(၁)
ချင်းတွင်းမြစ်တွင် မေးတင်ထားသော စေတီကလေးမှ လမ်းမျှော်ကြည့်လိုက်သောအခါ အုံ့ဆိုင်းဆိုင်း ရွာကလေးများ၊ ဟိုးအနောက်ဘက်တွင် တောင်တန်းများ တွေ့ရသည်။
“ဟိုးမှာ မြင်နေရတဲ့ တောတန်းကလေးကျော်ရင် သမီးတို့ရွာပေါ့” ဟု လွမ်းလွမ်းဆွေးဆွေးဖြင့် အမျိုးသမီးငယ်ကလေးတဦးက ပြောသည်။
သူ ရွာပြန်မရောက်သည်မှာ သုံးနှစ်ကျော်ပြီဟု ပြောသည်။ “စလုံး” (စစ်တပ်) ကိုလည်း ကြောက်ရသည်၊ “ပစောက်” (PDF) နှင့် ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) ကိုလည်း ကြောက်ရသည်ဟု အညာသူ အမျိုးသမီးငယ်များက ပြောသည်။ “စလုံး” နှင့် “ပစောက်” မှာ သူတို့ သုံးနှုန်းသည့် အတိုကောက်ဖြစ်သည်။
နိုင်ငံခြားမပြောနှင့် ရန်ကုန်ကိုပင် ရောက်အောင် သွားရန် အခွင့်အလမ်းနှင့် အဆက်အသွယ်မရှိခြင်းက စစ်ကိုင်းတိုင်းထဲတွင် ခြေချုပ်မိနေစေသည်။ ရွေးစရာမရှိသည့်အခါ အစိုးရဌာနတခုတွင် အလုပ်ဝင်လုပ်ပြီး ကိုယ်ယောင်ဖျောက်ကာ ရုန်းကန်ရသည်။
“အမေတို့က ရန်ကုန်မှာ အလုပ်လုပ်နေတယ်လို့ ရွာမှာ သတင်းလွှင့်ထားတယ်။ လူကြုံနဲ့တော့ စားစရာတွေ ပို့ပေးပါတယ်” ဟု တဦးက ပြောသည်။
“သမီးတို့ဆီမှာဆို ဟိုဘက်ရွာက ပျူ (ပျူစောထီး)၊ ဒီဘက်ရွာမှာ ပစောက် (PDF)၊ သွားရေးလာရေး မလွယ်ဘူး” ဟုလည်း တယောက်က ဝင်ထောက်သည်။
“သမီးတို့ဆီမှာဆို ဟိုဘက်ရွာက ပျူ (ပျူစောထီး)၊ ဒီဘက်ရွာမှာ ပစောက် (PDF)၊ သွားရေးလာရေး မလွယ်ဘူး” ဟုလည်း တယောက်က ဝင်ထောက်သည်။
တိုက်ပွဲများနှင့် တည်ငြိမ်အေးချမ်းမှု မရှိသောကြောင့် ရွာတွင် ရာသီပေါ် တောင်ယာများလည်း စိုက်ပျိုးခွင့်မသာဟု ပြောကြသည်။ သူတို့ ထမင်းချိုင့်တွင် အသီးအရွက်ကြော်၊ အခြောက်အခြမ်းကလေးများသာ။ ရသည့်ဝင်ငွေကလေးကို အိမ်သို့ ပြန်ထောက်ကြသည်။
ကျနော်ကား တခွန်းတည်းသော ပြောနေကျစကားသာ ပြောသည်။ “အေး … သင်ယူလေ့လာစရာတွေ သင်လိုက်ကြဦး၊ ခေတ်ကြီးက သွားနေဦးမှာ၊ ပြီးရင် နိုင်ငံခြားထွက်ကြတော့”။ ထို့ထက်ပိုပြီးလည်း မပြောတတ်တော့။
