(စစ်တပ်အာဏာသိမ်းမှုကြောင့် ရည်မှန်းချက်တွေပျက်၊ ဘဝတွေပျက်၊ အသက်ပါပေးရတဲ့ မြန်မာ့အနာဂတ်ရဲ့ လူငယ်တွေပေါင်းများစွာရှိပါတယ်။ အဲဒီထဲမှာ ဘဝတက်လမ်းအတွက် စစ်ကိုင်းတိုင်းထဲက မြို့တမြို့ကနေ ရန်ကုန်ကို တယောက်တည်း အရဲစွန့်ပြီးလာတဲ့ အမျိုးသမီးငယ်လေး တဦးလည်း ပါပါတယ်။ ငယ်ငယ်ကတည်းက စာဖတ်နာခဲ့တဲ့ သူဟာ သူ့မိသားစုဘဝ၊ သူ့ရည်မှန်းချက်၊ နိုင်ငံရေးအပေါ်သဘောထား၊ သူပြင်ဆင်နေတဲ့ အနာဂတ်အတွက် ရင်ဆိုင်နေရတာတွေကို ပြောပြထားပါတယ်။)
သမီးဇာတိက စစ်ကိုင်းတိုင်း (…) မြို့ပါ။ သမီးဇာတိမြို့က အခုလောလောဆယ် တော်လှန်ရေးအဖွဲ့တွေရဲ့ လက်အောက်မှာ ရှိပါတယ်။ သမီးအမေက CDM (အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု) ဝင်ထားတဲ့ ကျောင်းဆရာမဟောင်းပေါ့။ သမီးအဖေကတော့ ကားမောင်းတယ်။ သမီးမှာ မောင်လေးတယောက် ရှိပါတယ်။ သမီးတို့ မိသားစုက အေးချမ်းပါတယ်။
သမီး အသက်က ၁၉ နှစ်ကျော်ပါပြီ။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ဆယ်တန်းအောင်တယ်။ လေးဘာသာ ဂုဏ်ထူးရပါတယ်။ ဓာတုဗေဒနဲ့ ဇီဝဗေဒ နှစ်ဘာသာ ဂုဏ်ထူးမပါပါဘူး။ စုစုပေါင်း ၄၈၂ မှတ်ရပါတယ်။ အောင်စာရင်းထွက်တဲ့ကာလက ကိုဗစ်ကာလကြီးဆိုတော့ ကျောင်းတွေလည်း မဖွင့်နိုင်တော့ ဆေး (တက္ကသိုလ်ဝင်ခွင့်) အမှတ် ဘယ်လောက်ဖြတ်သလဲ ဆိုတာလဲ မသိရဘူးရှင့်။ အမှတ်တောင် ချမပေးဘူး ထင်ပါတယ်။ အခု နိုင်ငံရေးတွေဖြစ်ပြီး ကျောင်းတွေ ပြန်ဖွင့်တော့ ဆေးအမှတ်က ၄၆၀ လို့ ကြားပါတယ်။ သမီး အခု ပြန်တက်ရင်တော့ ဆေး (တက္ကသိုလ်အမှတ်) မီချင်မီမှာပေါ့နော်။
အာဏာသိမ်းခါစကတော့ သမီးတို့မြို့မှာပဲ ရှိနေခဲ့တာပါ။ အိမ်စီးပွားရေး ကူလုပ်တယ်။ အိမ်မှာက အိမ်နောက်ဖေးမှာ စိုက်ခင်းစိုက်ပြီး ရောင်းချတယ်။ မှိုတို့၊ အပ်မှိုတို့ စိုက်တာပေါ့။ စီးပွားရေးက မဆိုးပါဘူး အဆင်ပြေပါတယ်။
သမီးက ဆယ်တန်းအောင်ပြီးကတည်းက ခုနစ်တန်း၊ ရှစ်တန်းတွေကိုလည်း စာသင်ပါတယ်။ အင်္ဂလိပ်စာနဲ့သင်္ချာ နှစ်ဘာသာပါပဲ။ ကိုယ်က တကယ့်ဆရာမ မဟုတ်တော့ ကြေးအကြီးကြီးတော့ ယူလို့ မရဘူးပေါ့။ မုန့်ဖိုးသာသာ၊ ဖုန်းဘေလ်ဖိုးလောက်ပဲ ယူတာပါပဲ။
