ဘန်ကောက်မြို့မှ တက္ကသိုလ်တခုတွင် သူ၏ မဟာဘွဲ့အတွက် စာတမ်းကို တင်ပြသည့် အချိန်တွင် တရုတ်နိုင်ငံသူ ချယ်ရီဟီတင်း Cherry He Ting က ထိုင်းဘာသာစကားကို သွက်လက်ချောမွေ့စွာ ပြောကြားခဲ့သည်။ အဆိုပါ တက္ကသိုလ်တွင် သူ ပညာသင်ကြား ခဲ့သည်မှာ ၃ နှစ်ခွဲ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
အသက် ၂၈ နှစ်အရွယ် သမိုင်းကျောင်းသူ ချယ်ရီဟီတင်းက ထိုင်းတက္ကသိုလ်များတွင် နှစ်စဉ် ထောင်နှင့် ချီ၍ တက် ရောက်နေကြသည့် တရုတ်ကျောင်းသားများထဲတွင် တယောက်အပါအဝင် ဖြစ်သည်။ ထိုင်းအစိုးရ၏ အချက်အလက်များ အရ ၂၀၁၂ ခုနှစ်မှ စ၍ တရုတ်ကျောင်းသားများ၏ နှစ်စဉ် ကျောင်းအပ်နှံမှုက ၂ ဆ တိုးလာခဲ့သည်။
ထိုင်း ကျောင်းသားများ ကျောင်းအပ်နှံမှု နှစ်နှင့်ချီ၍ ကျဆင်းနေခဲ့ရသော ထိုင်းတက္ကသိုလ်များသည် အနောက်တိုင်းတက္ကသိုလ်များ အပြင် အခြားရွေးချယ်စရာတခု အနေဖြင့် ထိုင်းနိုင်ငံတွင် ကျောင်းတက်ရန် ကြိုးစားလာကြသည့် တရုတ်ကျောင်းသား အရေအတွက် လတ်တလောတွင် တိုးမြင့်လာခြင်းနှင့် ကိုက်ညီမှုရှိစေရန် အသည်းအသန် အားထုတ်နေကြရသည်။
King Mongkut’s Institute of Technology Ladkrabang မှ ပညာရှင်တဦး ဖြစ်ပြီး ထိုင်းနိုင်ငံသို့ တရုတ်လူမျိုးများ ရွှေ့ ပြောင်းဝင်ရောက်လာမှု ပုံစံများကို သုတေသနပြုလုပ်နေခဲ့သူတဦးလည်း ဖြစ်သည့် ချာဒါ ထရီယမ်ဝိထယ Chada Triamvithaya က လက်ရှိ အချိန်တွင် ထိုင်းတက္ကသိုလ်များက တရုတ်ကျောင်းသားများအတွက် ကျောင်းလခကို ထိုင်းကျောင်းသားများထံမှ သူတို့ ကောက်ခံသည့် နှုန်းထားထက် ၂ ဆမြှင့်တင်ခဲ့ကြသည်ဟု ပြောသည်။
“ပုဂ္ဂလိကတက္ကသိုလ်တွေ အပြင် အစိုးရ တက္ကသိုလ်တွေနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ အတွက် ဖွင့်တဲ့ တခုက တောင်မှ အခုအခါ တရုတ်ကျောင်းသားတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်တဲ့ သင်ရိုးတွေကို ဖန်တီးနေကြတယ်။ အားလုံး ကတော့ ငွေအတွက်ပါပဲ” ဟု သူက ပြောသည်။ ထိုင်းပညာရေးတွင် တရုတ်ဝယ်လိုအား မြင့်တက်လာခြင်း၏ သွေးဆောင်မှုက အဆိုပါ ကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆွဲဆောင်ခဲ့ပြီး ဖြစ်သည်ဟု သူက ထပ်ပြော သည်။