သူတို့ ပျော်မနေကြပါ။
(၂)
အိမ်ပြောင်းလာကာစ အနီးဝန်းကျင် ဘယ်သူက ဘယ်သူဆိုတာ မသိ။ ဆိုင်ကယ် ခပ်စုတ်စုတ်၊ တောင်းကြီးတလုံး နောက်တွင် ချည်ကာ အဒေါ်ကြီးတဦး ရှေ့အခန်းကို ဝင်သွားသည်။ သန့်ရှင်းရေးလာလုပ်သည်ဟု ထင်မိသည်။
နောက်မှ သိရသည်။ “အဲဒါ ဌာနမှူးအဆင့် ရာထူးရှိတယ်။ ရှေ့လ ပင်စင်စားရမှာမို့ အောင့်အည်းပြီး ဆက်လုပ်နေတာ၊ ရန်ကုန်လိုနေရာမျိုးဆို ကျော့နေအောင် နေကြတာ”။
သူ့မျက်နှာမှာ အမြဲ ညှိုးနွမ်းနေသည်။
တပတ်တခါလောက် ခပ်နွမ်းနွမ်းနှင့် ဦးလေးကြီးတဦး လာတတ်သည်။ သူ့အကိုဟု သိရသည်။
“သူတို့အိမ် မီးရှို့တဲ့အထဲ ပါသွားပြီလေ” ဟု ပြောပြသည်။
သူတို့ ပျော်မနေကြပါ။
(၃)
အညာမြေ တက္ကသိုလ် တခုထဲသို့ အလည်ရောက်သည်။ လုံခြုံရေး အထူးတင်းကျပ်သည်။
အဝေးသင်ကာလ ကျောင်းသား ကျောင်းသူ အမြောက်အမြား တွေ့ရသည်။ ကျောင်းသား ကျောင်းသူ ဦးရေ ထက်ဝက်ကျော် ကျဆင်းသွားကြောင်း၊ အများစုမှာ ရန်ကုန်၊ မန္တလေးမြို့များသို့ ပြောင်းရွှေ့၊ သို့မဟုတ် PDF ထဲဝင်၊ သို့မဟုတ် ထို့ထက် တတ်နိုင်ပါက ပြည်ပကို ထွက်ခွာသွားကြပြီဟု သိရသည်။
အဝေးသင်ကာလ ကျောင်းသား ကျောင်းသူ အမြောက်အမြား တွေ့ရသည်။ ကျောင်းသား ကျောင်းသူ ဦးရေ ထက်ဝက်ကျော် ကျဆင်းသွားကြောင်း၊ အများစုမှာ ရန်ကုန်၊ မန္တလေးမြို့များသို့ ပြောင်းရွှေ့၊ သို့မဟုတ် PDF ထဲဝင်၊ သို့မဟုတ် ထို့ထက် တတ်နိုင်ပါက ပြည်ပကို ထွက်ခွာသွားကြပြီဟု သိရသည်။
ဤသို့ဆိုလျှင် ကျောင်းလာတက်ကြသူများကား မည်သူတို့နည်း။
ထိုမေးခွန်းကို မဖြေမီ Facebook ကဲ့သို့သော လူမှုကွန်ရက်မီဒီယာများမှ ရေးသားချက်များအရ “စစ်ကျွန်ပညာရေး”၊ “အသက်ပေးသွားတဲ့ ကျောင်းသား ကျောင်းသူတွေ မျက်နှာမှ မထောက်”၊ “ကျောင်းတက်ပြီး ဆယ်လ်ဖီဆွဲနေတာ မရှက်ကြဘူးလား” စသည်ဖြင့် တွေ့နိုင်ပါသည်။
