မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကျေးရွာ အရှေ့ဘက် ကိုင်းတောအတွင်းတွင် ဧရာဝတီ လင်းပိုင်တကောင် သေဆုံးနေသည်ကို ယခုလ ၂၆ ရက်နေ့က တွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ သားငှက် ထိန်းသိမ်းရေး အဖွဲ့ -မြန်မာအစီအစဉ် (WCS) က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
သေဆုံးခဲ့သည့် လင်းပိုင်မှာ အထီးဖြစ်ပြီး အလျား ၆ ပေ ၆ လက်မရှိကြောင်း အဆိုပါ လင်းပိုင် သေဆုံးနေသည်မှာ ဆယ်ရက်ခန့် ကြာမြင့်ပြီဟု ခန့်မှန်းပြီး ရှော့တိုက်ငါးဖမ်းမှုကြောင့် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး တာဝန်ရှိသူများ က တွက်ဆပြောဆိုသည်။
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ လင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံ ဦးဟန်ဝင်း က “အခုသေဆုံးခဲ့တဲ့ လင်းပိုင်က ပြင်ပ ဒဏ်ရာတွေ ဘာတွေမရှိဘူးဆိုတော့ ရှော့မိတာလို့ ခန့်မှန်းတာပေါ့၊ အဓိက လူ့ပယောဂကြောင့် သေဆုံးရတာပေါ့လေ၊ အကောင်က ၆ ပေကျော်လောက် ရှိတာဆိုတော့ သူ့ဓမ္မတာအတိုင်း သေဆုံးသင့်တဲ့ အရွယ်တော့ မဟုတ်သေးဘူးပေါ့နော်၊ ဘာပဲပြောပြော လူ့ပယောဂကြောင့် သေရတယ်ဆိုတာကတော့ သေချာတယ်” ဟု ပြောသည်။
သေဆုံးသည့် လင်းပိုင်အား ဒေသခံတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုနေရာမှ ဆယ်ယူ၍ မရမ်းခြံဆိပ်ရှိ ဧရာဝတီ လင်းပိုင်ထိန်း သိမ်းရေး မော်တော်သို့ သယ်ဆောင်ခဲ့ကြောင်း သေဆုံးမှု ရက်ကြာပြီဖြစ်၍ ရင်ခွဲစစ်ဆေး၍ မရသဖြင့် ပြတိုက်တွင် ပြသ ထားရှိ နိုင်ရန် အရိုးချသည့်အနေဖြင့် လင်းပိုင်အသေအား သဲအတွင်းမြှုပ်ကာ အရိုးများကို ပြန်လည် တူးဖော်ရယူ သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ဧရာဝတီလင်းပိုင်များ သေဆုံးနေရခြင်းမှာ ဧရာဝတီမြစ် အတွင်း၌ ဒေသခံ ငါးဖမ်းသမားများ၏ တရားမဝင်ငါး ဖမ်းဆီးခြင်း၊ ဘတ္ထရီ၊ ကျင်စက်၊ မီးစက်များဖြင့် ရှော့တိုက် ငါးဖမ်းဆီးခြင်း၊ အဆိပ်ချ ငါးဖမ်းဆီးခြင်း၊ မြစ်ကြောင်းအတွင်း ကမ်းတဖက်မှ တစ်ဖက်ကို ပိတ်ထားသည့် တန်းပိုက်များ၊ ခွင့်ပြုသတ်မှတ် အလျား ပေ ၃၀၀ ထက် ပိုသည့် မျှောပိုက်များ၊ မိုင်းခွဲ၍ ငါးဖမ်းဆီးခြင်းများကြောင့် အများဆုံးသေဆုံးနေရခြင်းဟု သိရသည်။
စိမ်းရောင်စို၊ သဘာဝစိမ်း ပတ်ဝန်းထိန်းသိမ်းရေး လှုပ်ရှာမှုအဖွဲ့ ဦးဆောင်သူ ဦးမောင်မောင်ဦး က “ထိန်းသိမ်းရေး ဇုန်အတွင်းမှာ ရှော့တိုက် ငါးဖမ်းဆီးမှု အပါအဝင် တရားမဝင် ငါးဖမ်းဆီးမှုတွေကို သက်ဆိုင်ရာဌာန ဥပဒေနဲ့ အရေးယူတဲ့အပြင် ပိုပြီး ပြင်းထန်းတဲ့ ဥပဒေတွေနဲ့ပါ အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုအပ်လာပြီ၊ ပြောချင်တာက လင်းပိုင် နဲ့ပက်သက်ပြီး သီးသန့် ဥပဒေ ပြဌာန်းခြင်းဖြင့် သော်လည်းကောင်း၊ ရှိပြီးသား လင်းပိုင်ထိန်းသိမ်းရေး ဧရိယာဇုန်ကို လွှတ်တော်ကနေ ပြန်လည်ပြဌာန်း ပေးပြီး ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်မယ်ဆိုရင် အခုလိုသေဆုံးမှုမျိုးတွေ လျော့ပါးလာနိုင်မယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ကမ္ဘာ့သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ မှတ်တမ်းတွင် ဧရာဝတီ လင်းပိုင်သည် မျိုးတုန်းပျောက်ကွယ်လု အခြေအနေ၌ ရှိနေခြင်းကြောင့် ရှားပါးစာရင်းဝင်ဖြစ်နေသဖြင့် ကချင်ပြည်နယ်အစိုးရ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ မန္တလေးတိုင်း ဒေသကြီး အစိုးရ၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့် WCS၊ အရပ်ဘက်အစုအဖွဲ့ များက ပုံစံမျိုးစုံဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ဦးမောင်မောင်ဦး က “ဧရာဝတီ လင်းပိုင်ကို ရေကြောင်းရဲအပါအဝင်၊ အစုအဖွဲ့အလိုက် ထိန်းသိမ်းနေတဲ့ကြားက သေဆုံး နေရတဲ့ အကြောင်း အားနည်းချက်ကို ရှာကြည့်လိုက်တော့ လင်းပိုင်ကို လုံလောက်တဲ့ အကာ အကွယ်ပေးနိုင်တဲ့ ပြဌာန်းချက်မျိုး လိုအပ်နေတယ်လို့ ပြောချင်ပါတယ်၊ အဲဒီလို အကာအကွယ်ပေးနိုင်မှသာ တကယ်ရှင်သန်စေလာမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဧရာဝတီ လင်းပိုင်းသည် ဒေသခံများနှင့် အကျိုးတူ ငါးဖမ်းခြင်း ယဉ်ကျေးမှု ပုံစံများသည် ကမ္ဘာလုံးဆိုင်ရာ စံသတ်မှတ်ချက် တန်ဖိုးဟု သတ်မှတ်၍ ရနိုင်ခြင်းကြောင့် ယူနက်စကိုမှ ၂၀၁၄ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဧရာဝတီ မြစ်နှင့်အတူ လင်းပိုင်များ ကိုပါ ယူနက်စကို၏ ပဏာမစာရင်း၌ ထည့်သွင်းထားကြောင်း သိရသည်။
လင်းပိုင်များ လုံခြုံရေး အတွက် သတိပေး တားမြစ်ချက်များ ထုတ်ပြန်ထားသလို ရှားပါးစာရင်းဝင် ဧရာဝတီ လင်းပိုင် သေဆုံးမှုများ မရှိစေရေးအတွက် လင်းပိုင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများအဖြစ် ရေကြောင်း ရဲတပ်ဖွဲ့ဖြင့် ပူးပေါင်း၍ ကင်းလှည့်ခြင်းများ၊ ထိန်းသိမ်းရေးဧရိယာ အတွင်းမှ ကျေးရွာနေပြည်သူများကို အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဦးဟန်ဝင်း က “ပုံမှန် ကင်းလှည့်နေတယ်၊ ပညာပေးလုပ်ငန်းတွေလုပ်နေတယ်၊ တရားမဝင်ငါးဖမ်းဆီးမှုတွေကိုလည်း ဖမ်းဆီးအရေးယူမှု တွေ လုပ်နေတယ်၊ ပစ္စည်းမိရင် ပစ္စည်းသိမ်းတယ်၊ လူပါမိရင် လူကို ငါးလုပ်ငန်းဥပဒေ သက်ဆိုင်ရာမြို့နယ်ကနေ တရားစွဲ အရေးယူနေတာတွေ လုပ်နေပါတယ်” ဟုဆိုသည်။
၎င်းက ဆက်၍ “အဓိက ဘာပြောချင်တာလဲဆိုတော့ ကျနော်တို့ လုပ်ဆောင်နေတာတွေထက် ဒေသခံပြည်သူများက လိုက်နာကြဖို့ လိုအပ်နေတာပေါ့လေ၊ မဖြစ်မနေ ကိုယ့်ဝမ်းစာအတွက် ရှာဖွေစားသောက် နေရတယ်ဆို ပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ လင်းပိုင်တွေ ရှိနေတယ်ဆိုရင် သတိထားပြီး ပူးပေါင်းဆောင်ရွက် ကြမယ်ဆိုရင် လင်းပိုင် သေဆုံးမှု ကျဆင်းလာမယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း၌ တရားမဝင် ငါးဖမ်းဆီးခြင်း၊ ရှော့တိုက်ဖမ်းဆီးခြင်း၊ အဆိပ်ချ ဖမ်းဆီးခြင်း များအတွက် ဒဏ်ငွေ ကျပ်၃သိန်း၊ ထောင်ဒဏ် ၃ နှစ် သတ်မှတ်ထားသော်လည်း ဖမ်းဆီးရမိသူမျာကို ထောင်ဒဏ် ၁ လမှ ၃ လအထိ ချမှတ်နေကြောင်း သိရသည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအဖြစ် မင်းကွန်းမှ ကျောက်မြောင်းအထိ မြစ်ကြောင်းအရှည် ၇၂ ကီလိုမီတာအား ၂၀၀၅ ခုနှစ် ကလည်းကောင်း ၊ ကသာမှ ရွှေကူအထိ မြစ်ကြောင်းအရှည် ၁၁၈ ဒသမ ၅ ကီလိုမီတာအား ၂၀၁၈ ခုနှစ်က လည်းကောင်း သတ်မှတ်ခဲ့သည့်အပြင် ၂၀၁၈ ခုနှစ် သြဂုတ်လကလည်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေကို ဧရာဝတီမြစ်ကြောင်း စီးဆင်းရာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထိကို ထပ်မံ တိုးချဲ့သတ်မှတ်ထားကြောင်း သိရသည်။
ရှားပါးမျိုးစိတ်ဖြစ်သည့် ဧရာဝတီလင်းပိုင်သည် နိုင်ငံခြားသား ခရီးသွားများအား စွဲဆောင်သည့်အရာ တခုဖြစ်ပြီး ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း၌ လင်းပိုင်ကို လာရောက်ကြည့်ရှုသည့် ပြည်တွင်း၊ ပြည်ပခရီးသွားများလည်း ယခင်ကထက် ပိုမိုများပြားလာကြောင်း၊ ၂၀၁၈ ခုနှစ် အတွင်းက ဧရာဝတီလင်းပိုင် လာရောက်ကြည့်ရှုသည့် နိုင်ငံခြားသား ၁၈၀ ကျော် ရှိခဲ့ကြောင်း သိရသည်။
ဦးမောင်မောင်ဦး က “ကမ္ဘာ့သဘာဝ အမွေအနှစ် ပဏာမ စာရင်းဝင်ဖြစ်တဲ့အတွက် လင်းပိုင်က ခရီးသွားလုပ်ငန်း အတွက်လည်း များစွာ အကျိုးရှိပါ တယ်၊ ကမ္ဘာလှည့် ခရီးသွားတွေအတွက် လင်းပိုင်ထိန်းသိမ်းရေး ဧရိယာနဲ့ ခရီးစဉ်ကို ပရိုမိုးရှင်း ပိုပြီး လုပ်ပြီးတော့ များများ လာကြည့်အောင် လုပ်လို့ရတဲ့ အနေအထားရှိပါတယ်၊ အခွင့်အလမ်းတွေလည်း ပေါ်ထွက်နေပါပြီ” ဟု ထောက်ပြသည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း၌ ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်က ငါးလုပ်ငန်း ဦးစီးဌာနနှင့် WCS တို့ ပူးပေါင်း ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ ဧရာဝတီလင်းပိုင် ၇၆ ကောင်ရှိကြောင်း၊ ထိုသို့ စာရင်းကောက်ယူပြီးနောက် နိုဝင်ဘာ ၆ ရက်နေ့ကလည်း ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ဧရိယာဖြစ်သည့် ရှိမ်းမကား၊ အင်ဒေါင်း ကျေးရွာ အထက်ပိုင်း မှော်ဦး ကျေးရွာအနီးတွင် အလျား ၆ ပေ ၁ လက်မ၊ လုံးပတ်အရွယ်မှာ ၄ ပေရှိ လင်းပိုင် အမတကောင် ငါးဖမ်းပိုက်နှင့် ညှိမိ၍ သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ၇၅ ကောင်သာကျန်ရှိတော့ကြောင်း သိရသည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း၌ ၂၀၁၈ ခုနှစ် ဇွန်လ ၂၉ ရက်က ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း၌ ဧရာဝတီလင်းပိုင် ၇၆ ကောင်ရှိကြောင်း၊ သေဆုံးမှုအနေဖြင့် ၂၀၁၇ ခုနှစ်က ဧရာဝတီလင်းပိုင် ၃ ကောင် သေဆုံးခဲ့သလို ၂၀၁၈ ခုနှစ်က ၆ ကောင်အထိ သေဆုံးမှုဖြစ်ပွားခဲ့ပြီး ယခုနှစ်အတွင်း၌ တကောင် စတင်သေဆုံးခဲ့ခြင်း ဟု သိရသည်။