တရုတ်ခရီးသွားများ ပိုမိုလာရောက် စေရေးအတွက် Thai Airways International ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ အကြီး ဆုံး တန်ဖိုးနည်း လေကြောင်းလိုင်း Spring Airlines နှင် ပူးပေါင်းလိုက် ကြောင်း Bangkok Post သတင်းကဆိုသည်။
လာမည့် ၃လအတွင်း တရုတ်ခရီးသည်များ ပိုမိုလာရောက်ရေး အတွက် ထိုသို့ ပူးပေါင်းဆောင်ရွက်ရန် ပြီးခဲ့သည့် တပတ်က နှစ်ဘက်နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ခြင်းဖြစ်သည်။
တရုတ်ခရီးသွားများ ထိုင်းသို့ လာရောက်မှု ကျဆင်းရခြင်း အကြောင်းမှာ ပြီးခဲ့သည့် ဇူလိုင်လက ဖူးခက်ကျွန်း စက်လှေ မှောက်မှုနှင့် တရုတ်စီးပွားရေးနှေးကွေးမှုတို့က အဓိက အကြောင်းအရင်း ဖြစ်ပြီး၊ THAI လေကြောင်းလိုင်းဖြင့် တရုတ်ခရီး သည် လာရောက်နှုန်းမှာ ယခုနှစ် တတိယ၃ပတ် ကာလအတွက် ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း ယင်းလေ ကြောင်းလိုင်းတာဝန်ရှိသူ များက ပြောသည်။
Bangkok Airways ကဲ့သို့ တခြားလေကြောင်းလိုင်းများသည်လည်း အလားတူ ခရီးသည် ကျဆင်း မှုမျိုး ကြုံတွေ့နေရပြီး တရုတ်စင်းလုံးငှား လေယာဉ် ဝန်ဆောင်မှုများမှာလည်း လိုက်ပါစီးနင်းမည့်သူ မရှိဖြစ်နေသည်။
THAI လေကြောင်း ဥက္ကဋ္ဌ ဆူမက် ဒမ်ရောင်ချိုင်သန်၏ အဆိုအရ ယခုလက်မှတ်ရေးထိုးလိုက်သော MoU အရ စ Spring Airlines အနေဖြင့် တရုတ်ခရီးသည်များ ပိုမိုလာရောက်ရေး ကူညီနိုင်မည့် အပြင် တရုတ်လေယာဉ်များ သုဝဏ္ဍ ဘူမိ၊ ဒွန်းမောင်းနှင့် ဖူးခက် စသည်တို့၌ ပိုမိုဆင်းသက်နိုင် အောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုပူးပေါင်းဆောင်ရွက်မှုတွင် Thai Airways International သာမက Air Asia (Thai) လည်းပါဝင်ပြီး ထိုင်းနိုင်ငံရှိ ပြည်နယ်များသို့ တရုတ်ခရီးသွားများ လာရောက်လည်ပတ်ရေးနှင့် အစိုးရ၏ ခရီးသွားလုပ်ငန်း ရည်မှန်းချက်များကိုပါ အထောက်အကူပြုရန် ဖြစ်ကြောင်းသိရသည်။
ထိုင်းခရီးလုပ်ငန်းအာဏာပိုင်အဖွဲ့(TAT)ကလည်း ထိုသို့ လေကြောင်းလိုင်း ၃လိုင်း ပူးပေါင်းခြင်းဖြင့် နောက် ၃လအတွင်း တရုတ်ခရီးသွားလုပ်ငန်းခိုင်မာလာစေရန် ရည်သန်ထားရာ အထူးသဖြင့် လာမည့် ဖေဖော်ဝါရီ တရုတ်နှစ်ကူးကာလအတွင်း တရုတ်ခရီးသည် ပိုဝင်ရန် မျှော်လင့်နေသည်။
TAT သည် ထိုင်းအစိုးရက ဆိုက်ရောက်ဗီဇာကြေး လျှော့ပေါ့ပေးပြီးနောက် တရုတ်ခရီးသည်များ ထိုင်းသို့ ပိုမိုဝင်လာမည် ဟု လည်း ယုံကြည်ထားသည်။ ယင်းအတွက် လျာထားသည့်ကာလမှာ ယခုနှစ် နိုဝင်ဘာလ ၁၅ ရက်မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်အထိ ဖြစ်သည်။
တရုတ်ပြည်မကြီးမှ စုစုပေါင်းခရီးသွားလာရောက်မှုနှုန်းမှာ ယခုနှစ် နောက်ဆုံး၃လပတ်အတွင်း ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ သော်လည်း ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့အနေဖြင့် နှစ်စဉ်စုစုပေါင်းနှုန်း၏ ၁၀ဒသမ၅ သန်း တိုးလာလိမ့်မည်ဟု ယုံကြည်ထားသည်။