ဆရာမကြီး ဒေါ်ကြည်ဦးကို ဘဝမှာ တခါသာ ဆုံခဲ့ဖူးပါသည်။ ပန်းချီဆရာမ မမွှေးက ခေါ်သဖြင့် ဆရာမကြီး ဒေါ်ခင်မျိုးချစ် ကွယ် လွန်ခဲ့သည့် ဘယ်နှနှစ်ပြည့် နှစ်လည်မှန်း မသိ၊ နှစ်ပတ်လည် တနေ့မှာပါ။ အသားဖြူဖြူ ချောချော ထောင်ထောင်မောင်းမောင်း ဆရာမကြီးနှင့် ပြန်ခါနီးမှာ မမွှေးက မိတ်ဆက်ပေးခဲ့သည်။
ကျမ ဆရာမကြီးစာတွေကို ဖတ်ဖူးခဲ့သည်။ မင်းတုန်းမင်းကြီး၏ သမီးတော် တပင်တိုင် မြနန်းရှင် စလင်းစုဖုရား အကြောင်းကို ရေး သားထားသည့် “တပင်တိုင် ထိပ်ထားနှင့် နန်းဘုံသီဟာဗွေ” ကို စွဲလမ်းနေခဲ့သူ ဖြစ်ပါသည်။ သို့သော် ကျမစိတ်ထဲမှာ အသက်အရွယ် ချင်း ကွာခြားသဖြင့် ဆရာမကြီးက ကျမကို သိမှာမဟုတ်ဘူးလို့ ထင်နေပါသည်။
ဆရာမကြီးက ကျမနာမည်ကို ကြားကြားချင်း “ခင်မြဇင် စာရေးကောင်းတယ်နော်၊ ဘာလို့ စာတွေမရေးတာလဲ၊ ရေးပါ၊ ကြီးကြီး တောင် ဖတ်နေတယ်။ ကြီးကြီးတို့ အိမ်လည်း လာလည်ပါဦး”ဟု ဆိုသည်။
ကျမခင်ပွန်း ကိုသန်းအုန်း ၂၀ဝ၀ ပြည့်နှစ်ဝန်း ကျင်လောက်က သစ်တောရေးရာ မဂ္ဂဇင်းဖြစ်သည့် စိမ်းရောင်လွင်တွင် တာဝန်ခံအယ်ဒီတာ လုပ်ခဲ့စဉ်က စိမ်းရောင်လွင်မှာ အပတ်စဉ် နီးပါး ပါဝင်ခဲ့သော ဆရာသုခမိန်၏ ဆောင်းပါးများကို တွေ့တော့ “သုခမိန်” ဆိုတာ ဘယ်သူလဲ မေးခဲ့ဖြစ်သည်။
“သုခမိန်ဆိုတာ ဆရာနန်းညွှန့်ဆွေရဲ့ ကလောင်ခွဲပါ၊ ဆရာ့ ကလောင်နာမည်ရင်းနဲ့ ရေးလို့ မရဘူး” ဟု ကိုသန်းအုန်းက ဖြေခဲ့ပါသည်။ ထိုစဉ်က သားဖြစ်သူ ကိုဇာဂနာကြောင့် ဆရာ့ ကလောင်နာမည်ကို အပိတ်ခံရ သည်ဟု ကျမ သိခဲ့သည်။ နောက်မှ ဆရာ၏ အနော်ရထာ ဆောင်းပါးကြောင့် ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို စောင်းရေးသည် ဆိုပြီး အပိတ်ခံရကြောင်း သိရပါသည်။
စိမ်းရောင်လွင်မှာ ဌာနဆိုင်ရာ မဂ္ဂဇင်းဖြစ်ရာ၊ Black List ခေါ် အနက်ရောင်မှတ်တမ်းမှာ ပါဝင်သူ စာရေးဆရာ စာရင်းကို ပေးထားရာ Black List မှာပါဝင်သူ တဦးဦး၏ စာကိုသာ ဖော်ပြမိပါက ပြဿနာ အရှာခံရမှာ အသေအချာပါ။
