လတ်တလော ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါကူးစက် ပြန့်ပွားနေမှုကြောင့် မန္တလေး သင်္ကြန် ပွဲတော် ကျင်းပရန် မသေချာဟု မန္တလေးတိုင်း အစိုးရ အဖွဲ့က သိရသည်။
မန္တလေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်က “နိုင်ငံအတွင်းမှာ COVID-19 ရောဂါပိုးရှိသူ မတွေ့ရသေးပေမယ့် လိုအပ်လာမယ်ဆိုရင် လူစုလူဝေးနဲ့ ပြုလုပ်ရမည့် ပွဲတွေ အပြင် မန္တလေး သင်္ကြန်ပွဲတော်ကိုလည်း ရပ်နားသင့်ရင် ရပ်နားသွားမယ်” ဟု ပြောသည်။
မန္တလေးသင်္ကြန် ပွဲတော် ကျင်းပခွင့် ပြု မပြု အတည်ပြုခြင်း မရှိသေးဘဲ မတ်လ ၉ ရက်အထိ တိုင်းအစိုးရ အဖွဲ့ အစည်း အဝေး မလုပ်ရသေးဟု သိရသည်။
သင်္ကြန်ပွဲတော်ကို မဖြစ်မနေ ကျင်းပရန် ဖြစ်လာပါက အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များ အတိုင်း ပြုလုပ်သွားမည်ဟု သိရသည်။
“အကယ်၍ မဖြစ်မနေ လုပ်ကြဖို့ ဖြစ်လာရင် နံပါတ် ၁ ကတော့ လမ်းညွှန်ချက် (COVID-19 ရောဂါနှင့် ပတ်သက်၍ လိုက်နာ ရမည့် လမ်းညွှန်ချက်) အတိုင်းပဲ အရေအတွက်ကို လျှော့ချမယ်။ အချိန်ကို လျှော့ချမယ်ဆိုတဲ့ နည်းလေးကို သုံးရမှာပါ။ လိုအပ်လို့ ရပ်နားရမယ် ဆိုရင်လည်း ရပ်နားသွားမယ်။ ဒါက ကျန်းမာရေး ရှုထောင့်တခုတည်းမဟုတ်ဘဲ လူမှု စီးပွားရှု ထောင့်တွေ အားလုံးပေါင်းပြီး သုံးသပ်ရတဲ့ ကိစ္စဖြစ်တယ် ဆိုတာလည်းပဲ သိနေရမှာ ဖြစ်ပါတယ်” ဟု ဦးဇာနည်အောင်က ဆက်လက် ပြောသည်။
ယခုအခါ မြန်မာနိုင်ငံအတွင်းသို့ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် လူစုလူဝေး များပြားသော ပွဲလမ်း သဘင်များကို တတ်နိုင်သမျှ မပြုလုပ်နိုင်ရန်နှင့် ကျင်းပမည်ဆိုပါက COVID-19 ရောဂါ ပညာပေး အချက်အလက်များနှင့် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို ပွဲ မစတင်မီ ငါးမိနစ်ခန့် အချိန်ယူပြောကြားရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မန္တလေးမြို့ခံ စာရေးဆရာ သိုက်ထွန်းသက်က “အရင်ကလိုပဲ ရပ်ကွက်ထဲမှာပဲ ကလေးတွေ ရေကစားတာမျိုးပဲ လုပ်သင့် တယ်။ လူစုလူဝေး အများကြီး ဖြစ်စေမယ့် ရေကစားမဏ္ဍပ်ကြီးတွေကို ခွင့်ပြုမပေးသင့်ဘူး။ ဖြစ်နိုင်မယ်ဆိုရင် ဒီနှစ်သင်္ကြန် ကို အစိုးရက ဦးဆောင်ပြီး မလုပ်သင့်ဘူးလို့ ပြောချင်ပါတယ်” ဟု ပြောသည်။
လက်ရှိအချိန်၌ ကျင်းပလျက် ရှိသည့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရွှေစာရံ ဘုရားပွဲတော်အား COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရေး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) နှင့် မြန်မာနိုင်ငံ အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်း ညွှန်ချက်များအတိုင်း လိုက်နာစေရန် ညွှန်ကြားချက်ဖြင့် အစဉ်အလာမပျက် ကျင်းပခွင့်ပြုထားကြောင်း သိရသည်။
ဝန်ကြီး ဦးဇာနည်အောင်က “အကယ်၍ တို့နိုင်ငံမှာ ရောဂါးပိုး တွေ့ရှိသူတဦး တွေ့တာနဲ့ တပြိုင်နက် ပွဲလမ်းသဘင် အခမ်း အနားတွေက ချက်ချင်း ရပ်ရမှာ ဖြစ်တယ်။ ရှေ့ကိုလည်းပဲ လုပ်ရမယ့် ဘာသာရေး ပွဲတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းပွဲ တွေ ရှိပါမယ်။ ရှိရင်လည်းပဲ WHO Guide Line တွေနဲ့ အညီပဲ အစိုးရအဖွဲ့က တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်”ဟု ဆက်လက် ပြောသည်။