ပို၍ လူကြိုက်များသည့် နေရာများဖြစ်သော သြစတြေးလျ၊ အမေရိကန်နှင့် ဗြိတိန်တို့နှင့် နှိုင်းစားလျှင် ထိုင်းတက္ကသိုလ်များ က တရုတ်ကျောင်းသားများအတွက် နိုင်ငံခြားတွင် ပညာသင်ကြားရေး၌ ပို၍ တတ်နိုင် အဆင်ပြေသည့် နှုန်းထားများ ရှိသည်ဟု Beijing Foreign Studies တက္ကသိုလ်မှ လက်ထောက် ပါမောက္ခ ဒီယံဟူ Diane Hu က ပြောသည်။
အဆိုပါ တရုတ် ကျောင်းသား အများစုမှာ ကျေးလက်ဆန်သည့် တောင်ပိုင်း ပြည်နယ်များမှ အဓိက အားဖြင့် ရောက်လာ ကြခြင်း ဖြစ်သည်။ ပြည်တွင်းမှ ယှဉ်ပြိုင်မှုများသော်လည်း အားနည်းသည့် ပညာရေး စနစ်မှ လွတ်မြောက်ရန် နှင့် အရှေ့တောင်အာရှ၏ ဒုတိယ အကြီးဆုံး စီးပွားရေး (ထိုင်းနိုင်ငံ)တွင် လစာကောင်းသည့် အလုပ်အကိုင်များ ရရှိနိုင်ရန် မျှော်လင့်ချက်များနှင့် ဖြစ်သည်။
“တောင်ပိုင်းပြည်နယ်တွေရဲ့ နောက်ထပ် စိတ်စားမှုကတော့ ၂ နိုင်ငံကြားမှာ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဖို့ နဲ့ ခေတ် သစ်ပိုးလမ်းမ(BRI) စီမံကိန်းတွေ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်” ဟု ဒီယံဟူ က ပြောသည်။
တရုတ်နိုင်ငံ၏ BRI အစီအစဉ်က အာရှ၊ အာဖရိက နှင့် ဥရောပကြားတွင် ကုန်လမ်းနှင့် ပင်လယ်ရေကြောင်း ဆက်သွယ်မှု တိုးချဲ့ခြင်းကို မြှင့်တင်ရန် ဖြစ်ပြီး အခြေခံ အဆောက်အဦးဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေါ်လာ ဘီလီယံများစွာ ကတိပြု ထားသည်။
ထိုင်းနိုင်ငံက ပိုမိုကောင်းမွန်သည့် အလားအလာများ ပေးကြောင်း တရုတ်ကျောင်းသားများက ပြောကြသည်။ အဘယ် ကြောင့်ဆိုသော် အနောက်နိုင်ငံများနှင့် ယှဉ်လျှင် ကျောင်းလခက ပိုမိုဈေးသက်သာပြီး ဗီဇာဆိုင်ရာ စည်းကမ်း ဥပဒေ များက ပိုမို သက်ညှာမှုရှိသောကြောင့် ဖြစ်သည်။
စီးပွားရေး ပညာဘွဲ့တခုအတွက် ထိုင်းနိုင်ငံတွင် ကျောင်းတက်ခြင်းက တနှစ်လျှင် ဘတ်ငွေ ၁၂၀၀၀၀ (ဒေါ်လာ ၃၇၀၀) ကုန်ကျသည့် အချိန်တွင် အလားတူ ဘွဲ့တခုအတွက် စင်ကာပူတွင် တနှစ်လျှင် ဒေါ်လာ ၈၀၀၀ အထက် နှင့် အမေရိကန် တက္ကသိုလ် အချို့တွင် ဒေါ်လာ ၆၀၀၀၀ ကျော် ကျောင်းလခ ပေးရသည်။
တရုတ်ကျောင်းသားများ အနေဖြင့် အမေရိကန်ကဲ့သို့သော နိုင်ငံများတွင် စေ့စေ့စပ်စပ် စစ်ဆေးခြင်းကိုလည်း ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေရသည်။ သူလျှိုလုပ်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်မှုများ တိုးလာနေသည့် အချိန်တွင် အမေရိကန်နိုင်ငံ၌ သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရက နောက်ကြောင်းစစ်ဆေးမှု အသစ်များနှင့် အခြားသောကန့်သတ်မှု များ ပြုလုပ်ရန် စဉ်းစားနေသည်။