ငယ်ငယ်တုန်းကတော့ ‘ငါကြီးလာရင် အစိုးရဝန်ထမ်းလုပ်မယ်’ လို့ စိတ်ကူးရှိခဲ့တယ်။ ဆရာဝန်ဖြစ်ဖြစ်၊ အင်ဂျင်နီယာဖြစ်ဖြစ် ရတာလျှောက်မယ်။ ပြီးရင် ဌာနဆိုင်ရာထဲ ဝင်မယ်ပေါ့။ နောက်ပြီး အမေက ကျောင်းဆရာမဆိုတော့ ငယ်ကတည်းက ဝန်ထမ်း ဆရာ၊ ဆရာမ အသိုင်းအဝိုင်းထဲ ကြီးပြင်းလာတော့ အမေ့လို ဆရာမလည်း ဖြစ်ချင်ခဲ့တယ်။
ငယ်ငယ်တုန်းကတော့ ‘ငါကြီးလာရင် အစိုးရဝန်ထမ်းလုပ်မယ်’ လို့ စိတ်ကူးရှိခဲ့တယ်။ ဆရာဝန်ဖြစ်ဖြစ်၊ အင်ဂျင်နီယာဖြစ်ဖြစ် ရတာလျှောက်မယ်။ ပြီးရင် ဌာနဆိုင်ရာထဲ ဝင်မယ်ပေါ့။ နောက်ပြီး အမေက ကျောင်းဆရာမဆိုတော့ ငယ်ကတည်းက ဝန်ထမ်း ဆရာ၊ ဆရာမ အသိုင်းအဝိုင်းထဲ ကြီးပြင်းလာတော့ အမေ့လို ဆရာမလည်း ဖြစ်ချင်ခဲ့တယ်။
အဓိကကတော့ ကိုယ်က စီးပွားရေးဝါသနာမပါတော့ စီးပွားရေးမလုပ်ရရင် ပြီးရော၊ ဘာဖြစ်ဖြစ် လုပ်မယ်ပဲ။ နောက်ပြီး ဘဝကို အေးအေးချမ်းချမ်းနဲ့ စာဖတ်ရင်း နေချင်တာမျိုးပါ။
စာဖတ်ဝါသနာကတော့ ငယ်ငယ်ကတည်းက ပါတယ်ပြောရမယ်ရှင့်။ ကလေးတုန်းကတော့ ရုပ်ပြတို့၊ ကာတွန်းတို့၊ ယဉ်ကျေးလိမ္မာ၊ ရွှေသွေးတို့နဲ့ စခဲ့တာပေါ့။ နောက်ပြီး သမီးအမေကိုယ်တိုင်ကလည်း စာဖတ်ဝါသနာပါသူဆိုတော့ သူကလည်း အားပေးတယ်။
သူကိုယ်တိုင်ကလည်း ကျောင်းမှာ စာကြည့်တိုက်မှူး။ သမီး ငယ်ငယ်ကတည်းက စာအုပ်စာပေနဲ့ ရင်းနှီးခဲ့တယ် ဆိုရမယ်။ အိမ်မှာလည်း အမေဝယ်ထားတဲ့ စာအုပ်တွေ ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဂန္ထဝင် ဝတ္ထုကြီးတွေကိုတော့ ကြီးမှ ဖတ်ဖြစ်တာ။ ကျောင်းစာကြည့်တိုက်မှာတော့ ဝတ္ထုတွေ သိပ်မရှိဘူး။ များသောအားဖြင့် ကလေးစာပေတွေပဲ ရှိတယ်။
သမီး ဝတ္ထုတွေ စဖတ်ဖြစ်တာကတော့ ကိုဗစ်ကာလကျမှလို့ ပြောရမယ်။ သမီးတို့မြို့က ကို (…) ဆိုတာ ရှိတယ်။ ကိုဗစ်ကာလနဲ့ ၂၀၂၁ နောက်ပိုင်း တပိုင်းလုံး သူ့ဆီကနေပဲ ဝတ္ထုကြီးတွေ ငှားဖတ်တာ။
သမီးတို့ မြို့မှာကတော့ စာအုပ်ဆိုင်က တဆိုင်ပဲရှိတယ်။ စာအုပ်လည်း မစုံဘူး။ ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို သူတို့ကို မှာထားရတယ်။ နောက် တလ၊ နှစ်လ နေတော့မှ သူတို့ဆိုင်ကို ရောက်တယ်။
