သတင်း

ကလေးလုပ်သား ၆ သိန်းကျော် အန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရဟုဆို

Want create site? Find Free WordPress Themes and plugins.

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) မှ ပြုလုပ်ထားသည့် လုပ်သား အင်အား စစ်တမ်းအရ မြန် မာနိုင်ငံတွင် ကလေး အလုပ်သမား ၆ သိန်းကျော်သည် ဘေးအန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင် နေကြရကြောင်း သိရသည်။

ILO က ကြီးမှူး ကျင်းပသည့် ဇွန် ၁၂ ရက်တွင် ကျရောက်သော ကမ္ဘာ့ ကလေးအလုပ်သမား ဆန့်ကျင် တိုက်ဖျက်ရေး နေ့ (WDACL) သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ Pan Pacific ဟိုတယ်၌ ဇွန် ၁၁ ရက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အချက်အလက်များကို တရားဝင် ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

ILO ၏ စစ်တမ်းအရ အသက် ၅ နှစ်မှ ၁၇ နှစ်အရွယ် ကလေး ၁.၁၃ သန်း (ကလေးဦးရေ၏ ၉.၃ ရာခိုင်နှုန်း) သည် ကလေး အလုပ်သမားများ ဖြစ်ကြပြီး ယင်းတို့ထဲမှ ထက်ဝက်ခန့် ၆၁၆၈၁၅ (၅.၁ ရာခိုင်နှုန်း) သည် ၎င်းတို့၏ ကိုယ် ခန္ဓာ၊ စိတ်ဓာတ်နှင့် စာရိတ္တပိုင်းများကို ထိခိုက် ပျက်စီးစေနိုင်သော ဘေးအန္တရာယ် ရှိသော လုပ်ငန်းခွင်များတွင် အလုပ် လုပ်ကိုင်နေကြရကြောင်း သိရသည်။

ယင်းသို့ ဘေးအန္တရာယ်ရှိသော အလုပ်တွင် လုပ်ကိုင်နေရသော ကလေးအများစုမှ ၂၄.၁ ရာခိုင်နှုန်းသည် အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြား ရှိပြီး ၇၄.၆ ရာခိုင်နှုန်းသည် ၁၅ နှစ်မှ ၁၇ နှစ်ကြား ရှိကာ အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြား ရှိသော အသက် အရွယ် အုပ်စုသည် အချိန်ကြာမြင့်စွာ အလုပ် လုပ်ကိုင်ရလေ့ ရှိဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ကလေး အလုပ်သမားများကို အများဆုံး အသုံးပြုနေကြသော လုပ်ငန်းခွင်များမှာ စိုက်ပျိုးရေးတွင် ၆၀.၅ ရာခိုင်နှုန်း၊ ကုန်စည် ထုတ်လုပ်ရေးတွင် ၁၂ ရာခိုင်နှုန်း၊ လက်လီနှင့် လက်ကား ဖြန့်ဖြူး ရောင်းချရေး၊ မော်တော် ကား ထုတ်လုပ်ရေး စသည် တို့တွင် ၁၁ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သိရှိရသည်။

အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက “ကလေး အလုပ်သမား လျော့နည်း ပပျောက်ရေးဟာ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လူနေမှု ဘဝမြင့်မားမှု ပညာရေး ဖွံ့ဖြိုး တိုးတက်မှု များနဲ့ သက်ဆိုင်နေပါတယ်။ ပြည်တွင်း ပဋိပက္ခများ ဆင်းရဲနွမ်းပါးမှုနဲ့ ရွှေ့ပြောင်း နေထိုင်မှုများ ရာသီဥတု ပြောင်း လဲခြင်း အကျိုးဆက်များကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝ ဘေးအန္တရာယ် စားနပ်ရိက္ခာ မဖူလုံမှု လူမှုစီးပွား ဘဝ အကျပ်အတည်းများဟာ ကလေးတွေ ပညာဆုံးခန်းတိုင်အောင် မသင်ကြားနိုင်ဘဲ ကလေး အလုပ်သမား ဖြစ်ဖို့ တွန်း ပို့လျက် ရှိတာကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် အလွန်ပဲ ခက်ခဲကြာရှည် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် ဖြစ်လို့ အလေးထား ဖြေရှင်း ဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အသက် ၁၄ နှစ်အောက် ကလေးငယ်များကို မိသားစု ကိစ္စများ ကူညီခြင်းမှ လွဲပြီး အလုပ်ခိုင်းစေခွင့် မရှိသော်လည်း ဆင်းရဲနွမ်းပါးမှုက ၎င်းတို့ကို လုပ်ငန်းခွင်ထဲ တွန်းပို့ သကဲ့သို့ ဖြစ်နေသည့် အပြင် လုပ်ငန်းခွင်များ အတွင်း ရက်သတ္တပတ် ၄၄ နာရီထက် ကျော်လွန် အလုပ်လုပ်နေရကြောင်း ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ဦးညွန့်ဝင်းက အသက် ၁၄ နှစ်မှ ၁၆ နှစ်၊ ၁၆ နှစ်မှ ၁၈ နှစ်အတွင်း ရှိသည့် ကလေး အလုပ်သမားများ နှင့် လူရွယ် အလုပ်သမားများသည် အပူအအေး လွန်ကဲခြင်း၊ ဆူညံသံများခြင်း၊ အခိုးငွေ့ ဖုန်မှုန့်များနှင့် လုပ်ကိုင်ရခြင်း၊ အလုံပိတ်ခန်းနှင့် အမြင့်တက် လုပ်ကိုင်ရခြင်း၊ လေးလံသော ကုန်ပစ္စည်များ သယ်ပိုးရခြင်း၊ ကျန်းမာရေးနှင့် မညီ ညွတ်သည့် အနေအထားတွင် လုပ်ကိုင်ရခြင်း၊ မတော်မတရားမှုနှင့် ခေါင်းပုံဖြတ်မှုများ ရှိခြင်း၊ ကလေးသူငယ်၏ ပညာ ရေးကို ပိတ်ပင်သည့် မည်သည့် လုပ်ငန်းခွင်တွင် မဆို လုပ်ကိုင်နေကြရသည့် ကလေး အလုပ်သမားများကို အလေး ထား စောင့်ရှောက်ရန် လိုအပ်သည် ဟုလည်း ဆိုသည်။

ကလေး အလုပ်သမား ဟူသည် ဥပဒေက ခွင့်ပြုထားသည့် အသက် အရွယ်ထက် ငယ်ရွယ်ခြင်း၊ ဥပဒေက ခွင့်မပြု ထားသည့် အလုပ်အမျိုးအစား ဖြစ်နေခြင်း၊ ဥပဒေက ခွင့်ပြုထားသည့် အသက်အရွယ် ရှိသော်လည်း လုပ်ကိုင်ရသည့် အလုပ် အမျိုးအစားကြောင့် သော်လည်းကောင်း၊ အလုပ်ချိန်ကြောင့် သော်လည်းကောင်း၊ အလုပ်လုပ်ရသည့် ကလေး ၏ ပညာရေး (သို့) ဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်းတို့ ဖြစ်စေလျှင် ထိုအလုပ်ကို လုပ်ကိုင်နေရသော ကလေးအား ကလေး အလုပ်သမား အဖြစ် မှတ်ယူရပါမည်ဟု ILO က သတ်မှတ်ထားသည်။

ကမ္ဘာတဝှမ်း ကလေး အလုပ်သမား ဦးရေ ၁၅၂ သန်း ရှိနေပြီး ၇၃ သန်းမှာ ဘေးအန္တရာယ် ရှိသော (သို့) ဘေးဖြစ် စေနိုင်သော အလုပ်များကို လုပ်ကိုင်နေရကြောင်း သိရသည်။

မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး နော်ဆဲဆဲက “ရေရှည်သွား လုပ်ရမယ့် လုပ်ငန်းခွင် မဟုတ်တဲ့ ဟာမျိုးတွေမှာ ကလေးလုပ်သားတွေ အများကြီး ရှိနေတယ်။ ပြီးရင် သူတို့လုပ်နေတဲ့ အလုပ်တွေက တကယ် အန္တရာယ်များတဲ့ အလုပ်တွေ ဖြစ်နေတာကို တွေ့မြင်နေရတယ်။ ဥပမာ ဆိုရင် သံတိုသံစ စက်ရုံတွေမှာ ဆိုရင် သံတိုသံစတွေကို ကလေးတွေက သယ်ပိုးရတယ်။ အလေးမတာတွေက သူတို့ဘဝရဲ့ ကျန်းမာရေး အရရော ပညာရေး အရရော သူတို့ဘဝ ရှင်သန်ရေးကသာ တကယ့် သူတို့ အတွက် စိန်ခေါ်မှုဖြစ်နေတာ မျိုး ဖြစ်နေတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက အဓိက တာဝန်ရှိသည့် အစိုးရအနေဖြင့် အနာဂတ် ခေါင်းဆောင်များဖြစ်သည့် ကလေးများ အတွက် ဦးစားပေး အစီအစဉ်များ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်စေချင်သည်ဟုလည်း တိုက်တွန်း တောင်းဆိုသည်။

မြန်မာနိုင်ငံတွင် ကလေး အလုပ်သမားဟူသည် အတိုင်းအတာ တခု အထိ ရှိနေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်လေ့ ဖြစ်ထ ရှိသည့် သဘာဝ ဖြစ်ကြောင်း၊ ထိုအရာသည် တိုင်းပြည် အတွက် အန္တရာယ်တခု ဖြစ်ပြီး မဖြေရှင်းဘဲ ထား လိုက်မည်ဆို ပါက အန္တရာယ်ပိုကြီးလာမည် ဖြစ်ကြောင်း ဦးညွန့်ဝင်းက ပြောသည်။

ထို့ပြင် ကလေး အလုပ်သမားဟူသည် မရှိသင့်ဘဲ ၎င်းတို့ သွားချင်သည့် ရည်မှန်းချက်ကို သွားနိုင်ရန် မိဘ အုပ် ထိန်းသူများက ပံ့ပိုးပေးသင့်ကြောင်းနှင့် ၎င်းတို့ကို ငွေလုပ်စက် အဖြစ် ဝင်ငွေရှာသူ အဖြစ် မသုံးသင့်ကြောင်း ၎င်းက ပြောဆိုသည်။

ဦးညွန့်ဝင်းက “ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာဆိုရင် အဓိကက ကျောင်းတွေ ပိတ်လိုက်ရတယ်။ တချို့ဆို အဖေက စစ်သား အဖြစ် စုဆောင်းခံရတယ်။ တချို့တွေက အမေတွေပါ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ စုဆောင်းတာကို ခံရတယ်။ သူတို့ စစ်ရှောင်လာတော့ မိဘ လုပ်ငန်းတွေမှာ ဝင်လုပ်ရတယ်။ ပြောချင်တာက တောင်ယာ စိုက်တဲ့လုပ် ငန်းတွေ စပါးစိုက်တဲ့ လုပ်ငန်း ထင်းခုတ်တဲ့ လုပ်ငန်း တပိုင်တနိုင် လုပ်ငန်းတွေ စတဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံ ရရင် ပြီးရောဆိုတဲ့အခါ နောက်ဆုံး ဖားရှာ ငါးရှာတာက အစ လုပ်ကြရတယ်။ အဲဒီဟာတွေကလည်း ပဋိပက္ခဒေသတွေမှာ ကလေးလုပ်သား ပေါ်ပေါက်စေဖို့ အကြောင်းအရင်း တချက် ဖြစ်တယ်”ဟု ရှင်းပြသည်။

မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း စာချုပ်တွင် ၁၉၉၁ ခုနှစ်က ပါဝင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ယင်းနှစ်တွင်ပင် အဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့ကာ ၂၀၁၂ တွင် ကလေးသူငယ်များအား ရောင်း ချခြင်း၊ ပြည့်တန်ဆာ ပြုလုပ်ခြင်းနှင့် ညစ်ညမ်း ရုပ်ပုံများ ဆိုင်ရာ CRC နောက်ဆက်တွဲ ပရိုတိုကောလ်ကို လက်မှတ် ရေးထိုးခဲ့သည်။

၂၀၁၃ ဒီဇင်ဘာတွင် အဆိုးရွားဆုံး ပုံစံဖြင့် ကလေးအလုပ်သမား ခိုင်းစေမှုနှင့် ပတ်သက်သည့် ILO ၏ ပြဋ္ဌာန်းချက် (၁၈၂)ကို အတည်ပြုခဲ့ပြီးနောက် စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေပြုရေးကဏ္ဍ သာမက ဘေးအန္တရာယ် ရှိသော အလုပ် ခွင်တွင် ကလေးအလုပ်သမားများ ပပျောက်စေရေး အမျိုးသား အဆင့် လုပ်ငန်းစီမံချက်(၂၀၁၇)အား လက်တွေ့ အကောင် အထည်ဖော်ခြင်းများ လုပ်ဆောင်ရာတွင်လည်း ILO နှင့်အတူ ပူးပေါင်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

အဆိုပါ အမျိုးသားအဆင့် လုပ်ငန်း စီမံချက်၏ ပင်မ မျှော်မှန်းချက်မှာ ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ယောကျ်ားလေး နှင့် မိန်းကလေးများအား အဆိုးရွားဆုံး ပုံစံဖြင့် ကလေး အလုပ်သမား အဖြစ်သို့ ရောက်ရှိမသွားစေရန် ထိထိရောက် ရောက် တားဆီးကာကွယ်မှုအား အပြီးအပြတ် လုပ်ဆောင်သွားရန် ချမှတ်ထားသည်ဟုလည်း တရားဝင် ထုတ်ပြန် ထားသည်။

ကမ္ဘာလုံးဆိုင်ရာ ကလေး အလုပ်သမား စိန်ခေါ်မှုအား ပိုမိုအာရုံစိုက် လုပ်ဆောင်စေရန်နှင့် ၂၀၂၅ တွင် ကလေး အလုပ်သမား ပြဿနာအား အမြစ်ပြတ် တိုက်ထုတ်နိုင်ရေး အတွက် စုစည်း လုပ်ဆောင်ချက်များနှင့် ကြားဝင် ဖြေရှင်း မှုများအား အရှိန်မြှင့်တင်စေရန် ရည်ရွယ်၍ ကမ္ဘာ့ကလေး အလုပ်သမား ဆန့်ကျင် တိုက်ဖျက်ရေးနေ့ကို ဇွန် ၁၂ ရက် တွင် ကမ္ဘာတဝှမ်းလုံး၌ ကျင်းပလေ့ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၆ ကြိမ်မြောက်ကျင်းပသည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင် တိုက်ဖျက်ရေးနေ့ အခမ်းအနား၏ ဆောင်ပုဒ်မှာ “ကလေးများသည် အနာဂတ် အိပ်မက်များ မက်နေရန် ဖြစ်ပြီး လုပ်ငန်းခွင် ဝင်ရောက်ရန် မဟုတ်ပါ” ဟူ ၍ ဖြစ်သည်။

You may also like these stories:

ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ “ကမ္ဘာ့ကလေး အလုပ်သမား ဆန့်ကျင်ရေးနေ့”

အိမ်အကူလုပ်ငန်းသည် ကလေးငယ်များအတွက် အန္တရာယ်ရှိသော လုပ်ငန်းအမျိုးအစားဟုဆို

အကြွေးကျွန်စနစ် ဖျက်သိမ်းနိုင်မှ ကလေးလုပ်သား ပပျောက်မည်ဟု ILO ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading