လရောင်ဆမ်းထားသည့် ဧရာဝတီမြစ်ကြောင်းတလျှောက်တွင် ငါးဖမ်းသည့်အဖွဲ့များက ကားဘက်ထရီများဖြင့်ပြုလုပ်ထား သည့်ပိုက်များကို ရေထဲသို့ ပစ်ချနေသည်။ လျှပ်စစ်ဖြင့် ရှော့တိုက်၍ ငါးဖမ်းခြင်းက ကြီးလေးသော ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် နှစ်နှင့်ချီ၍ ကျခံရနိုင်သော်လည်း ငါးများအားလုံးကို တကြိမ်တည်းနှင့် ဖမ်းယူပြီး အကျိုးအမြတ်များများ လို ချင်နေသည့် တံငါသည်များကို မတားဆီးနိုင်ခဲ့ပါ။
မနက်ခင်း ရောက်သည့်အခါ အစဉ်အလာအတိုင်း ငါးဖမ်းသည့် ဒေသခံတံငါသည်များက ဧရာဝတီလင်းပိုင်များနှင့်အတူ သူတို့ ကကွက်ကို လေ့ကျင့်ကြသည်။
တံငါသည်များက သူတို့၏လှေနံများကို တုတ်ဖြင့် စည်းချက်ကျကျ ခေါက်ကြသည်။ လင်းပိုင်တို့၏ချောမွတ်သည့် မီးခိုး ရောင်ကိုယ်လုံးများ ရေမျက်နှာပြင်ပေါ်သို့ တက်လာသည့် အချိန်အထိ ဆူဆူညံညံအသံတွေ အဆက်မပြတ် ပြုလုပ်ကြ သည်။
လင်းပိုင်တို့၏အမြီးများ လှုပ်ရှားမှုနှင့်အတူ အမဲလိုက်ပွဲ စတော့သည်။ လင်းပိုင်များက ငါးများကို ဖြန့်ကား၍ စောင့်ဆိုင်း နေသော တံငါးသည်များ၏ ပိုက်ကွန်များဆီသို့ မောင်းသွင်းကြသည်။ ပိုက်ကွန်များကို ဆွဲတင်လိုက်ပြီးသည့်အချိန်တွင် တံငါသည်များက သူတို့၏ မိတ်ဆွေကြီးများထံ ငါးများ ပြန်ပစ်ပေးကြသည်။
“ကျနော်တို့က လင်းပိုင်တွေကို နာမည်ပေးထားလေ့ရှိပါတယ်။ ဒါပေမယ့် အခု ကျနော်တို့ နာမည်ပေးထားတဲ့ လင်းပိုင်တွေ အကုန်သေကုန်ပြီ” ဟု Inndawang ကျေးရွာမှ ကလေး ၂ယောက်ဖခင် တံငါသည် တဦးဖြစ်သော ဦးနေမျိုးအောင်က ပြောသည်။ အသက် ၃၄ နှစ်အရွယ် ဦးနေမျိုးအောင်က အရပ်ရှည်ရှည်နှင့် ကြံ့ခိုင်သော ကိုယ်ခန္ဓာရှိသည်။
သူက ခရီးသွား ကိုယ်စားလှယ်တဦးနှင့် အလုပ်လုပ်နေပြီး လင်းပိုင်ကြည့်မည့် ခရီးစဉ်များအတွက် ၁ လလျှင် အနည်းဆုံး ဧည့်သည် ၃ ဖွဲ့ လောက်ကို ပြသပေးနေရသည်။
ငါးဖမ်းခြင်းနှင့် ထုံးတမ်းစဉ်လာ
ကာလကြာမြင့်ခဲ့ပြီဖြစ်သော လူသားနှင့်တိရိစ္ဆာန်ကြားမှ အပြန်အလှန်ဆက်သွယ်မှုက ထူးခြားပါသည်။ သို့သော်လည်း ကြာရှည်တည်ရှိချင်မှ ရှိပါတော့မည်။ ရှော့တိုက်ငါးဖမ်းခြင်းကြောင့် မနက်ခင်းရောက်သည့် အချိန်တွင် သူတို့ဖမ်းရမည့် ငါး များကုန်သလောက် ဖြစ်နေသည်ဟု လင်းပိုင်နှင့် ပူးပေါင်း၍ ငါးဖမ်းသည့် တံငါသည်များက ပြောကြသည်။