ထိုမေးခွန်းကို ကျနော်လည်း စိတ်ဝင်စားပါသည်။ အချိန်ယူ၍ စစ်စစ်ပေါက်ပေါက် မေးမြန်းလေ့လာကြည့်ပါသည်။
အနှစ်ကို ချုပ်ရသော် အချက်နှစ်ချက် တွေ့ပါသည်။
ပထမတချက်မှာ ဘွဲ့တလုံးယူပြီး မြို့ပြသို့ တက်ရန် သို့မဟုတ် တတ်နိုင်လျှင် ပြည်ပသို့ထွက်ရန် မိဘဆွေမျိုးများက တိုက်တွန်းမှု၊ သို့မဟုတ် ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်မှု ဖြစ်သည်။
ဒုတိယတချက်မှာ “ကျောင်းသား ကျောင်းသူ ဖြစ်ပါသည်” ဟု ဆိုလျှင် သေတွင်းပို့မည့် “စစ်မှုထမ်းဥပဒေ” မှ ကျော်လွှားနိုင်ရေး ဖြစ်ပါသည်။
အညာဒေသဝန်းကျင်တွင် လေ့လာမိသမျှမှ ထိုကောက်ချက်နှစ်ခုကို ဆွဲယူကြောင်း သတိပြုစေလိုပါသည်။
သူတို့အများစု “စစ်ကျွန်ပညာရေး” မှန်းလည်း သိကြပါသည်။ ကိုယ့်အိတ်ကိုယ်စိုက်ပြီး ပုဂ္ဂလိက နိုင်ငံတကာကျောင်းလည်း မတက်နိုင်၊ ပြည်ပတက္ကသိုလ်လည်း သွားမတက်နိုင်သည့်နည်းတူ ရသည့်နည်းဖြင့် ဘွဲ့တခုရမှ ဘဝရှေ့ဆက်၍ အဆင်ပြေမည်ဟု ခံယူကြသူများလည်း ရှိပါသည်။
၎င်းတို့ထဲတွင် စစ်အာဏာသိမ်းမှုကို ဆန္ဒပြခဲ့သူ၊ အညာသီယန် တော်လှန်ရေးအဖွဲ့များနှင့် အဆက်အသွယ်ကင်းသူများ မပါဟု စာဖတ်သူ ထင်ပါသလား။

ထူးထူးဆန်းဆန်း မှတ်ချက်တခုကို ကြားခဲ့ရသည်။ “ဆရာလည်း ကျောင်းသားကို မယုံ၊ ကျောင်းသားကလည်း ဆရာကို မယုံပါဘူး” ဟူသတတ်။ ဖြန့်၍ တွေးကြည့်ကြပါ။ ဘယ်သူက “ဖရဲသီး” လဲ၊ ဘယ်သူက “ပစောက်” လဲ၊ နဖူးတွင် စာကပ်မထားကြပါ။
သို့သော် ယခုရက်ပိုင်းအတွင်း စစ်အစိုးရ ထိန်းချုပ် သတင်းစာများတွင် “မောင်သံငြိမ်း” ဆိုသူ၏ “တက္ကသိုလ်ကျောင်းသား- ပြည်သူ့စစ်သား” ဆိုသည့် ဆောင်းပါးက ၎င်းတို့ ကျောင်းသား ကျောင်းသူများကို ခြောက်လှန့်လိုက်ပါသည်။
သို့သော် ယခုရက်ပိုင်းအတွင်း စစ်အစိုးရ ထိန်းချုပ် သတင်းစာများတွင် “မောင်သံငြိမ်း” ဆိုသူ၏ “တက္ကသိုလ်ကျောင်းသား- ပြည်သူ့စစ်သား” ဆိုသည့် ဆောင်းပါးက ၎င်းတို့ ကျောင်းသား ကျောင်းသူများကို ခြောက်လှန့်လိုက်ပါသည်။
သူတို့ ပျော်မနေကြပါ။