“တကယ်လို့ ကျမ ဒီမှာ အလုပ်လုပ်မယ်ဆိုရင် ကျမလာခဲ့တဲ့ နေရာထက် ပိုပြီး အခွင့်အရေးတွေ ရလိမ့်မယ်” ဟု လွန်ခဲ့သော ၈ နှစ် နီးပါးက ကျောင်းသားဖလှယ်ရေး အစီအစဉ်တရပ်ဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင် သို့ ပထမဆုံး ရောက် လာခဲ့သူ ချယ်ရီဟီတင်း က ပြောသည်။
တရုတ်နိုင်ငံ တောင်ပိုင်းရှိ သူ၏ နေရပ်မြို့ ဖြစ်သည့် ကျင်းဟောင် Jinghong မှနေ၍ မဲခေါင်မြစ်အတိုင်း သင်္ဘောဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု သူကပြောသည်။
၂၀၁၇ ခုနှစ်အတွင်း ထိုင်းတက္ကသိုလ်များတွင် တရုတ်ကျောင်းသား ၈၄၅၅ ဦး အထိ ကျောင်းအပ်ခဲ့ကြသည်။ ၂၀၁၂ ခုနှစ် ထက် ၂ ဆ တက်လာခြင်း ဖြစ်သည်။ တနိုင်ငံလုံးတွင် စုစုပေါင်းကျောင်းသား အရေအတွက် ၃၀၀၀၀ အထိရှိကြောင်း Chualongkorn တက္ကသိုလ်မှ Asia Research Center for Migration ၏ သုတေသန တခုအရ သိရသည်။
ဆော့ဖ်ပါဝါ
ထိုင်းတက္ကသိုလ်များသည် စင်ကာပူနှင့် မလေးရှား ကဲ့သို့သော အိမ်နီးချင်းနိုင်ငံများမှ တက္ကသိုလ်များထက်စာလျှင် အဆင့်အတန်း သတ်မှတ်ချက် များစွာ နိမ့်ပါးကြောင်း Times Higher Education World University Ranking အရ သိရသည်။
စင်ကာပူနှင့် မလေးရှား မှ တက္ကသိုလ်များသည် အာရှ၏ ထိပ်တန်း တက္ကသိုလ် ၅၀ တွင် ပါဝင်ကြပြီး ထိုင်းနိုင်ငံတွင် ထိပ် ဆုံး တက္ကသိုလ်ဖြစ်သည့် Mahidol တက္ကသိုလ်သည် အာရှတလွှားမှ ကျောင်း ၄၀၀ ထဲတွင် အဆင့် ၁၀၀ နီးပါးသို့ ပြီးခဲ့သည့် နှစ်များအတွင်းတွင် အဆင့် ၃၀ ခန့် လျော့ကျသွားခဲ့ရသည်။
သို့သော်လည်း တရုတ်ဝယ်လို အားက မြင့်တက်လာခဲ့သည်။ ယခုအခါ နိုင်ငံခြား ကျောင်းသားအပ်နှံမှု မြင့်တက်လာခြင်းက ဝင်ငွေပိုမို ရရှိရန်နှင့် ပညာရေး၏ အရည်အသွေး တိုးတက်ရေး အကူအညီပေးလိမ့်မည်ဟု ပုဂ္ဂလိက တက္ကသိုလ်များရော အစိုးရတက္ကသိုလ်များကပါ မျှော်လင့်နေကြသည်။
“တရုတ်ကျောင်းသားတွေက ထိုင်းနိုင်ငံအတွင်းမှာ တရုတ်နိုင်ငံရဲ့ soft power ခိုင်မာလာမှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်” ဟု King Mongkut’s Institute of Technology မှ ချာဒါ ထရီယမ်ဝိထယ က ပြောသည်။ တရုတ် ကျောင်းသား အရေ အတွက် တိုးလာခြင်းက တရုတ်ဆရာများ၊ ဘာသာပြန်များနှင့် ပညာရှင်များ ထိုင်း ပညာရေး ကဏ္ဍတွင် အလုပ်များ ပိုမို ရရှိလာပြီးနောက်ပိုင်းတွင် ဖြစ်သည်ဟု သူက ထပ်ပြောသည်။