ခုနစ်တန်းမှာ အမေက ‘လေရူးသုန်သုန်’ ကို ဖတ်ခိုင်းတယ်။ ငယ်သေးလို့လား မသိဘူး၊ လေရူးသုန်သုန်ကို သိပ်နားမလည်လိုက်ဘူး။ ဇာတ်လမ်းကိုတော့ နားလည်တာပေါ့။ ဒါပေမဲ့ နောက်ခံ ခေတ်ပန်းချီကားကြီး တချပ်လုံးကျ မမြင်တတ်ဘူးပေါ့။
ရှစ်တန်းကျတော့ တက္ကသိုလ်ဘုန်းနိုင်၊ လယ်တွင်းသား စောချစ် စာအုပ်တွေ ဖတ်ရတယ်။ အမေကပဲ ဖတ်ခိုင်းတာပါ။ သမီး ရန်ကုန်ကို ထွက်မလာခင်အထိ ဖတ်ဖူးသမျှ စာအုပ်တွေ စာရင်းလုပ်ထားတာ အုပ် ၇၀ လောက်တော့ရှိမယ် ထင်တယ်။ အကြိုက်ဆုံး စာရေးဆရာကတော့ ဆရာမြသန်းတင့်ပါ။
သမီး ဆယ်တန်းအောင်ပြီးတော့ (မြန်မာနိုင်ငံမှာ) ကိုဗစ်ဖြစ်တယ်။ ကျောင်းတွေ မဖွင့်ဘူး။ နောက်တော့ နိုင်ငံရေးတွေ အခုလို ဖြစ်တယ်။ ပြီးတော့ ကျောင်းတွေ ပြန်ဖွင့်တယ်။
ဒါပေမဲ့ သမီး တက္ကသိုလ် မတက်တော့ဘူး။ သမီးတို့ဘက်က နိုင်ငံရေးခံယူချက်ပြင်းတယ်။ မိဘတွေကလည်း စိတ်ဓာတ်ပြင်းတယ်။ သမီးတို့ကိုလည်း အခု ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ဘာကမှန်တယ်၊ ဘာကမှားတယ် ခွဲခြားပြတယ်ပေါ့နော်။ အမေကိုယ်တိုင်ကလည်း CDM ဖြစ်တယ်။ သမီးလည်း ကိုယ်မှန်တယ်ထင်တဲ့ လမ်းကိုပဲရွေးခဲ့တယ်။ မိဘတွေကိုယ်တိုင်ကလည်း ကျောင်းဆက်မတက်တာကို အားပေးပါတယ်။
စစချင်းတုန်းကတော့ နိုင်ငံရေးက အခုလောက်ကြာမယ်လို့ မထင်ခဲ့ဘူးပေါ့နော်။ ခဏနဲ့ပြီးမယ် ထင်ခဲ့တာပေါ့။ ဒီကြားထဲ ကိုယ့်ဟာကိုယ် လေ့လာစရာရှိတာ လေ့လာပြီး ဖြည့်ဆည်းနေမယ်၊ ခေတ်ကောင်းကို စောင့်မယ်ပေါ့။
အဲဒီမှာ မထင်မှတ်ဘဲ ၂၀၂၃ ခုနှစ်ထဲမှာ ရန်ကုန်မြို့ကို ရောက်လာခဲ့ပါတယ်။ ရန်ကုန်ကို ရောက်နေတဲ့ သူငယ်ချင်း နှစ်ယောက်ကလည်း ခေါ်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း ရန်ကုန်သွားပြီး သင်တန်းတွေ တက်ချင်တယ်။ အလုပ်လည်း လုပ်ချင်တယ်။ ဒီအတိုင်းကြီး အိမ်မှာပဲနေပြီး ကုန်ဆုံးမသွားချင်ဘူး။ ဒါနဲ့ တယောက်တည်းပဲ ရန်ကုန်ကို စွန့်စားပြီး ထွက်လာခဲ့တာ။
အဲဒီမှာ မထင်မှတ်ဘဲ ၂၀၂၃ ခုနှစ်ထဲမှာ ရန်ကုန်မြို့ကို ရောက်လာခဲ့ပါတယ်။ ရန်ကုန်ကို ရောက်နေတဲ့ သူငယ်ချင်း နှစ်ယောက်ကလည်း ခေါ်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း ရန်ကုန်သွားပြီး သင်တန်းတွေ တက်ချင်တယ်။ အလုပ်လည်း လုပ်ချင်တယ်။ ဒီအတိုင်းကြီး အိမ်မှာပဲနေပြီး ကုန်ဆုံးမသွားချင်ဘူး။ ဒါနဲ့ တယောက်တည်းပဲ ရန်ကုန်ကို စွန့်စားပြီး ထွက်လာခဲ့တာ။