(၄)
သူ့တွင် မိဘများ မရှိကြတော့ပါ။ ဆွေမျိုးတော်စပ်သော ကျောင်းထိုင်ဆရာတော်က ဘွဲ့လွန်အထိ တာဝန်ယူ၍ ကျောင်းထားပေးသည်။ သူ့ဘဝသူ လမ်းဆက်လျှောက်နိုင်ရန်ဖြစ်သည်။ သူ့အိပ်မက်တို့သည် စစ်အာဏာသိမ်းမှုအောက်တွင် လမ်းပျောက်သွားရှာသည်။
အရွယ်ရောက်သည့် မိန်းကလေးဖြစ်၍ ဘုန်းကြီးကျောင်းတွင် ရေရှည်နေထိုင်ရန် မသင့်လျော်။ ရရာအလုပ်ကို လုပ်ရသည်။ သူ့ဘွဲ့နှင့် မအပ်စပ်လှသော လစာနည်းနည်းဖြင့် အရောင်းစာရေးမအဖြစ် ဝင်လုပ်ရသည်။
ဆရာတော်လည်း စိတ်မကောင်း။ ပညာတွေ ဒီလောက်သင်ထားပြီးမှ ဒီလိုဖြစ်ရလေခြင်းဟု။
ဘဝရပ်တည်ရေးအတွက် အစိုးရဌာနတခုတွင် ဝင်လုပ်ရန် ဆုံးဖြတ်လိုက်ရသည်။ နေရေးထိုင်ရေး မပူပင်ရသော လူရိုသေရှင်ရိုသေ အလုပ်ကလေးတခုတော့ ရသွားသည်။
နောက်တဦးမှာလည်း မိဘများ မရှိကြတော့။ အဘွားဖြစ်သူကလည်း ပညာဆက်သင်ပေးရန် ရုန်းကန်ရေး ခက်ခဲလာသည်။ စာတော်ပြီး အမှတ်ကောင်းသော်လည်း ကျောင်းဆက်မတက်တော့ဘဲ ပုဂ္ဂလိက သင်ကြားရေးတခုတွင် အလုပ်ဝင်လုပ်ရသည်။
ဆရာ ဆရာမများက နှမြောသော်လည်း သူ့ဘဝ သူသာ သိပါလိမ့်မည်။ တတ်နိုင်သလောက် ထောက်ပံ့ပေးပါမည်ဟု ကမ်းလှမ်းသော်လည်း ခေတ်ဆိုးကြီးတွင် ရေရှည်ထောက်ပံ့ရေး အဆင်မပြေကြကြောင်းလည်း သူသဘောပေါက်ပုံရပါသည်။
“စရိတ်ငြိမ်း၊ လစာ (ကျပ်) ၁ သိန်းခွဲ” ဟု သိရသောအခါ ကျနော်လည်း ပြောစရာ စကားလုံး ပျောက်ဆုံးသွားပါသည်။
သူတို့ ပျော်မနေကြပါ။
(၅)
သူကား မိဘမဲ့ဂေဟာတခုတွင် အလုပ်လုပ်သည်။ တက္ကသိုလ်ပြီးခါနီး နောက်တနှစ်အလိုတွင် တိုင်းပြည်ပျက်သည်။ လူငယ်ပီပီ စစ်အာဏာသိမ်းမှု၊ နှိပ်ကွပ်မှုများကို လက်မခံနိုင်သောကြောင့် ကျောင်းဆက်မတက်လိုဟု ဆန္ဒထုတ်ဖော်သည်။
အငြိမ်းစား အစိုးရဝန်ထမ်းများဖြစ်သည့် မိဘ နှစ်ဦးက သူတို့ မျက်စိမမှိတ်မီ ဘွဲ့ရတာကလေးတော့ မြင်ချင်သည်ဟု ဆိုသောကြောင့် သူ့ခမျာ ခွကျသည်။