ထိုင်းနိုင်ငံရှိ တရုတ်ဘာသာဖြင့်သင်သည့် အကြီးဆုံး စီးပွားရေးကျောင်းများထဲမှ တခု၏ ဒုတိယ ဥက္ကဌဖြစ်သော ဝိုရဖုန် ဒီချာ ဆာစဝပ် Woraphong Dechasasawat က မိခင်နိုင်ငံတွင် နှစ်စဉ် နှစ်တိုင်း တက္ကသိုလ်ရှာဖွေရန် အခက်အခဲတွေ့ကြရသည့် အကြမ်းဖျင်းအားဖြင့် ၃ သန်းခန့်ရှိသည့် တရုတ်ကျောင်းသားများထဲမှ ကျောင်းသားများကို ဆွဲဆောင်ရန် သူတို့ ကျောင်းက ရည်ရွယ်ကြောင်း ပြောသည်။
“တရုတ်နိုင်ငံဘက်ကတော့ ဝယ်လိုအားက အမြဲ ရှိပါလိမ့်မယ်။ အဲဒါကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့ ကျနော်တို့ ဘယ်လောက်အထိ အဆင်သင့် ဖြစ်ပြီလဲဆိုတာ အပေါ်မှာပဲ တည်ပါတယ်” ဟု သူက ပြောသည်။
ထိုင်းနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိက တက္ကသိုလ်များထဲမှ တခုဖြစ်သည့် Dhurakij Pundit က ၂၀၁၀ ခုနှစ်တွင် တရုတ် ကျောင်းသား ၂၃ ဦးကို စတင်လက်ခံခဲ့ပြီး ယခုအခါတွင် တရုတ်ကျောင်းသား ၃၇၀၀ ရှိနေပြီ ဖြစ်သည်။
တရုတ်ဈေးကွက်ကို ဦးတည်သည့် သင်တန်းများ ပိုမိုမိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဘန်ကောက်မြို့မှ Krirk တက္ကသိုလ် ကဲ့သို့သော ပုဂ္ဂလိက တက္ကသိုလ်များတွင် တရုတ်ရင်းနှီးမြှုပ်နှံသူအချို့က ရင်းနှီးမြှုပ်နှံမှုများပင် ပြုလုပ်ထားခဲ့ကြ သည်ဟု မီဒီယာများက ဆိုသည်။
တရုတ်နိုင်ငံက အရှေ့တောင်အာရှ တလွှားနှင့် အပြင်ဘက်တွင် ၎င်း၏ သြဇာလွှမ်းမိုးမှုကို တိုးချဲ့ရန် ကြိုးစားသည်နှင့် အမျှ အဆိုပါ လမ်းကြောင်းက ဆက်လက်၍ ရှိနေလိမ့်မည်ဟု သုတေသီ အများအပြားက ယုံကြည်ကြသည်။
“ပြီးခဲ့တဲ့ နှစ်အတွင်း BRI ကြောင့် ၎င်းရဲ့ စြင်္ကန်တွေ တလျှောက်မှာ တရုတ်ကျောင်းသားတွေ အစိုးရရဲ့ ပညာသင် ထောက်ပံ့ကြေး အစီအစဉ်တွေကနေတဆင့် ပိုမို သွားရောက်ပြီး ပညာသင်လာခဲ့ကြပါတယ်” ဟု Thammasat တက္ကသိုလ်မှ စီးပွားရေး ပညာရှင်တဦး ဖြစ်သည့် အတ်ဆုံစရီ ဖနစ်ဆန်း Aksornsri Phanishsarn က ရိုက်တာသို့ ပြောသည်။
“ဒါပေမယ့် ထိုင်းနိုင်ငံ အနေနဲ့လည်း ကြီးမားတဲ့ ကုန်သွယ်ရေးနဲ့ ၂ နိုင်ငံကြားက ခရီးသွားလုပ်ငန်းကြောင့် ကိုယ်ပိုင်တိုး တက်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်” ဟု အတ်ဆုံစရီ ဖနစ်ဆန်း က ပြောသည်။
ကိုးကား ။ ။ Reuters ၏ Thai Universities Tap into Rising Chinese Demand