မိသားစု စား ဝတ်နေရေးအတွက် လုံလောက်သည်အထိ ငါးရှာရန် အချိန်ပိုကြာလာသည်။ ရှော့တိုက်ငါးဖမ်းခြင်းက ငါးများကို တိုက် ရိုက်သေစေနိုင်သည်သာမက လင်းပိုင်များကိုလည်း သေစေနိုင်ကြောင်း တံငါသည်များက ပြောသည်။
“နှစ်တိုင်း တနှစ်ကို လင်းပိုင် ၁ ကောင်သို့ မဟုတ် ၂ ကောင်လောက်သေတာ ကျနော်တွေ့ရတယ်” ဟု ဦးဌေးဝင်းက ပြော သည်။ သူက လယ်သမားတဦး ဖြစ်သလို လင်းပိုင်များကို ကိုယ့်အသိစိတ်ဓာတ်နှင့်ကိုယ် စောင့်ကြည့်နေခဲ့သည်မှာ ၁၅ နှစ် ရှိပြီဖြစ်သည်။ ဧပြီလ ၂၈ ရက်နေ့တွင် လင်းပိုင် အသေတကောင် မြစ်ကမ်းစပ်တွင် လာတင်နေသည်ကို ဦးဌေးဝင်း တွေ့ခဲ့ရ သည်။ ရှော့တိုက် ငါးဖမ်းခြင်းကြောင့်ဟု ယူဆရသည်။ သေဆုံးသွားသည့် လင်းပိုင်မှာ ၃ နှစ်ခွဲ အရွယ်ခန့်သာ ရှိသေး ကြောင်းလည်း သူက ဆိုသည်။
အသက် ၅၄ နှစ် အရွယ်ရှိပြီ ဖြစ်သည့် ဦးဌေးဝင်းက “ဧရာဝတီ လင်းပိုင်များကို ကယ်တင်ပါ” ဟု စာတန်းထိုးထားသော တီ ရှပ်ကို ဝတ်ဆင်ထားသည်။ လင်းပိုင်ကြည့်သည့်ဧည့်သည်များကို လိုက်ပို့သည့်အချိန်နှင့် မြစ်အတွင်း ကင်းလှည့်ချိန်များ တွင် သူဝတ်ဆင်သည့် အဝတ်အစားလည်း ဖြစ်ပါသည်။
သူက မနက်တကြိမ် ညနေတကြိမ် တနေ့လျှင် ၂ ကြိမ် လင်းပိုင်များ ပျောက်ဆုံးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်း ရှိမရှိ လိုက်လံ စစ်ဆေးသည်။ ကျေးရွာများအနီးမှ ဧရာဝတီမြစ်တလျှောက်ရှိ ရေပြင်မှ လင်းပိုင်အုပ်စုများထဲတွင် တခုလျှင် ပုံမှန် အားဖြင့် လင်းပိုင် ၉ ကောင်သို့ မဟုတ် ၁၀ကောင် အထိ ရှိတတ်သည်။ ရှော့တိုက်ငါးဖမ်းနေသူများကို တွေ့လျှင် ဦးဌေးဝင်း က ရဲတပ်ဖွဲ့သို့ သတင်းပို့သည်။
“ကျနော် အရမ်းငယ်သေးတဲ့ အရွယ်က ငါးဖမ်းထွက်ကတည်းက လင်းပိုင်တွေက ကျနော်တို့ရဲ့ အကောင်းဆုံး မိတ်ဆွေ တွေဆိုတာ သိခဲ့တယ်။ တခါတလေ ခင်ဗျားလေထဲမှာ အိပ်ပျော်နေတယ်ဆိုရင် လင်းပိုင်တွေ ရောက်လာပြီး ခင်ဗျားကို နှိုးဖို့ ကြိုးစားလိမ့်မယ်” ဟု ဦးဌေးဝင်းက ပြောသည်။ လင်းပိုင်များက သူနှင့် သူ၏လုပ်ဖော်ကိုင်ဖက် တံငါသည်များကို စောင့်ရှောက်သည့်အတွက် ကျေးဇူးဆပ်ချင်သောကြောင့် လင်းပိုင်ကာကွယ်ရေးကို သူ စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