သမီးဘဝမှာ ရန်ကုန် မပြောနဲ့၊ ကိုယ့်မြို့ကလွဲပြီး ဘယ်မြို့မှကို မရောက်ဘူးတာ။ ကသာဆိုတာ အဝေးဆုံး ရောက်ဖူးတာ။ အဲဒါလည်း စာမေးပွဲကိစ္စတခုနဲ့ပဲ။ ဆယ်တန်းတုန်းက ဘော်ဒါဆောင်က လိုက်ပို့ပေးလို့ အင်းတော်ကြီးကို ရောက်ဖူးတယ်။ ဒါပဲ။ ရန်ကုန် မပြောနဲ့ မန္တလေးတောင် မရောက်ဖူးဘူး။
တသက်လုံး အိမ်မှာပဲ နေခဲ့တဲ့ကိုယ်က ရန်ကုန်အထိ တယောက်တည်း လာရတာ။ ကြောက်တော့ မကြောက်ဘူး။ ဒါပေမဲ့ အိမ်ထဲမှာပဲ တနေ့တနေ့ ရည်မှန်းချက်မဲ့နေတယ်လို့ ခံစားရတော့ တနေရာရာကိုသွားပြီး စွန့်စားချင်တယ်ပေါ့နော်။ အဲဒီမှာ သူငယ်ချင်းနှစ်ယောက်ကလည်း ခေါ်တော့ သွားမယ်ဆိုပြီး အိမ်ကိုပြောတယ်။ အိမ်က မသွားစေချင်ဘူး။ တားတဲ့ကြားက သမီးက ဇွတ်ထွက်လာခဲ့တာ။
မထွက်စဖူး ထွက်လာလို့လား မသိဘူး။ ရန်ကုန်အလာ လမ်းမှာ တလမ်းလုံး လူက နေမကောင်းဘူး။ ဟိုအထိတောင် ရောက်ပါ့မလား၊ လမ်းမှာ တခုခုဖြစ်မလားတောင် ကြောက်မိတယ်။ ကာဖျူး (ညမထွက်ရအမိန့်) ရှိတော့ ကားက လမ်းမှာ တည အိပ်ရတယ်။ စားသောက်ဆိုင်တဆိုင်မှာ ကားက ညအိပ်နားတယ်။ အဲဒီမှာ ဟောခန်းထဲမှာပဲ ယောက်ျားသတ်သတ်၊ မိန်းမသတ်သတ် စုအိပ်ရတာပေါ့။ ခရီးသွားဖော်ချင်း ကူညီပေးကြပါတယ်။ သမီး နေမကောင်းတာကိုလည်း ဂရုစိုက်တယ်။ ကားပေါ်မှာ ဘတ်စ်ယာဉ်ဝန်ထမ်းလည်း ပါတော့ ဆေးတိုက်ပါတယ်။
ရန်ကုန်ရောက်တော့ အောင်မင်္ဂလာ (အဝေးပြေးကွင်း) မှာ သူငယ်ချင်းတွေက လာကြိုကြတယ်။ သူတို့ငှားထားတဲ့ တိုက်ခန်းမှာပဲ လိုက်နေတယ်။ ရန်ကုန်ရောက်ရောက်ချင်း တလလောက်က အဆင်မပြေဘူး။ စိတ်ဓာတ်တွေကျပြီး အိမ်ပြန်ချင်တယ်။
လှည်းတန်းမှာ စနေ၊ တနင်္ဂနွေ နှစ်ရက်ဖွင့်တဲ့ သင်တန်းတက်တော့ သူငယ်ချင်းက ပထမ တရက် လိုက်ပို့ပေးတယ်။ နောက်ရက်ကျ ကိုယ့်ဟာကိုယ်သွားတော့ လမ်းတွေမှားပြီး မျက်စိလည်ကုန်တယ်။ နောက်ပြီး တရက် နှစ်ရက်အတွင်း ကားပေါ်မှာ ဖုန်း ခါးပိုက်နှိုက်ခံရတယ်။
