ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က မူလတန်းပြ ကျောင်းဆရာမ တဦးကို သတ်ဖြတ်ခဲ့သူအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရမ်းဗြဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းဇော်က ဧရာဝတီသို့ ပြောသည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက် အရ အသက် ၂၁ အရွယ် ရွှေထူး ( ခ) အေးချမ်း ဆိုသူမှာ ဆရာမအား ရည်စား စကား လိုက်ပြောရာမှ အဆင်မပြေ ဖြစ်ကာ ရန်ဖြစ်ပြီး သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရဲမှူးဇော်ဝင်း က “တရားခံ မိပါပြီ ၊ ဆရာမကို ရည်းစားစကား ပြောတာ ၊ အဆင်မပြေဘူး ၊ ဆရာမကလည်း ပြန်ဆဲတယ်၊ သူကလည်း အရက်သောက်တော့ စိတ်တိုပြီး နှစ်ဦးရန်ဖြစ် လုံးသွေးသတ်ပုတ်ကြရင်း ရေထဲ ပြုတ်ကျသွားပြီး လည်မျိုကိုအညှစ် ခံလိုက်ရတာ” ဟု ဧရာဝတီသို့ ပြောသည် ။
ရွှေထူး (ခ ) အေးချမ်းသည် မာန်အောင်မြို့နယ်မှ လာရောက် လုပ်ကိုင်သည့် ရေလုပ်သား တဦးလည်း ဖြစ်ကြောင်း အဓမ္မပြုကျင့်မှု ရှိမရှိကိုတော့ လုပ်ထုံးလုပ်နည်းအရ စစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
အသတ်ခံရသူမှာ အသက် ၂၇ နှစ်အရွယ် မူလတန်းပြ ဆရာမ ဒေါ်မေဇင်နှင်းဆိုသူ ဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းက ၎င်းနေထိုင်ရာ စည်ရင်းရွာမှ တာဝန်ကျသည့် တောင်ရင်းရွာသို့ စာသင်ရန် လမ်းလျှောက်၍ သွားစဉ် လမ်း၌ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
ယခင်က ကျောင်းသို့ သွားရန်အတွက် ဆိုင်ကယ် ကယ်ရီကို ပုံမှန် အသုံးပြုလေ့ရှိသော်လည်း ယင်းနေ့က ဆိုင်ကယ် ကယ်ရီ မရသည့်အတွက် ၎င်းနေထိုင်ရာ ရွာနှင့် ၃ မိုင်ခန့် အကွာရှိ တာဝန်ကျကျောင်းသို့ တဦးတည်း လမ်းလျှောက် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါ်မေဇင်နှင်းမှာ အခင်းဖြစ်ပွားခဲ့သည့်နေ့က မွန်းလွဲပိုင်း အထိ ကျောင်းသို့ ရောက်မလာသဖြင့် ကျောင်းအုပ် ဆရာမကြီးမှ မိဘများထံ ဖုန်းဆက် အကြောင်းကြားရာမှ လိုက်လံရှာဖွေခဲ့ရာ ရွာ ၂ ရွာကြား ကားလမ်းဘေးတွင် ပါးစပ်မှ သွေးများထွက်ကာ လည်ပင်း၌ ညိုမဲဒဏ်ရာများ၊ အမျိုးသမီးအင်္ဂါစပ်တွင် သွေးထွက်နေသည့် ဒဏ်ရာများ တွေ့ရှိခဲ့ရကြောင်းသိရသည်။
နေအိမ်နှင့် တမိုင်ခန့်အကွာရှိ ချောက်ထဲတွင် မှောက်လျက် သေဆုံးနေသည့် ဒေါ်မေဇင်နှင်း၏ ရုပ်အလောင်းအား ရမ်းဗြဲမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လူသတ်တရားခံကိုတော့ လေးတောင် နယ်မြေရဲစခန်းတွင် (ပ) ၃၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – ရမ်းဗြဲ ကျောင်းဆရာမ အသတ်ခံရမှု တရားခံ မမိသေး