မကြာမီ ကျရောက်တော့မည့် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ ရက် အထိ ပြုလုပ်မည် ဖြစ်သည်။
မန္တလေးမြို့ခံ စာရေးဆရာမ ယဉ်ယဉ်နု(မန္တလေး)က “ကျမဆန္ဒကို ပြောရမယ်ဆိုရင် ဒီနှစ်သင်္ကြန်က မလုပ်တာ ပိုကောင်း ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ရောဂါအခြေအနေက အခုအချိန်ထိ ဘာမှန်းမသိရသေးတဲ့ အပြင် ကျမတို့နိုင်ငံမှာ ကူးစက် ခံရမှုလူနာမတွေ့သေးဘူး ဆိုပေမယ့် စိုးရိမ်စရာ အခြေအနေကတော့ ရှိနေဆဲပဲလေ။ ပြီးတော့ သင်္ကြန်ကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ ပြဿနာတွေလည်း လျော့နည်းသွားမယ်လို့ ထင်တယ်” ဟု ပြောသည်။
မန္တလေး သင်္ကြန်အား အပြောင်းအလဲ ဖြစ်စေရန်အတွက် ၂၀၁၇ ခုနှစ်က စတင်၍ လမ်းလျှောက်သင်္ကြန် အဖြစ် မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့ရာ ယိမ်းအဖွဲ့၊ သံချပ်အဖွဲ့၊ ရေကစားမဏ္ဍပ်များ၊ စတုဒီသာ မဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များဖြင့် ခမ်းနားစွာ ပြုလုပ်ခဲ့သော်လည်း ယခုနှစ်သင်္ကြန် အတွက် ကြိုတင်ပြင်ဆင်ခြင်းများ လုပ်ဆောင်မှု မရှိသေးပေ။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက စတင်၍ တရုတ်နိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန်မြို့က စတင် ဖြစ်ပွားခဲ့သည့် Covid-19 ရောဂါသည် လက်ရှိတွင် တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်သို့ ကူးစက်ပျံ့နှံ့ဖြစ်ပွားနေပြီး ရောဂါကူးစက်ခံရ သူ ၁ သိန်းကျော်နှင့် သေဆုံးသူ ၃၀၀၀ ကျော် ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မတ်လ ၈ ရက် ညနေပိုင်းအထိ COVID -19 ရောဂါပိုး တွေ့ရှိသူ တဦးမျှ မရှိသေးသော်လည်း စောင့်ကြည့် လူနာ ၇၂ ဦးနှင့် သံသယ လူနာ၂ ဦး စုစုပေါင်း ၇၄ ဦး ရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးချက် အရ ၆၂ ဦးတွင် ရောဂါပိုး မတွေ့ဘဲ ကျန် လူနာများမှာ ဆက်လက် စစ်ဆေးနေသည်ဟု အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထား သည်။
စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရက ဦးဆောင် ကျင်းပသည့် မုံရွာမြို့တွင် ပြုလုပ်သော ချင်းတွင်းသင်္ကြန်ကို ယခုနှစ်အတွက် မပြုလုပ်တော့ဟု တိုင်းအစိုးရက ထုတ်ပြန်ထားပြီး ဖြစ်သလို ချင်းပြည်နယ် အစိုးရလည်း ယနေ့မနက်ပိုင်း၌ ချင်းပြည်နယ် တွင် သင်္ကြန်ပွဲတော် မကျင်းပတော့ကြောင်း ကြေညာထားသည်။
ရန်ကုန်သင်္ကြန်ကိုမူ မြန်မာလူမျိုးတို့၏ အမွန်မြတ်ထားရာ အနှစ်သာရဖြစ်သည့်အတွက် သင်္ကြန်ပွဲတော်အား လုပ်ဆောင် မည်ဟု ယခုလအတွင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မီဒီယာများကို ပြောကြားထားသည်။
You may also like these stories:
လူစုလူဝေးပွဲများ ရွှေ့ဆိုင်းရန် အစိုးရဌာနများကို ကျန်းမာရေးဝန်ကြီးဌာန စာပို့
ပူသော ရာသီဥတုတွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနှုန်း နှေးကွေးနိုင်
ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ပထမဆုံး ၃ ဦးရှိနေဟု ဘင်္ဂလားဒေ့ရှ်အတည်ပြု