(အလုပ်ရှာဖွေရေး) အေဂျင်စီတွေကနေတဆင့် အလုပ်ရှာတာ မရဘူး။ ကိုယ်ရှာတာကတော့ စာရင်းအင်းလုပ်ရတဲ့ အလုပ်မျိုးပေါ့။ ဒါပေမဲ့ သူတို့တောင်းတဲ့ လက်မှတ်တွေက မြင့်တော့ အဆင်မပြေဘူး။ စိတ်ဓာတ်ကျပြီး အိမ်ပြန်ချင်စိတ်နဲ့ ငိုရသေးတယ်။ အိမ်ကတော့ ဖုန်းပျောက်တော့ ဖုန်းထပ်ဝယ်ဖို့ ပိုက်ဆံချက်ချင်း ထပ်ပို့ပေးပါတယ်။
အဲဒီလိုဖြစ်နေတုန်း အွန်လိုင်းပေါ်ကနေ အလုပ်ကြော်ငြာလေးတခုတွေ့တယ်။ စာအုပ်ဆိုင်တဆိုင်မှာ အရောင်းဝန်ထမ်း ခေါ်တာပေါ့။ သမီးလည်း အင်တာဗျူးဖြေရမယ့်နေ့ကို သွားလိုက်တယ်။ ကိုယ့်ရှေ့မှာတယောက်၊ ကိုယ့်နောက်မှာတယောက် လာဖြေတာတော့ သိတယ်။ ဘယ်နှယောက် လျှောက်လဲတော့ မသိဘူးရှင့်။ အလုပ်ကို ရမယ်လို့ ထင်လိုက်မိတယ်။
ဘာလို့ဆို ကိုယ်က စာဖတ်တယ်၊ ပေးတဲ့လစာကိုလည်း စောဒကတက်တာ၊ ညှိနှိုင်းတာ မရှိဘူး။ သမီးက အဓိကက စာအုပ်တွေကြားမှာ နေချင်တာပဲ။ ဒါကြောင့်လည်း ရနိုင်တယ်လို့ပဲ တွက်ခဲ့တယ်။ တကယ်လည်း အလုပ်ခန့်တယ်ဆိုတော့ ပျော်ပြီး အိမ်ကို လှမ်းပြောပြတယ်။
အရင်ကတည်းက သမီးက ပြောဖူးတာရှိတယ်။ အလုပ်လုပ်မယ်ဆိုရင် စာကြည့်တိုက်တို့၊ စာအုပ်ဆိုင်တို့မှာပဲ လုပ်မယ်လို့။ အခု ကိုယ်လုပ်ချင်တဲ့နေရာ ရောက်သွားပြီဆိုတော့ ကိုယ့်အတွက် ရေငတ်တုန်းရေတွင်းထဲကျပဲ။
အလုပ်လုပ်ရတော့ လူတွေအများကြီးနဲ့ ဆက်ဆံရတယ်။ သမီး ငယ်ငယ်က လူတွေနဲ့စကားသိပ်မပြောဘူး။ မဝင်ဆံ့ဘူးပေါ့။ စာပဲလုပ်၊ အားရင် စာဖတ်၊ ဒါပဲ။ အခုတော့ စကားတွေ အများကြီးပြောရတော့ ဆက်ဆံရေး ပိုကောင်းလာတယ်လို့တော့ ထင်တယ်။
အပေါက်အစများတဲ့ ကာစတမ်မာ တချို့တော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့က ဘာဖြစ်တယ် ညာဖြစ်တယ် ပြောလာရင်တော့ သမီးဆိုင်ရှင်က သမီးဘက်က ကာကွယ်ပေးတယ်။ ဈေးဝယ်တွေနဲ့ ဘယ်လိုစကားပြောရမယ် ဆိုတာကိုလည်း သူက သင်ပေးပါတယ်။ တချို့ ကာစတမ်မာတွေကျတော့လည်း တမင်ကို ကိုယ်တွေကို လိုက်အပြစ်လာပြော၊ ရန်ရှာတာရှိတယ်။ သမီးဆိုင်ရှင်ကတော့ သူတို့နဲ့တွေ့ရင် ခပ်မာမာပဲ တုံ့ပြန်တာပဲ။
နယ်မှာဆက်နေဖြစ်လည်း စာကတော့ ဆက်ဖတ်ဖြစ်နေမှာပေါ့နော်။ ဒါပေမဲ့ အလုပ်လုပ်လိုက်တော့ လူတွေနဲ့ဆက်ဆံဖြစ်တယ်။ လူတွေအကြောင်း ပိုသိလာတယ်လို့ ထင်ပါတယ်။