ကျေးရွာ ၆ ရွာမှ တံငါသည် ၆၀ ခန့်က ယခုအချိန်အထိ လင်းပိုင်များနှင့် ပူးပေါင်း၍ ငါးဖမ်းနေကြဆဲဖြစ်သည်။ ဦးဌေးဝင်း က လင်းပိုင်များကို ဆွဲဆောင်နိုင်အောင် လေချွန်တတ်အောင် သက်ကြီးဝါကြီး တယောက်ထံမှ သင်ကြားခဲ့သည်။ ထိုရိုးရာ အသိပညာပျောက်ကွယ်သွားမည်ကို စိုးရိမ်သည့်အတွက် အခြားသူများကို သင်ကြားပေးနိုင်ရန် ၁၀ ရက်ကြာ အလုပ်ရုံ ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့သည်။
လင်းပိုင်များအား ရေတွက်ခြင်း
၂၀၀၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လင်းပိုင် ၄၂ ကောင်သေဆုံးခဲ့ကြောင်း တွေ့ရှိရပြီး ၎င်းတို့ထဲမှ ၂၉ ကောင်မှာ ဧရာဝတီလင်းပိုင် ကာကွယ်ရေး ဧရိယာ (ADPA) တွင် ဖြစ်သည်။ ADPA သည် မြန်မာနိုင်ငံ အလယ်ပိုင်း အပူ ပိုင်းဇုန်မှ ဧရာဝတီမြစ်၏ ၇၄ ကီလိုမီတာ ရှိသော အစိတ်အပိုင်း ဖြစ်ပြီး မြစ်အတွင်းမှ လင်းပိုင်များ၏ ၃ ပုံ ၂ ပုံ ရှိနေသည်။ ADPA အတွင်းတွင် ကျေးရွာ ၄၀ တည်ရှိပြီး အများစုမှာ ဘဝရပ်တည်ရေးအတွက် ငါးဖမ်းလုပ်ငန်းကို မှီခိုနေကြရသည်။ ADPA သည် ငါးလုပ်ငန်းဦးစီးဌာနက ၂၀၀၅ တွင် တည်ထောင်ခဲ့သော မြန်မာနိုင်ငံ၏ပထမဆုံးသော အမျိုးသားအဆင့် ရေပြင်ကာကွယ်ရေးဧရိယာ ဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့(WCS) က ရေတွက်ခဲ့ရာ ADPA အတွင်းတွင် လင်း ပိုင် စုစုပေါင်း ၈၆ ကောင်သာရှိကြောင်း တွေ့ရသည်။ ၂၀၁၄ ခုနှစ်တွင် ၆၄ ကောင်အထိ ကျဆင်းသွားပြီး နောက်တနှစ် ကြာသည့်အခါ မြစ်အတွင်းတွင် ၅၈ ကောင်ခန့်သာ ရှိတော့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင် WCS အဖွဲ့ တခု က ၁၀ ရက်ကြာ လေ့လာစစ်တမ်းကောက်ယူခဲ့ရာ သားပေါက် ၄ ကောက် အပါအဝင် လင်းပိုင် ၆၇ ကောင်မှ ၆၉ ကောင် အတွင်းသို့ တိုးလာသည်ကို တွေ့ရသည်။
“အားတက်စရာ သင်္ကေတတခုပါ။ မြစ်အတွင်းမှာ လင်းပိုင်တွေ ဆက်လက်သားပေါက်နေတုန်းပါပဲ” ဟု WCS ၏ မြန်မာ နိုင်ငံ ဆိုင်ရာ နည်းပညာအကြံပေး Alex Diment ကပြောသည်။
ဧရာဝတီ လင်းပိုင် ၂ မျိုးရှိပါသည်။ ရေချိုလင်းပိုင်နှင့် ပင်လယ်နေ လင်းပိုင်တို့ ဖြစ်ကြသည်။ သူတို့ပေါက်ဖွားသည့် နေရာ သည် တချိန်ကဆိုလျှင် အနောက်မြောက်ပိုင်းမှ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့မှသည် အရှေ့တောင်အာရှနှင့် အင်ဒိုနီးရှား အ ထိရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ကမ်းရိုးတန်း သို့မဟုတ် ပင်လယ်နေ ဧရာဝတီလင်းပိုင်များကို ရခိုင်ပြည်နယ်၊ ဧရာဝတီ မြစ် ဝကျွန်းပေါ်နှင့် တနင်္သာရီတိုင်းတို့တွင် တွေ့ရသည်။
ကမ္ဘာပေါ်တွင် ဧရာဝတီ ရေချို လင်းပိုင်များနေထိုင်ရာ မြစ် ၃ ခုသာရှိပြီး ၎င်းတို့ထဲမှ တခုမှာ မြန်မာနိုင်ငံမှ ဧရာဝတီမြစ် ဖြစ်သည်။
မြစ်အတွင်းတွင် ၂ ကောင် သို့မဟုတ် ၃ ကောင်တွဲ၍ သွားလာနေကြသော လင်းပိုင်များကို မြင်တွေ့ရလေ့ရှိသည်။ သူတို့ က အမဲလိုက်ရန်အတွက် ပဲ့တင်သံကို အာရုံခံသည့် စနစ်ကို အသုံးပြုကြပြီး သူတို့၏ သားကောင်ကို မူးမေ့သွားစေရန် အတွက် ရေဖြင့် ပန်းကြသည်ဟု သိကြသည်။
ရှော့တိုက်ငါးဖမ်းခြင်းအပြင် ဒေသခံများ ချစ်စနိုးဖြင့် ခေါ်ကြသလို ပြုံးနေသော လင်းပိုင်များသည် ဆွဲပိုက်များ၊ သစ်ထုတ် လုပ်ခြင်း၊ သောင်တူးခြင်း၊ ဆည်ဆောက်ခြင်း၊ ကမ်းခြေဒေသများမှ စက်မှုလုပ်ငန်းများ နှင့် ရွှေတူးဖော်ရေးလုပ်ငန်းများမှ ပြဒါးဆိပ်သင့်ခြင်းတို့ကြောင့် မျိုးတုန်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေကြရသည်။
ဧရာဝတီမြစ်အတွက် ခြိမ်းခြောက်မှုများကို ရှောင်ရှားနိုင်ရန်အတွက် WCS က ၂၀၀၂ ခုနှစ်မှ စ၍ ငါးလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ ADPA အတွက် စီမံခန့်ခွဲရေး အစီအစဉ်တခုကို အကောင်အထည်ဖော်ခဲ့သည်။
လက်ရှိအချိန်တွင် ငါးလုပ်ငန်း ဦးစီးဌာနက ကင်းလှည့်သင်္ဘောတစီးကို တာဝန်ချထားပြီး တ လလျှင် ၂ ကြိမ်၊ တကြိမ်လျှင် တပတ်ကြာ ကင်းလှည့်နေသည်။ သူတို့က ရှော့တိုက် ငါးဖမ်းခြင်းများကို ဥပဒေအရ အရေးယူရန် ကူညီခြင်း၊ သုတေသန ပြုခြင်းနှင့် ခရီးသွားလုပ်ငန်းကဲ့သို့သော ထိန်းသိမ်းစောင့်ရှောက်မှုဖွံ့ဖြိုးရေး အစီအစဉ်များကို ဆောင်ရွက်နေသည်။
