ဒီနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်ကတော့ “လူမှုဘဝတွေ မြှင့်တင်ဖို့ ကဏ္ဍစုံမှာ အမျိုးသမီးတွေ ပါဝင်စို့” “Inspire Inclusion” ဖြစ်ပါတယ်။
နှစ်စဉ်ဆိုသလို မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women’s Day) ဖြစ်ပြီး အမျိုးသမီးတွေရဲ့ စိန်ခေါ်မှုတွေကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့အနေနဲ့ ထိုတလလုံး အမျိုးသမီး အခွင့်အရေးဆိုင်ရာ လှုံ့ဆော်ဟောပြောမှုတွေ၊ ပြပွဲပြိုင်ပွဲတွေ၊ ပဟေဠိအစီအစဉ်တွေနဲ့ ကမ်ပိန်းတွေ ပြုလုပ်လေ့ ရှိပါတယ်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဘယ်လို ဖြစ်ပေါ်လာသလဲဆိုရင် ၁၉၀၈ ခုနှစ် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ အထည်ချုပ်စက်ရုံမှ အမျိုးသမီးတွေက သူတို့ရဲ့ အလုပ်ချိန်တွေကို လျှော့ဖို့၊ လစာတိုးဖို့နဲ့ မဲပေးခွင့်တွေရဖို့အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြတာကနေ အစပြုခဲ့ပါတယ်။
အဲဒီလိုအမျိုးသမီးတွေရဲ့ တန်းတူညီမျှအခွင့်အရေးအတွက် တိုက်ပွဲဝင်တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့မှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ရှိသင့်ကြောင်း ဂျာမန်အမျိုးသမီး ကလဲရာဇက်ခင် (Calara Zetkin) က ၁၉၁၀ ခုနှစ် ကိုပင်ဟေဂင်မြို့မှာ လုပ်တဲ့ ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီး အလုပ်သမားညီလာခံမှာ အဆိုပြုခဲ့ရာ အားလုံးက တခဲနက်ထောက်ခံခဲ့ကြပါတယ်။
အဲဒီနောက် ၁၉၁၁ ခုနှစ်ကစတင်ပြီးတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဒီကနေ့ထိ ကမ္ဘာတဝှမ်းလုံးမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်ပြီး အမျိုးသမီး အခွင့်အရေးနဲ့ ကျားမတန်းတူညီမျှရေးတို့အတွက် အသိအမြင်မျှဝေရေး လှုပ်ရှားမှုတွေ ပြုလုပ်လေ့ရှိပါတယ်။
နိုင်ငံတကာက အမျိုးသမီးတွေလိုပဲ မြန်မာပြည်က အမျိုးသမီးတွေဟာ နှစ်စဉ် မတ်လ ၈ ရက်နေ့မှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာ အမျိုးသမီး အခွင့်အရေး လှုံ့ဆော်လှုပ်ရှားမှုတွေ ပြုလုပ်လေ့ရှိပါတယ်။
စစ်အာဏာသိမ်းပြီးချိန်မှာတော့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုတွေ ဆိတ်သုဉ်းခဲ့ရတဲ့အပြင် တရားဥပဒေစိုးမိုးမှု မရှိတာကြောင့် အမျိုးသမီးတွေဟာ အသက်အန္တရာယ်၊ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု အခြေအနေတွေကို အဆိုးရွားဆုံး ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး ပထမဆုံး ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာတော့ ‘ငါတို့ ထဘီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲ’၊ ‘စစ်အာဏာရှင်ပြုတ်ကျဖို့ ထဘီအလံထူကြစို့’ စတဲ့ ကြွေးကြော်သံတွေနဲ့ စစ်အာ ဏာရှင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြလူထုနဲ့အတူ အမျိုးသမီးတွေရဲ့ ထဘီအလံထူ သပိတ်စစ်ကြောင်း ပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုဟာ ဖိုဝါဒကြီးစိုးတဲ့၊ ဗေဒင်ယတြာနဲ့ ရှေးအယူအဆတွေကို လက်ခံယုံကြည်ထားတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကို စိတ်ဓာတ်ရေးရာအရ တိုက်ခိုက်လိုက်ခြင်း ဖြစ်သလို ဒါဟာ စစ်အာဏာသိမ်းမှုအောက် ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ အမျိုးသမီးတွေရဲ့ ချီတက်ဆန္ဒပြပွဲတခု ဖြစ်ခဲ့ပါတယ်။
စစ်တပ် အာဏာသိမ်းယူလိုက်ချိန်ကစပြီး လက်ရှိအချိန်ထိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရထိပ်တန်းအဖွဲ့ဝင် အမျိုးသမီးတွေ၊ လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတွေ၊ တက်ကြွလှုပ်ရှားသူ၊ ဒီမိုကရေစီရေးလှုပ်ရှားသူ အမျိုးသမီးတွေနဲ့ သတင်းထောက် အမျိုးသမီးတွေ ဖမ်းဆီးအကျဉ်းချခံထားရ၊ သတ်ဖြတ်ခံထားရပါတယ်။
မြန်မာ့အမျိုးသမီးသဂ္ဂ (BWU) က ပြုစုထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ဖေဖော်ဝါရီ ၂၈ ရက်ထိ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးပေါင်း ၃,၃၃၂ ဦးထိ ရှိပြီး ၎င်းတို့အနက် ၇၈၁ ဦးဟာ ပြစ်ဒဏ်ချမှတ်ခံထားရကာ သေဆုံးသူ အမျိုးသမီးပေါင်း ၈၀၆ ဦး ရှိတယ်လို့ သိရပါတယ်။
လက်တွေ့မြေပြင် အခြေအနေမှာ သတင်းအချက်အလက် စီးဆင်းမှုအနေနဲ့ စိန်ခေါ်မှုများစွာ ရှိနေပြီး လက်လှမ်းမီဖို့ အခက်အခဲတွေ ရှိတာကြောင့် ကိန်းဂဏန်းတွေဟာ အခုထက်ပိုများနိုင်တယ်လို့လည်း မြန်မာ့အမျိုးသမီးသမဂ္ဂက ဆိုထားပါတယ်။
သေဆုံးခဲ့ရမှုတွေထဲ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူလူထုကို ပစ်ခတ်ဖြိုခွဲခြင်း၊ မီးရှို့သတ်ဖြတ်ခြင်းနဲ့ ဦးခေါင်းကျည်ထိမှန် သေဆုံးမှုတွေအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေ ပါဝင်သလို မုဒိမ်းကျင့်ခံရမှုတွေလည်း ပါဝင်နေပါတယ်။
ဒါ့ပြင် ဖမ်းဆီးထိန်းသိမ်းခံရတဲ့၊ သတ်ဖြတ်ခံရတဲ့သူတွေဟာ သာမန်အရပ်သူကစလို့ ပညာရေးဝန်ထမ်း၊ နိုင်ငံရေးပါတီဝင်၊ တက်ကြွလှုပ်ရှားသူ၊ ကျန်းမာရေးဝန်ထမ်း၊ အနုပညာရှင်၊ မီဒီယာ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGO)၊ ရှေ့နေ၊ လွှတ်တော်ကိုယ်စားလှယ် စသဖြင့် ကဏ္ဍအသီးသီးက အမျိုးသမီးတွေ ဖြစ်ပါတယ်။
၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းမှု ၃ နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီသုံးနှစ်တာအတွင်း အမျိုးသမီးတွေအနေနဲ့ အကြမ်းဖက်မှုတွေ၊ သတ်ဖြတ်မှုတွေ ဘယ်လောက်ပဲ ခါးစည်းခံခဲ့ရပါစေ နွေဦးတော်လှန်ရေးရဲ့ အခန်းကဏ္ဍအသီးသီးမှာ ယနေ့ထိတိုင် တက်ကြွစွာနဲ့ ပါဝင်နေဆဲဆိုတာကို သူတို့ရဲ့လုပ်ရပ်တွေက သက်သေပြနေပါတယ်။