အနာဂတ်အတွက်ကတော့ အခုလောလောဆယ် ဘာမှတိကျတဲ့အရာ မရှိသေးပါဘူး။ ဘာဖြစ်လာမယ် မှန်းလို့မရတော့ ဘာဆက်လုပ်ရမယ်လဲ မသိဘူးပေ့ါနော်။ အခြေအနေကို ကြည့်ပြီးတော့ပဲ မီးစင်ကြည့်က ရတော့မှာပေါ့။ အိမ်ကတော့ ပြန်လာခဲ့ဖို့ခေါ်တယ်။
သူတို့က သမီးကို လိုင်ဇာမှာ ဖွင့်တဲ့ကျောင်းမှာ ဆက်တက်စေချင်တယ်။ တက်စရာကလည်း ဒါပဲရှိတယ်လေ။ နိုင်ငံခြားထွက် ကျောင်းတက်ဖို့တော့ စိတ်ကူးမရှိသေးပါဘူး။ သမီး မိဘတွေကလည်း ဒီမှာပဲနေစေချင်တယ်။ စိတ်မချတာလည်း ပါသလို အခုဆို အမေကလည်း လစာမရဘူးဆိုတော့ support လုပ်မပေးနိုင်တာမျိုးလည်း ပါပါတယ်။
ဒါတွေ မဖြစ်ခင်ကတော့ ငါအသက် ၁၆ နှစ်မှာ ဆယ်တန်းအောင်မယ်၊ တက္ကသိုလ်ကို ငါးနှစ်ပဲထား၊ အသက် ၂၁၊ ၂၂ လောက်မှာ ဘွဲ့ရမယ်။ ပြီးရင် အစိုးရအလုပ်ဝင်မယ်ပဲ တွေးထားခဲ့တာပဲ။ အခုတော့ ဘဝက ထင်မထားတာတွေ ဖြစ်လာခဲ့တာပဲ။
ဒါပေမဲ့လည်း စာဖတ်တာများလာတော့ အကျိုးကျေးဇူးတခုက တွေးတတ်လာတာပေါ့။ ကိုယ်ဖြစ်ချင်သလို ဘဝက ဖြစ်မလာရင်လည်း ဖြစ်လာတဲ့နေရာမှာ အကောင်းဆုံးကြိုးစားရင် ထိုက်တန်တဲ့ လမ်းကြောင်းတခုတော့ ပေါ်လာမယ်ပေါ့။
ဒါပေမဲ့လည်း စာဖတ်တာများလာတော့ အကျိုးကျေးဇူးတခုက တွေးတတ်လာတာပေါ့။ ကိုယ်ဖြစ်ချင်သလို ဘဝက ဖြစ်မလာရင်လည်း ဖြစ်လာတဲ့နေရာမှာ အကောင်းဆုံးကြိုးစားရင် ထိုက်တန်တဲ့ လမ်းကြောင်းတခုတော့ ပေါ်လာမယ်ပေါ့။
ငယ်ငယ်ကတော့ ကိုယ်ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့လောဘ ရှိခဲ့ဖူးတယ်။ အခုတော့ စိတ်လျှော့လိုက်ပြီ။ စိတ်လျှော့လိုက်တယ်ဆိုတာထက် စိတ်ကို တင်းမထားတော့ဘူး။ ဖိအားပြန်မပေးတော့ဘူးပေါ့နော်။ သမီးတို့ ဘဝတူ သူငယ်ချင်းတွေ ဆုံဖြစ်ရင်လည်း သူတို့တွေ ဘယ်လို စိတ်ဓာတ်ကျကြောင်း၊ အလုပ်မှာ အဆင်မပြေကြောင်း ကြားရတိုင်း သမီးက အဲဒီလိုပဲ ပြန်ပြောဖြစ်တယ်။
သမီးက နိုင်ငံခြားလည်း မထွက်နိုင်၊ အိမ်ကလည်း မထွက်ခိုင်းဘူးဆိုပေမဲ့ ပညာရေးကိုတော့ အဆုံးအထိ ဆက်သွားချင်သေးတယ်။ ဘာဆက်ဖြစ်မလဲ ဆိုတာကတော့ သမီးရွေးချယ်မှုပေါ် မူတည်တယ် ထင်တာပဲ။ ခေတ်ကောင်းတဲ့အထိ စောင့်ကြည့်ပြီး ကိုယ်မူလဖြစ်ချင်တာတွေ ဖြစ်အောင်လုပ်ရမလားလည်း တွေးမိတယ်။ သိပ်တော့မရေရာဘူး။ ဟုတ် … ခေတ်ကောင်းရင် ဆရာဝန်၊ အင်ဂျင်နီယာပဲ ပြန်တက်မှာပါ။ အခုချိန်ထိတော့ ဖြစ်ချင်တာတွေကို လုံးလုံးကြီးတော့ လွှတ်မချသေးပါဘူး။