“ကျောင်းပြီးအောင် တက်လိုက်ပါ၊ အမှတ်ကောင်းအောင် ကြိုးစားပြီး ပြည်ပမှာ ပညာဆက်သင်ပြီး ခေတ်မကောင်းမချင်း ပြန်မလာနဲ့တော့” ဟု ကျနော်က အခမဲ့ အကြံပေးသည်။
အမှတ်ကောင်းကောင်းဖြင့် ဘွဲ့လွန်တက်ရန် အမှတ်မီသည်။ သို့သော် ကျောင်းဆက်မတက်ဟု သူဆုံးဖြတ်ပြီးပြီ ဖြစ်ကြောင်း၊ မိဘမဲ့ဂေဟာတွင် အလုပ်ဆက်လုပ်နေမည်ဖြစ်ကြောင်း ပြောသည်။ မိဘများ အသက်ကြီးပြီဖြစ်၍ ခွဲမသွားလိုသောကြောင့် ပြည်ပသို့လည်း မထွက်လိုပါတဲ့။
သူတို့ ပျော်မနေကြပါ။
(၆)
မိတ်ဆွေတယောက်က ကော်မာရှယ် အတ် ဟု ခေါ်ကြသည့် ဆိုင်းဘုတ်၊ ကြော်ငြာ လုပ်ငန်းများ လုပ်သည်။
မေးနေကျအတိုင်း “အလုပ်အကိုင် ကောင်းရဲ့လား” ဟု မေးသောအခါ ကျနော့်ကို စိုက်ကြည့်နေသည်။
“အလုပ်ကတော့ လာအပ်တယ်ဗျ။ ဒါပေမယ့် ကျနော် လက်မခံလိုက်ဘူး”။ သူငွေကြေး လိုအပ်နေမှန်းသိသဖြင့် “ဟာ … ဒီခေတ်ကြီးမှာ အလုပ်ရဖို့က ခက်က ခက်သနဲ့၊ လက်ခံလိုက်လေ” ဆိုသောအခါ သူက အဝေးကို ငေးရင်း ဖြေသည်။
“စစ်တပ် ကုမ္ပဏီနဲ့ ပတ်သက်နေတယ်ဗျ။ ပိုက်ဆံကတော့ တောင်းသလောက် ပေးမယ် ပြောတယ်။ ကျနော် မလုပ်ချင်ဘူး။ ကျနော် လိပ်ပြာမလုံဘူးဗျ၊ လက်မခံလိုက်ဘူး”
“စစ်တပ် ကုမ္ပဏီနဲ့ ပတ်သက်နေတယ်ဗျ။ ပိုက်ဆံကတော့ တောင်းသလောက် ပေးမယ် ပြောတယ်။ ကျနော် မလုပ်ချင်ဘူး။ ကျနော် လိပ်ပြာမလုံဘူးဗျ၊ လက်မခံလိုက်ဘူး”။
သူတို့ ပျော်မနေကြပါ။
(၇)
ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်များတွင် တိုက်ခန်းလွတ် မရှိသလောက် ဖြစ်လာသည်။ “ရန်ကုန် စစ်ဘေးရှောင်စခန်း” ဟု တခါက ကျနော် ရေးဖူးသည်။

တတ်နိုင်သူများက ငွေထုတ်ပိုက်ပြီး အခန်း အပိုင်ဝယ်သည်။ သိပ်မတတ်နိုင်သူများက အခန်းငှားနေကြသည်။ တိုင်းရင်းသားမျိုးစုံတွေ့ရသည်။ မျိုးစုံရုန်းကန်နေကြသည်။
မုန့်မျိုးစုံ၊ သူတို့ ဒေသအစားအစာမျိုးစုံ ချက်ပြုတ်ရောင်းချသည်။ သူတို့ဒေသထွက် အစားအစာ၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများကို လမ်းကြောင်းသင့်သလို မှာယူပြီး ရောင်းချကြသည်။ အတူပါလာသည့် သား သမီး၊ တူ၊ တူမ၊ မိန်းကလေး၊ ယောက်ျားလေးများကလည်း အနည်းဆုံး ဘာသာစကားတခု၊ အတတ်ပညာတခုကို ကြိုးစားသင်ကြသည်။ ထို့ပြင် အချို့ မိန်းကလေးများက အပိုဝင်ငွေလေးရအောင် ကလေးများကို စာလိုက်သင်သည့်အလုပ် လုပ်ကြသည်ကို တွေ့ရသည်။
သူတို့ တညီတညွတ်တည်း ဖြေသည်မှာ ပြည်ပထွက်ရေးပင် ဖြစ်သည်။
“ရွာကို မပြန်တော့ဘူး။ ပြန်စရာအိမ်လည်း မရှိတော့ဘူး၊ လယ်လည်း စိုက်လို့မရတော့ဘူး”၊ “အဘိုး၊ အဘွား၊ ကြီးဒေါ်တွေတော့ နေရစ်ခဲ့တယ်”၊ “ကျန်ခဲ့တဲ့ အဖေ၊ အမေလည်း အချိန်မရွေး ထပြေးဖို့ အထုတ်ပြင်ထားရတယ်” စသည်ဖြင့် ပြောပြကြသည်။
သူတို့ ပျော်မနေကြပါ။
(၈)
အတော်ကြီးသော ရဲစခန်းတခုသို့ ကိုယ်နှင့် မသက်ဆိုင်သော ကိစ္စတခုဖြင့် တလလောက် နေ့စဉ် သွားရောက်ရသည်။ ရုံး ကန္နားများဖြင့် ဝေးဝေးနေသော်လည်း မလွှဲသာ မရှောင်သာ သွားရခြင်း ဖြစ်သည်။
တာဝန်ကျ စစ်သားများက ရဲစခန်းတွင် ပူးတွဲ တပ်စွဲထားသည်။
အပွင့်များ၊ အရစ်များကို လိုက်ကြည့်သောအခါ အကြီးဆုံး သုံးပွင့် ဗိုလ်ကြီးမှာ အသက်ငယ်သေးသည်။ ပုပု ခပ်ဝဝဖြစ်သည်။
အချုပ်သား၊ အချုပ်သူများကို မြင်ရသည်မှာ စိတ်ဆင်းရဲသဖြင့် စခန်းအပြင်ဘက် ခုံတန်းတွင် ထိုင်နေကျဖြစ်သည်။ ကျနော် ထိုင်နေကျခုံအနီး သေနတ် ထောင်ထားသဖြင့် ဖုန်းပွတ်ပြီး သတင်းအမြဲကြည့်လေ့ရှိသော ရဲတပ်ကြပ်ကြီးနား မတ်တပ်သွားရပ်နေရသည်။
ကျန် စစ်သားများလည်း ခပ်ငယ်ငယ်ပင်။
ကိုယ့်အနီးလာရပ်သော စစ်သားကို စီးကရက်တလိပ်ပေးပြီး မေးသည်။ “အိမ်ပြန်ဖြစ်သေးလား”။
တပ်သားအဆင့်ရှိ ခပ်ငယ်ငယ်စစ်သားက ပြုံး၍ ဖြေသည်။
“ကျနော် ၁၆ နှစ်ကတည်းက တပ်ထဲဝင်တာ။ အိမ်ပြန်မရောက်တာ နှစ်ပေါက်နေပါပြီ။ အမေ့ဆီ ဖုန်းဆက်တော့ “နင်ပြန်မလာနဲ့၊ ရွာက နင့်ကို သတ်ချင်နေတာ၊ ရွာလည်း မီးရှို့ခံရလို့ ကုန်ပြီ” လို့ ပြောတယ်” ဟု ဖြေသည်။
တရားရုံးသို့ ရောက်ပြန်သည်။
ရဲနှင့်မတူဘဲ တိုက်ခိုက်ရေး စစ်သားပုံပေါက်နေသူက မျက်နှာထား တင်းသည်။ လက်အိတ် စွပ်ထားပြီး ကျည်ကာဝတ်စုံဖြင့် သေနတ်ကို အသင့်အနေထားကိုင်ထားသည်။ တခြားရဲများနှင့် မတူ။
ဆေးလိပ်ပေးလိုက်၊ အချိုရည်ဘူး ပေးလိုက်ဖြင့် စကားပြောကြည့်သည်။ သူ့လက်ထဲ ၅ ထောင်တန် တရွက်လည်း ထည့်ပေးလိုက်တော့ မျက်နှာထား လျော့သွားသည်။
“ကျနော်က စစ်တပ်ကနေ ရဲတပ်ဖွဲ့ကို ပြောင်းလာတာဗျ။ စစ်တပ်ထဲကကျတော့ ထွက်ရခက်လို့ ရဲဘက်ပြောင်းပြီး ထွက်စာတင်မယ် စိတ်ကူးတာ။ ပေးမထွက်ပါဘူးဗျာ”။ ဆေးလိပ်ဖွာရင်း ပြောသည်။ စိတ်ပျက်လက်ပျက် ဖြစ်နေပုံရသည်။
“ကျနော် (ရန်ကုန် ဆင်ခြေဖုံး မြို့တမြို့ … မှာ) အိမ်ကလေးဆောက်ထားတယ်။ အဲဒါ ရဲအိမ်ဆိုပြီး ပြီးခဲ့တဲ့ တပတ်က အရပ်က ဝိုင်းပြီး မီးရှို့လိုက်ကြတယ်ဗျာ။ ပြန်အခြေချစရာ မရှိတော့ဘူး” ဟု ပြောသည်။
ရဲစခန်း လာပါများသဖြင့် စခန်းမှူးနှင့်သာမက ရဲအုပ်နှင့်ပါ မျက်နှာတန်းမိနေသည်။ တရက်တွင် ရဲအုပ်က အပေါ်အင်္ကျီချွတ်ထားရာ စွပ်ကျယ်နှင့် ဖြစ်သည်။
“ရဲမှူး (ရာထူးကို တဆင့်မြှင့်၍ တမင် ခေါ်ရသည်) လက်မောင်းမှာ တက်တူး (ဆေးမင်ကြောင်) နဲ့ပါလား။ အရာရှိတွေက ဆေးမင် မထိုးရဘူးဆို”။ ကျနော်လည်း မမေးရမနေနိုင်။
“အဲဒါ အလုပ်ထုတ်ချင်လည်း ထုတ်ဆိုပြီး မနှစ်က ထိုးလိုက်တာဗျ။ ထွက်စာတင်ထားတာ တနှစ်ရှိပြီ။ ပေးမထွက်ဘူး”။
သူတို့ထဲမှ အချို့လည်း ပျော်မနေကြပါ။
(သာဦးသည် ရန်ကုန်အခြေစိုက် ဂျာနယ်လစ်တဦး ဖြစ်သည်။)
You may also like these stories:
ရန်ကုန် စစ်ဘေးရှောင်စခန်းမှ ပေးစာ
“လေ့လာပြီး ဖြည့်ဆည်းနေမယ်၊ ခေတ်ကောင်းကို စောင့်မယ်”
CDM တွေကို ဘာကြောင့် ပြန်ခေါ်နေတာလဲ (ရုပ်/သံ)
ဘဝကို သုညက ပြန်စရမယ့် ရန်ကုန်ရောက် ချင်းဒုက္ခသည်များ
မြန်မာ ကလေးငယ်မျိုးဆက်တခု ပညာရေး အဆက်ပြတ်နိုင်
ပညာရေးဆိုတာကတော့ လူတိုင်းရဲ့ အခွင့်အရေးပါ
စစ်ကောင်စီ ပညာရေးနှင့် ရင်လေးဖွယ် မြန်မာ့အနာဂတ်