အခြေအနေကို လေ့လာစောင့်ကြည့်ရန်အတွက် ဦးဌေးဝင်းကဲ့သို့သော ဒေသခံများကိုလည်း အားထားနေရသည်။ ရှော့ တိုက်ငါးဖမ်းနေသည်ကို တွေ့သည့်အခါတိုင်း ရဲတပ်ဖွဲ့ကို သတင်းပို့သည်ဟု ဦးဌေဝင်းက ပြောသည်။ ဧပြီလအတွင်းတွင် ကျရောက်သည့် မြန်မာနှစ်သစ်ကူး မတိုင်မီ အချိန်အထိ ရှော့တိုက်ငါးဖမ်းသည့် လှေ ၇ စီး ဖမ်းမိခဲ့ပြီး ဖြစ်သည်ဟု လည်း သိရသည်။
“သူတို့တွေ တယောက်ကို ထောင် ၃ နှစ်နဲ့ ဒဏ်ငွေ ၃၀၀၀၀ ကျပ် စီချမှတ်ခံရပါလိမ့်မယ်” ဟု သူက ပြောသည်။
ခရီးသွားလုပ်ငန်းနဲ့ လင်းပိုင်
မြန်မာနိုင်ငံသည် ဖိနှိပ်ကန့်သတ်မှုကို ကာလကြာရှည်စွာ ခံစားခဲ့ရသည်။ ပထမဆုံးအနေဖြင့် ၁၉ ရာစုအတွင်းတွင် ဗြိတိသျှ အင်ပါယာ လက်အောက်သို့ ရောက်ခဲ့သည်။ စစ်အုပ်ချုပ်ရေး ပြီးဆုံးခဲ့သည်မှာလည်း လောလောလတ်လတ်သာ ရှိသေး သည်။ စစ်တပ်အုပ်ချုပ်ခဲ့သည့် ၁၉၆၂ မှ ၂၀၁၁ အတွင်းတွင် မြန်မာနိုင်ငံသည် တံခါးပိတ် အထီးကျန်ဝါဒအောက်တွင် အပယ်ခံနိုင်ငံတခု ဖြစ်ခဲ့သည်။
ပြည်ဝင်ခွင့် ဗီဇာခက်ခဲခြင်း၊ သယ်ယူပို့ဆောင်ရေး အားနည်းခြင်းနှင့် နေရာထိုင်ခင်းအတွက် ရွေးချယ်စရာ အကန့်အ သတ်ရှိခြင်းတို့ကြောင့် မကြာသေးခင် အချိန်အထိ ခရီးသွားလုပ်ငန်းအပေါ် အတားအဆီးဖြစ်စေခဲ့သည်။ လက်ရှိ အုပ် ချုပ်နေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေး၊ သဘာဝ အရင်းအမြစ်ထုတ်ယူရေး၊ နိုင်ငံတကာသတင်းများနှင့် ခရီးသွားလုပ်ငန်းတို့တွင် တံခါးဖွင့်လာခဲ့သည်။
ခရီးသွားလုပ်ငန်းကြောင့် လူနှင့် လင်းပိုင် ပူးပေါင်း၍ ငါးဖမ်းသည့် အစဉ်အလာအကြောင်း သတိပို၍ ထားမိလာစေပြီး ပင် လယ်နှင့် မြစ်များ ထိန်းသိမ်းစောင့်ရှောက်မှုကို စိတ်ဝင်စားလာစေလိမ့်မည်ဟု ဒေသခံများနှင့် အစိုးရတာဝန်ရှိသူများက မျှော်လင့်နေကြသည်။
ဒုတိယပိုင်း ဆက်လက်ဖော်ပြပါမည်
(သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဝက်ဘ်ဆိုက်တခု ဖြစ်သည့် mongabay.com တွင် ဖော်ပြခဲ့သော “‘The Ones We Named Are All Dead Now’: Dolphins and Fishers Struggle to Survive in Myanmar” ဆောင်းပါးကို ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)