ရန်ကုန်ရောက်တာ တနှစ်လောက်ရှိလာတော့ ရန်ကုန်အကြောင်းတော့ သိလာပါပြီ။ ရန်ကုန်မှာက လူပေါင်းစုံပြီး မရိုးသားတဲ့လူတွေရှိတာ၊ ခါးပိုက်နှိုက်တွေ ပေါတယ်။ သမီးတို့မြို့မှာ ဒါမျိုးမရှိဘူး။ နောက်ပြီး ဒီမှာ ခါးပိုက်နှိုက်တယ်ဆိုရင် လူတွေက မသိချင်ယောင်ဆောင်နေကြတယ်။ သမီးတို့မြို့မှာဆို တအား ကူညီရိုင်းပင်းကြတယ်။ ဟိုမှာ ထမင်းငတ်တာတို့ ဘာတို့မရှိဘူး။ လူတယောက် အဆင်မပြေရင် အားလုံးက ဝိုင်းကူညီကြတယ်။ ရန်ကုန်ရောက်တော့ တံတားအောက်တို့ ဘာတို့မှာ နေနေကြရတဲ့ အိမ်ခြေရာမဲ့တွေ မြင်ပြီး အံ့ဩမိတယ်။ ဒါမျိုး သမီးတို့ဆီမှာမှ မမြင်ဖူးတာ။
သမီး ရန်ကုန်ရောက်စကဆို ဒီက လူတွေကိုကြည့်ပြီး အံ့ဩမိတယ်။ သမီးတို့မှာသာ အနာဂတ်တွေပျောက်၊ တချို့ဒေသတွေ ကမ္ဘာပျက်သလို ဖြစ်နေတာ ဒီကလူတွေက ဘာမှမဖြစ်သလို အနေအစား မပျက်ကြဘူး။ ပုံမှန်အတိုင်း သွားလာနေကြတာ ကြည့်ရတာ အဆင်ပြေမနေဘူး။
ဒါပေမဲ့ ဒီလူတွေအများကြီးထဲမှာကိုပဲ လမ်းပျောက်နေတဲ့သူတွေရှိတယ်။ မျှော်လင့်ချက်နဲ့လာပြီး သင်တန်းတက်နေသူတွေ၊ အလုပ်လုပ်နေသူတွေလည်း ရှိပါတယ်။ ရန်ကုန်က အလုပ်အကိုင်အခွင့်အလမ်းလည်း ပေါတယ်။ သူ့နည်းသူ့ဟန်နဲ့ ပျော်စရာလည်း ကောင်းပါတယ်။ အကြာကြီး ဆက်နေနိုင်ရင်တော့ ကောင်းမယ်။
သမီးမိဘကတော့ ဟိုကိုပြန်လာစေချင်တယ်။ သမီးကတော့ ဒီမှာ ဆက်မျောလွင့်နေချင်သေးတယ်။ ဘာဆက်လုပ်ရမယ် မသိဘူး။ ဘာတွေ ဆက်ဖြစ်လာမယ်လည်း မသိပါဘူး။
(ကာယကံရှင်နှင့် မေးမြန်းထားချက်ကို အညတြရရုပ်ပုံလွှာအဖြစ် ပြန်လည်ရေးသားပါသည်။)
You may also like these stories:
အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ
ပတ္တနီက အမျိုးသမီး ရုပ်ပုံလွှာများ
စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးနှင့် မိန်းကလေးများ မလုံခြုံတော့
၂၁ ရာစု မြန်မာ မိခင်တယောက်၏ ရုပ်ပုံလွှာ
အာဏာရှင်ကို တော်လှန်နေဆဲ အမျိုးသမီးများ