အခုတလော ဆရာမကြီး ကြည်ဦး၏ စာများနှင့် ဆရာနန်းညွှန့်ဆွေ၏ စာများကို ပြန်လည်စုစည်း ထုတ်ဝေသည့် စာအုပ်များကို တွေ့ လာရသည်။
ထိုစာအုပ်များ အပြင် ဆရာနှင့် ဆရာမကြီးတို့၏ ဘဝပုံရိပ်များကို တွေ့နိုင်သည့် ဆရာမကြီး ကြည်ဦး ကွယ်လွန်သည့် ၄ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် စာရေးဆရာမကြီး ကြည်ဦး (၁၉၂၅-၂၀ဝ၉) အမှတ်တရ စာအုပ်ကို ဖတ်ရှုရပါသည်။
ထိုအမှတ်တရ စာစုများကို ရေးသားကြသူတွေမှာ စာပေနယ်ပယ်၊ နိုင်ငံရေးနယ်ပယ် အနုပညာ နယ်ပယ်မှ ထင်ရှားသော ပုဂ္ဂိုလ်များ ဖြစ်သလို၊ စာရေးဆရာမကြီး ကြည်ဦး၏ မေတ္တာစေတနာ အရိပ်တွင် ခိုလှုံခဲ့ဖူးသူများလည်း ဖြစ်နေခြင်း ပါပဲ။
ဆရာမ ရွှေကူမေနှင်း၏ ဆောင်းပါးထဲတွင် “ကြည်ဦး” ဆိုသော အမျိုးသမီးကြီးတဦး၏ မာနနှင့် ဂုဏ်သိက္ခာကို တွေ့ရသည်။ ဆရာနန်းညွန့်ဆွေ၏ ဇနီး၊ ကိုသူရ (ဇာဂနာ) ၏ မိခင်ဆိုတာထက် စာရေးဆရာမ ကြည်ဦး အဖြစ်သာ ရပ်တည်လိုသူ ဖြစ်ကြောင်း သိခွင့်ရသည်။
သားဇာဂနာကို တပြည်လုံးက ချစ်ခင်သောအခါ ဆရာမကြည်ဦး အနေဖြင့် သားအတွက် ဂုဏ်ယူသလို၊ သား၏ မိခင်ဖြစ်ရခြင်း ကိုလည်း ဂုဏ်ယူပါသည်။ သို့သော် တချို့က “ဒါ ဇာဂနာ့ အမေ” ဟု ပြောလျှင် မချိတင်ကဲဖြင့် (တပြိုက်နက်တည်းမှာပင် ကျေနပ် လည်း ကျေနပ်လျက်) “ဟင်းဟင်း၊ အခု တော့ ဇာဂနာ့အမေ ဖြစ်သွားပြီ” ဟု မပြုံးတပြုံး မျက်နှာကို ဆင်မြန်းရင်း ပြောလေ့ရှိပါသည်။
အမှတ်တရ တခုထဲက သူ၏ ရုပ်ပုံလွှာသည် အကြင်နာတရားနှင့် ပြည့်စုံသော မိခင်၊ သတ္တိနှင့် ရဲရင့်သော မိခင်၊ ခွင့်လွှတ် အနစ်နာ ခံတတ်သော မိခင်ကောင်း တယောက်အဖြစ် ပေါ်လွင်လျက် ရှိပါသည်။
သားအကြီး ကိုဝဏ္ဏ ၁၉၇၄ ဦးသန့်အရေးခင်းမှာ တက်ကြွစွာ ပါဝင်ခဲ့လို့ အင်းစိန်ထောင်မှာ နှစ်အတန်ကြာ နေခဲ့ရပြီး ပြန်လွတ်လာ တော့လည်း အင်္ဂလိပ်စာ နဲ့ ဂီတဝါသနာထုံပြီး ထူးချွန်တဲ့ လူငယ်လေးဟာ ထောင်ကျခဲ့ဖူးတယ် ဆိုတဲ့ အမည်းစက်ကြောင့် မြန်မာ့ အသံမှာ ဂီတာတီးသူ အလုပ်ကို မရခဲ့။ စိတ်ဝေဒနာ ရရှိခဲ့ပြီး တီဘီဆေးကို မှန်မှန် မသောက်ခဲ့လို့ ကွယ်လွန်သွားရတဲ့ အခါမှာ မိခင်ရဲ့ စိတ်ထိခိုက်ရပုံ ဖြေမဆည်အောင် ဖြစ်ရပုံ တို့ကိုလည်း သိခွင့်ရပါသည်။