အန္တရာယ်တွေကြားကပဲ အမျိုးသမီးတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေမှာ ရှေ့တန်းကနေ ရပ်တည်ပါဝင်ခဲ့သလို စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်ဖြိုခွဲနှိမ်နင်းမှုမှာ ပထမဆုံး သေဆုံးရသူဟာ ဖေဖော်ဝါရီ ၉ ရက်နေ့က ခေါင်းကို ပစ်သတ်ခံခဲ့ရတဲ့ နေပြည်တော်က အသက် ၂၀ အရွယ် အမျိုးသမီးငယ်တဦးဖြစ်တဲ့ မြသွဲ့သွဲ့ခိုင် ဖြစ်ပါတယ်။
ဒီလိုပဲ အာဏာသိမ်းစစ်ကောင်စီကို ရရာလက်နက်စွဲကိုင် တော်လှန်ချိန်မှာလည်း အမျိုးသားတွေနည်းတူ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးသင်တန်းတွေတက်ပြီး အမျိုးသမီးစစ်သည်တော်တွေအဖြစ် ပါဝင်နေသလို စခန်းတွေရဲ့ စားဖိုမှူးတွေ၊ မှတ်တမ်းထိန်းတွေ၊ ဆေးဝန်ထမ်းတွေ၊ ကျောင်းဆရာမတွေနဲ့ ထောက်ပို့ကိစ္စ၊ ရန်ပုံငွေရှာဖွေရေး စတဲ့ အခန်းကဏ္ဍအသီးသီးမှာလည်း တက်ကြစွာ ပါဝင်လုပ်ဆောင်နေကြပါတယ်။
ဒါ့ပြင် အမျိုးသမီးတွေအပေါ်ထားရှိတဲ့ ကျဉ်းမြောင်းတဲ့ အမြင်တွေကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ လုပ်ဆောင်နေကြသလို လူငယ်၊ လူရွယ်တွေ အဓိက ဦးဆောင်တဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးက နိုင်ငံရေးစနစ်အမှားကြီးကို ပြင်ဆင်ဖို့ သာမက လူမှုဘဝ မညီမျှမှု၊ ကျား၊ မ ခွဲခြားဆက်ဆံမှုတွေကို ဖယ်ရှားပစ်ဖို့ပါ ရည်ရွယ်လုပ်ဆောင်လာကြပါတယ်။
သို့ပေမယ့် တဖက်မှာလည်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာ၊ အာဏာ ငွေကြေးကို အသုံးချပြီး မသိနားမလည်တဲ့ ကိုယ့်ထက်တဆင့်နိမ့်တဲ့ ရာထူးအာဏာမရှိတဲ့ အမျိုးသမီးတွေအပေါ် အနိုင်ကျင့်တာ၊ ဖိနှိပ်တာ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေကို အာဏာသိမ်းစစ်အုပ်စုက ကျူးလွန်တာတွေရှိသလို တော်လှန်ရေးအစုအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားထဲမှာပါ ဖြစ်ပွားနေပါတယ်။
ဘယ်အဖွဲ့ကပဲ ကျူးလွန်ကျူးလွန် လက်သင့်မခံနိုင်တဲ့ ကျူးလွန်မှုတွေ ဖြစ်တာကြောင့် ဒါတွေကို ဆန့်ကျင်ဖို့၊ ကျယ်ကျယ်လောင်လောင် အသံထွက်ပေးဖို့ လိုပါတယ်။
အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေ ထုတ်ဖော်ပြောဆိုလာဖို့၊ လုံခြုံရေးနဲ့ စိတ်ကျန်းမာရေးအတွက် အကူအညီတွေပေးနေမယ့် အဘက်ဘက်က မလုံခြုံတဲ့ အခြေအနေတွေကြောင့် ထင်သလောက် ခရီးမပေါက် ဖြစ်နေရပါတယ်။
စစ်အာဏာသိမ်းမှုအောက် အမျိုးသမီးတွေရဲ့ဘဝ မလုံခြုံသလို ဒီနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်အတိုင်း ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့အတွက်လည်း အဟန့်အတား၊ စိန်ခေါ်မှုတွေက ရှိနေဆဲ ဖြစ်ပါတယ်။ ။
You may also like these stories:
စစ်အာဏာရှင် ဆန့်ကျင်ရေး အမျိုးသမီးတို့၏ ထဘီအလံထူ သပိတ်တိုက်ပွဲ
စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲက ရှေ့တန်းရောက် အမျိုးသမီးများ
တခေတ်တခါက အထင်ကရ မြန်မာအမျိုးသမီးများ
နွေဦးတော်လှန်ရေးတွင် လက်နက်မကိုင်ဘဲ ပါဝင်နေသော အမျိုးသမီးများ
နွေဦးတော်လှန်ရေးထဲက အမျိုးသမီး စစ်သည်တော်များ
ဒီမိုကရေစီတိုက်ပွဲဝင် အမျိုးသမီး စစ်သည်တော်များ