ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ပေါ်ပေါက်နေသော မီးခိုးများနှင့်ပတ်သက်၍ ထိုင်းဘုရင်က စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြော ဆိုလိုက်ပြီး ဘုရင့်နန်းတော်၏ (Jit-Arsa) စီမံကိန်း အစပျိုးမှု အောက်တွင် စေတနာ့ဝန်ထမ်း ပရဟိတသမားများ ပူးပေါင်း ပါဝင်လျက် မီးခိုးပြဿနာများကို ကိုင် တွယ်ဖြေရှင်းကြရန် အကြံပြုလိုက်သည်။
ဘုရင်မင်းမြတ်၏ စိုးရိမ်ပူပန်မှုကို ထိုင်း သဘာ၀သယံဇာတရင်းမြစ်နှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။
Jit-Arsa 904 တပ်ဖွဲ့မှူး ဗိုလ်ချုပ်ကြီး စီဗာပရာမိုရက်တစ်၊ ဝန်ကြီးချုပ်ရုံး အထူးစုံစမ်းရေးမှူးနှင့် Royal Jit-Arsa စီမံကိန်း ညှိနှိုင်းရေးမှူး ပရာယု ရာ စီဒီ တို့သည် တနင်္ဂနွေနေ့က ကျင်းပသည့် သဘာဝသယံဇာတရင်းမြစ်နှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပြီး ထိုင်းမြောက်ပိုင်းပြည်နယ်များတွင် ထွက်ပေါ်နေသော မီးခိုးလျော့ ကျရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။
“ဘုရင်မင်းမြတ်ပြောတာက ဒီပြဿနာဟာ ပိုဆိုးလာတယ်တဲ့။ အခု ပြည်နယ်အာဏာပိုင်တွေ ကိုင် တွယ်နိုင်တာထက်ကို ကျော်လွန်နေပြီလို့ ပြောပါတယ်” ဟု ဝန်ကြီးဌာနပြောခွင့်ရသူ စီဖွန်သောင်ဒီးက ပြောသည်။
“စေတနာ့ဝန်ထမ်း အားလုံး ကိုယ်စားပြုတဲ့သူ တွေလည်း ပါဝင်ပြီး အစိုးရအနေနဲ့ အရေးယူဖြေရှင်း သင့်ပါတယ်” ဟု ဝန်ကြီးဌာနပြောခွင့်ရသူ စီဖွန်သောင်ဒီးက ဆက်လက်ပြောကြားသည်။
တောင်ယာမီးရှို့မှု အကြီးအကျယ် ပြုလုပ်ခြင်းကြောင့် ထိုင်းမြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေထု ညစ်ညမ်းမှုသည် ယခင်လက စတင်ခဲ့ရာ ထိုင်းပြည်တွင်းရော အိမ်နီးချင်းလာအို နှင့်မြန်မာနိုင်ငံတို့ တွင်ပါ ပျံ့နှံ့လာနေသည်။
မြို့ကြီးများဖြစ်ကြသော ချင်းမိုင်၊ ချင်းရိုင်နှင့် မဲဟောင်ဆောင်တို့တွင် ဖုန်နှင့် အမှုန်ပါဝင်မှုအဆင့် PM ၂ဒသမ၅ သည် ၁ ကုဗမီတာလျှင် ၃၀၀-၅၀၀ မိုက်ခရိုဂရမ်အထိ တိုးပွားလာခဲ့သည်။
မြောက်ပိုင်းသစ်တောမြေများတွင် ယမန်နှစ်က မီးရှို့ကြသူ ၂၃၀ ကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ရာ ယင်းနှုန်းမှာ ၂၀၁၇ ခုနှစ်ကထက် ၁၅ ရာခိုင်နှုန်းတိုးလာခဲ့၍ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွဒ်ချန်အိုချာသည်လည်း ချင်းမိုင်မြို့သို့ အင်္ဂ ါနေ့အစောပိုင်းက လေကြောင်းဖြင့် ရောက်ရှိ လာခဲ့ပြီး မီးခိုးမြူနှင့် အဆိပ်ဖြစ်မှု PM ၂ဒသမ၅ အဆင့် ထူထပ်လာခြင်း ကြောင့် ဖြစ်ပေါ်နေသော အကျပ် အတည်း ကို သုံးသပ်လေ့လာခဲ့သည်။
မီးခိုးမြူမွန်းကျပ်မှုမှာ ထိုင်းမြောက်ပိုင်းတွင် ရက်သတ္တအတန်ကြာခဲ့ပြီဖြစ်ပြီး၊ ဝန်ကြီးချုပ်ရောက် ရှိ ချိန်တွင် ချင်းမိုင်မြို့ လေထု အရည်အသွေး ညွှန်ကိန်းမှာ ၃၇၉ ဖြစ်နေပြီး ကမ္ဘာတလွှား အဆိုးဝါးဆုံး မြို့ပြလေထု ညစ်ညမ်းမှုဖြစ်ပြီး အန္တရာယ်ရှိသည့်အဆင့်ရှိနေကြောင်း IQAir AirVisual ညစ်ညမ်းမှုအချက်အလက်များအရ သိရသည်။
တောင်ယာများ ရှင်းလင်းရန် မီးရှို့ခြင်းနှင့် တောင်တန်းများပေါ်ရှိ သစ်တောများ မီးလောင်ခြင်းတို့ ခြင်းတို့ကြောင့် မိုးခေါင်၍ အပူချိန် မြင့်လာခြင်းတို့ အပေါ် ထိုင်းအာဏာပိုင်များက တောင်ယာမီးရှို့ သူများကို အပြစ်တင်နေကြသည်။
ချင်းမိုင်မြို့တွင် ဘေးကင်းဇုန်တခုသတ်မှတ်၍ လူအများစုဝေးနေထိုင်စေခဲ့သည့်နည်းတူ ချင်းရိုင်မြို့ တွင်လည်း တနင်္လာနေ့နှင့်အင်္ဂ ါနေ့တို့က ကျောင်းများပိတ်ထားခဲ့သည်။
“မီးခိုးမြူတွေက ခါတိုင်းလိုဆိုရင် တပတ်လောက် ပေါ်လိုက်ပြီးတော့ ပြီးတာပဲ။ ဒါပေမယ့် အခုချိန်မှာ တော့ အကန့် အသတ်နဲ့ဖြစ်နေပြီး ပိုအခြေအနေဆိုးလာပါတယ်” ဟု ချင်းမိုင်တက္ကသိုလ်၊ ကျန်းမာရေး သိပ္ပံသုတေသနဌာနမှ ညွှန်ကြားရေးမှူး ခွန်ချိုင်းစက် ပါရက်ပင်ယိုက အင်တာဗျူးတခုတွင် ရှင်းပြထားသည်။
“အခုဖြစ်စဉ်က တကယ့်ကို အန္တရာယ်ကြီးပါတယ်။ ကျန်းမာရေးကို ခြိမ်းခြောက်နေပါပြီ”ဟု ၎င်းကဆိုသည်။