ကိုဝဏ္ဏဟာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာကို ခံစားခဲ့ရသော်လည်း မိခင်ကြီးရဲ့ “ရှေးထုံးစဉ်လာ မြန်မာမှုများ” ဆောင်းပါးတွေကို ဂျာနယ် မှာ ထည့်နိုင်အောင် ဘာသာပြန်ပေးနိုင်ခဲ့ သလို၊ ဖခင် ဆရာနန်းညွန့်ဆွေ၏ ကဗျာများကိုလည်း ဘာသာပြန်ပေး နိုင်ခဲ့သူဖြစ်ပါသည်။
မျိုးမမက ၁၉၈၈ အရေးတော်ပုံကြီး အပြီးမှာ ခင်ပွန်းအဖမ်းခံရခဲ့ပြီး ၆ လ၊ ၇ လကြာတဲ့အထိ ဘာသတင်းမှ စုံစမ်းလို့ မရတဲ့အတွက် ခင်ပွန်းပျောက်လို့ ရှာရင်း၊ သားပျောက်လို့ရှာတဲ့ ကြီးကြီးနဲ့ ဆုံခဲ့ရပုံကို “လွမ်းပါရစေ” ဆိုတဲ့ ဆောင်းပါးမှာ ရေးပြခဲ့ပါသည်။
“ကျမ အမျိုးသားနဲ့ ကြီးကြီးရဲ့ သားအငယ် မောင်သူရတို့ဟာ ရေကြည်အိုင် စခန်းသာမှသည် အင်းစိန် ဘဝတက္ကသိုလ်ကြီးဆီ အတူ တူရောက်ခဲ့ ကြပါတယ်။ အဲဒီ အကြောင်းတွေကြောင့် ကြီးကြီးကို တွေ့ကြုံ ဆုံစည်းခွင့် ရခဲ့ပြီး မေတ္တာရိပ်မှာ ခိုလုံခွင့် ရတယ် လို့” ရေးသားဖော်ပြခဲ့သည်။
မျိုးမမရဲ့ခင်ပွန်း ထောင်က ထွက်လာတဲ့အခါ မျိုးမမက ဝန်ထမ်းဘဝ မေးခွန်း ၃၃ ချက်ဖြေရာမှာ အလုပ်ပြုတ်သွားလို့ ဝန်ထမ်းအိမ် ရာ က ဖယ်ပေးလိုက်ရပြီး ဒုက္ခရောက်ခဲ့ ရပုံ၊ ထိုအချိန်မှာ စင်ကာပူကို ထွက်ပြီး အလုပ်လုပ် ဖို့ရာ အေးဂျင့်ကို ပိုက်ဆံပေးစရာ မရှိလို့ အခက်ကြုံ ရပုံ၊ အဲဒီအခက်အခဲကို ကြီးကြီး ဒေါ်ကြည်ဦးက နားက နားကပ်ကို ချွတ်ပေါင်ပြီး ကူညီခဲ့ပုံတွေ ရေးပြထားသည်။
ကြီးကြီးအိမ်ကို သူရောက်တော့ ကြီးကြီးနားမှာ နားကပ် မရှိတော့၊ ကိုဝဏ္ဏ ဆေးရုံက ဆင်းလာတာ တပတ်ပဲ ရှိသေးတဲ့ အချိန်၊ အပိုဝင်ငွေ မရှိရှာတဲ့ ကြီးကြီးဟာ မျိုးမမရဲ့ဘဝခရီးကို အဆင်ပြေဖို့ နားက နားကပ်ကို ပေါင်ပြီး အကူအညီပေးခဲ့သည်။ စင်ကာ ပူရောက်ပြီး သူ့ဘဝ အဆင်ပြေသွားရပုံကို ရေးပြရင်း၊ ဆရာမကြီး ကြည်ဦးရဲ့ ကျေးဇူးကို အောက်မေ့ခဲ့ပါသည်။
မျိုးမမတို့ မိသားစုတင်လား ဆိုတော့ မဟုတ်ပါ။ ထိုအချိန်က နိုင်ငံရေးနယ်ပယ်မှာ မထင်ရှားခဲ့ကြသေးသော်လည်း အာဏာရှင် စနစ် ကြောင့် ထောင်ထဲသို့ ရောက်ခဲ့ရသူ လူငယ်များအတွက် ထောင်ဝင်စာပေးပို့ဖို့ အိုးကြီးအိုးငယ်နှင့် ချက်ပြုတ်ကျော်လှော် ပေး ခဲ့သူ၊ ထို့အပြင် ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ အတွက် ကူညီတဲ့ “Movement” ဆိုတဲ့ လူငယ်အဖွဲ့လေးကို ကူညီခဲ့ပုံတွေကိုလည်း ခေတ္တ နော်ဝေရောက် ရီရီထွန်းက ရေးပြခဲ့ပါသည်။
၁၅ နှစ် ၁၆ နှစ် အရွယ်ကပင် ဘီးလင်းမြို့နယ် တောင်စွန်းမြို့ တိုက်ကုလားနယ်လုံးဆိုင်ရာ ဒို့ဗမာ အစည်းအရုံးကို စာရေးဆရာမကြီးတို့ အိမ်မှာ ဖွင့်လှစ်ခဲ့ရာ အစ်ကိုများကို အကြောင်းပြုပြီး အရန် သခင်မ ဖြစ်ခဲ့သူဖြစ်ပါသည်။
၁၉၈၈ ခုနှစ် အရေးအခင်း ကာလမှာ ရန်ကင်း အထကကျောင်းရှေ့ ကျောင်းသားလူငယ် အငတ်ခံ ဆန္ဒပြပွဲကို အစစ အဆင်ပြေဖို့ ကြီးကြပ်ထိန်းကျောင်း ပေးခဲ့သူဖြစ်ပြီး တရားပွဲပေါင်း ၃၀ ကျော်လည်း ဟောပြောခဲ့သူဖြစ်သည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ အမတ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ ထိုအပြုအမူကို ကြည့်ခြင်းဖြင့် ကိုယ်ပိုင် နိုင်ငံရေးမူနှင့် နိုင်ငံရေးစံ ရှိသူတဦးဖြစ်ကြောင်း သိနိုင်ပါသည်။
ဗြိတိသျှအုပ်စိုးမှုကို ဆန့်ကျင်ခဲ့သူ သခင်မ တယောက်ဖြစ်ခဲ့သဖြင့် အန်တီခေါ်သည်ကို မကြိုက်၊ မြန်မာဆန်ဆန် “ကြီးကြီး” ဟု ခေါ်သည်ကိုသာ ကြိုက်သူ ဖြစ်ပြီး မြန်မာမှုကို လေးစားခဲ့သူ ဖြစ်သည်။
၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ၂၀ဝ၈ ခုနှစ် မတ်လလောက်မှာ ဒီဗီဘီ အသံလွှင့်ဌာနက မေးမြန်းခဲ့ရာ “လူထု သဘောထားကို ဘာမှ အလေးမထားတဲ့ ဒီဖွဲ့စည်းပုံကို ကြီးကြီးကတော့ ကန့်ကွက်မဲ ပေးမှာပဲ” ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ မဲပေးပွဲ မတိုင်ခင်ကပင် ပြတ်ပြတ်သားသား ဖြေခဲ့သူ ဖြစ်သည်။
နာဂစ် ဒုက္ခသည်တွေကို ထောက်ပံ့ကူညီရေး လုပ်ရင်း သားဖြစ်သူ ကိုသူရ (ဇာဂနာ) တတိယအကြိမ် အဖမ်းခံရပြီး ထောင် ၅၉ နှစ် ချခံရတော့သည်။
“တရားစီရင်ရေး စနစ်ကတော့ မဟုတ်တော့ဘူး၊ မတရားစီရင်ရေး စနစ် ဖြစ်နေပြီ။ ကိုယ့်သား တယောက်ပါလို့ ပြောတာ မဟုတ် ဘူး၊ ယနေ့ တွေ့ကြုံနေရတဲ့ အဖြစ်အပျက်တွေဟာ စိတ်ချမ်းသာစရာ တကွက်မှ မတွေ့ဘူး။ ထောင်ကြီး ၈ ခုလုံး၊ ငရဲပွတ် သလိုပေါ့။ ထောင်ဒဏ်တွေဟာ ၆၅ နှစ် ၄၅ နှစ်ဆိုတော့ သက်ဆိုင်ရာသူတွေ အတွက် ရင်ကွဲပက်လက် ပေါ့။ သူတို့ကတော့ ဘယ်လောက် နေ မှာလဲ၊ အမြဲတမ်း တနင်္ဂနွေ မဟုတ်ပါဘူး။ တနင်္လာ၊ အင်္ဂါတွေလည်း လာဦးမှာပါ” ဟု ဆရာမကြီး ပြောခဲ့သည်ကို ရီရီထွန်း၏ ဆောင်းပါးတွင် ဖော်ပြခဲ့ပါသည်။
သားဖြစ်သူ ထောင်က လွတ်လာသည်ကိုပင် တွေ့မြင်ခွင့် ရမသွားခဲ့သူ မိခင်ကြီးမှာ “ဒီမိုကရေစီရမှ ရွှေတိဂုံ ဘုရားကိုဖူးမယ်”ဟု ရဲဝံ့ပြတ်သားစွာ ပြောဆိုခဲ့သူ ဖြစ်ကြောင်းလည်း သိရသည်။
၂၀ဝ၉ ခုနှစ်တွင် ကျောက်ကပ်ပျက်စီးသည့် ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်မှာ နှမြောစရာ ကောင်းလှပါသည်။
ပန်းချီ ကိုထိန်လင်း ကတော့ သူ့အမှတ်တရ ဆောင်းပါးတွင် “တကယ်လို့ အခုအချိန်အထိသာ ကြီးကြီး တယောက် သက်ရှိထင်ရှား ရှိခဲ့ရင် ဒီကနေ့ ဆပ်ကပ်လူပြက်တယောက် ကြိုးတန်းပေါ် လမ်းတက်လျှောက် သလို တိုလို့တွဲလောင်း ကိုးရိုးကားရားနဲ့ ရွေ့လျားနေတဲ့ ဒီမိုကရေစီနိုင်ငံရေး၊ အခင်းအကျင်း ကိုကြည့်ပြီး ဘယ်လို ဘောက်ခနဲ ဘောက်ခနဲ ပြောချ လိုက်မလဲ ဆိုတာ ကြားချင်လှပါသည်” ဟု ဆိုပါသည်။
စာရေးဆရာမကြီး ကြည်ဦး (၁၉၂၅-၂၀ဝ၉) အမှတ်တရ စာစုများကို ရွှေကူမေနှင်း၊ ခင်နှင်းဦး၊ သန်းမြင့်အောင်၊ မအိ၊ စောဝေ၊ ငြိမ်း (ဒဿန)၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ မြသန္တာ၊ မြသွေးရည်၊ တက္ကသိုလ်စိန်တင်၊ မောင်သန်းဆွေ (ထားဝယ်)၊ မျိုးမမ၊ ရီရီထွန်း၊ ပန်းချီထိန်လင်း၊ Vicky၊ နီလာသိန်း၊ ဂျင်မီ၊ မင်းကိုနိုင်၊ ဇော်သက်ထွေး၊ မောင်ဝဏ္ဏလေး၊ မခင်လေး၊ ထက်အောင်၊ စိမ့် (ပညာရေးတက္ကသိုလ်) ခင်လပြည့်ဝန်း၊ တင်မောင်အေး (ဂတုံး)၊ ဇာဂနာနှင့် ဆရာနန်းညွန့်ဆွေတို့ ပါဝင်ရေးသားထားကြပါသည်။ ။