရိကန် ဈေးကွက်ပြီးရင် ဒုတိယနေရာမှာ တည်ရှိနေတာပါ။
အမေရိကန် ဆေးဝါးကုမ္ပဏီတွေကလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် အရှိန်ဟုန်မြင့်လုပ်ဆောင်နေပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကို သက်သာပျောက်ကင်းစေနိုင်တဲ့ ဆေးဝါးရယ်လို့ အတိအကျ မရှိသေးပါဘူး။
ကူးစက်ခံလူနာ ၉ သောင်း ၃ ထောင်ကျော်ထဲက ၃ ထောင်ကျော် သေဆုံးခဲ့ပြီး စတင်ကူးစက်ခဲ့တဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ လက်ရှိမှာတော့ အမေရိကန်၊ အီတလီ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၉၀ ကျော် ကူးစက်ခံနေရပါတယ်။
Ref: The Economic Times
You may also like these stories: