သတင်း

အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီ တရားရုံး၌ ရုတ်တရက်ကွယ်လွန်

အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီသည် ကိုင်ရိုမြို့၊ တရားရုံးတရုံး၌ ရုတ်တရက် ကွယ်လွန်ခဲ့ကြောင်း အီဂျစ်အစိုးရ ရုပ်သံလိုင်း၏ ထုတ်လွှင့်ချက်အရ သိရသည်။ ၎င်းသည် ကွယ်လွန်ချိန်၌ အသက် ၆၇ နှစ် ရှိပြီဖြစ်သည်။

အရှေ့အလယ်ပိုင်း စစ်သွေးကြွအုပ်စု ဟားမတ်စ်များနှင့် အဆက်အသွယ် ပြုလုပ်ကြောင်း စွဲချက်အတင်ခံရပြီး သူလျှိုအမှုဖြင့် ရုံးတော်တွင် တနင်္လာနေ့က စစ်ဆေးကြားနာခံရပြီးနောက် သမ္မတဟောင်းလည်းဖြစ်၊ မွတ်စလင်ညီနောင်များ၏ ခေါင်းဆောင်လည်း ဖြစ်သူသည် ရုတ်တရက် လဲကျသွားခဲ့ခြင်း ဖြစ်သည်။ မူးဝေလဲကျမသွားမီ ၎င်းသည် ရုံးတော်သို့ ထွက်ဆိုရန် (ခုံသမာဓိ) တရားသူကြီးထံမှ ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း သိရသည်။

အာဏာရှင် ဟိုစနီမူဘာရက် နောက်ပိုင်း မော်စီသည် ၂၀၁၁ ခုနှစ်၊ အာရပ်နွေဦး ဆန္ဒအုံကြွမှုများကြောင့် သမ္မတရာထူး အာဏာရလာခဲ့သည်။ ၎င်းသည် ၂၀၁၃ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းမှု မဖြစ်ပွားမီအထိ ရွေးကောက်ခံ သမ္မတတဦးအဖြစ် အာဏာရခဲ့သည်။

ကာတာနိုင်ငံနှင့် ပတ်သက်သည့် သူလျှိုအမှု၊ ထောင်ဖောက်ပြေးမှုတခု အပါအဝင် ၂၀၁၂ ခုနှစ်က ဆန္ဒပြသူများကို သတ်ဖြတ် နှိမ်နင်းခဲ့မှုကြောင့် ၎င်းကို ပြစ်ဒဏ်အများအပြား ချမှတ်ခဲ့သည်။ အီဂျစ်နိုင်ငံတွင် ၂၀၁၁ ခုနှစ် လူထုအုံကြွမှုအတွင်း အစုလိုက်အပြုံလိုက် ထောင်ဖောက်ပြေးမှုတွင် တာဝန်ရှိသဖြင့် မော်စီကို ၂၀၁၅ ခုနှစ်က သေဒဏ် စီရင်ချက်ချခဲ့သည်။

တူရကီသမ္မတ ရီဆက်တေယစ် အာဒိုဂန်က မော်စီကဲ့သို့သော အာဇာနည်တဦး ကွယ်လွန်သွားခြင်း အတွက် အထူး ဝမ်းနည်း ကြေကွဲကြောင်း တွစ်တာ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဆက်စပ်ဖတ်ရှုရန်

သွေးစွန်းသော အာရပ်နွေဦး 

ဒေါ်နယ်ထရမ့်၏ ဂျေရုစလင် တွက်ကိန်းအကြောင်း သိကောင်းစရာ 

အကြမ်းမဖက် တော်လှန်ရေး ဝါဒသမား ဂျင်းရှပ် 

Loading