လွှတ်တော် ကိုယ်စားလှယ်များ နေထိုင်သည့် နေပြည်တော် စည်ပင် ဧည့်ရိပ်သာ (၂) အတွင်း ဗုံးတွေ့သည် ဆိုသည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်း ဇမ္ဗူသီရိ မြို့နယ် အမှတ် ၁ ရဲစခန်းက သိရသည်။
အဆိုပါ သတင်းမှာ ယနေ့ မနက်ပိုင်းက စတင် ထွက်ပေါ်လာခြင်း ဖြစ်ကာ စည်ပင်သာယာရေး ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ ဝင်များ ဧည့်ရိပ်သာ အနှံ့ လိုက်လံ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယနေ့ နေ့လယ်ပိုင်း အထိ သံသယ ဖြစ် ဖွယ်ရာ တစုံတရာ တွေ့ရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
ဇမ္ဗူသီရိ မြို့နယ် အမှတ် ၁ ရဲစခန်းမှ ဒုရဲမှူး မိုးအောင်က “နေပြည်တော် စည်ပင် ဧည့်ရိပ်သာမှာ ဗုံးတွေ့တယ် ဆိုတဲ့ သတင်းက မှန်ကန်မှု မရှိပါဘူး။ ဧည့်ရိပ်သာမှာ ဗုံးတွေ့တယ်ဆိုတဲ့ ဖုန်းသတင်းကြောင့် ကျနော်တို့ တပ်ဖွဲ့ဝင်တွေ သွား ရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒါက ကောလဟလ ဖြစ်လို့ ပြည်သူတွေ ထိတ်လန့်စရာ မလိုပါဘူး” ဟု ပြော သည်။
ဗုံးသတင်း ထွက်ပေါ်မှုကြောင့် နေပြည်တော်ရှိ တာဝန်ရှိသူများနှင့် ဒု မြို့တော်ဝန်တို့ လာရောက် စစ်ဆေးမှုများ ပြုလုပ် ခဲ့ကြသည်။
နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦးက “ကောလဟလ ထွက်တာပါ။ ဘယ်သူက သတင်း စထုတ်တာလည်း လိုက်မေး နေတယ်။ အခုထိ အစ မတွေ့သေးဘူး။ အဲဒီအခန်းက ကိုယ်စားလှယ်ကို မေးတော့ ကိုယ်စားလှယ်တောင် မသိဘူး။ သူ့ အခန်းမှာ တွေ့တယ်လို့ သူက ဖုန်းဆက်ပြီးတော့ အပြင်ကို ဖြန့်လိုက်တာ ဆိုပြီး ကောလဟလ ထွက်လာတာ။ အမတ်ရဲ့ အခန်းနံပါတ် တခုကို သုံးလိုက်တာပေါ့ဗျာ။ ကျနော်တို့လည်း အံ့သြနေတာ။ မီဒီယာတွေကိုလည်း ကျနော်တို့ ပြန်လိုက် မေး နေတယ်။ ဘယ်မီဒီယာက ဒီသတင်းကို စရပြီး တင်တာလဲ လိုက်ကြည့်နေတာ။ တကယ်လည်း ဖြစ်ခဲ့တာ မဟုတ် တော့လေ”ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ဗုံးသတင်း မည်သို့ စတင် ထွက်ပေါ်လာသည်ကို အမှတ် ၁ ရဲစခန်းမှ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။
လက်ရှိတွင် စည်ပင် ဧည့်ရိပ်သာရှိ ဝင်ပေါက် နှစ်ပေါက်ကို အဝင် အထွက် ကန့်သတ်ကာ လုံခြုံရေး တင်းကြပ်ထားပြီး စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
You may also like these stories:
နေပြည်တော် စည်ပင်ရိပ်သာရှိ လွှတ်တော် ကိုယ်စားလှယ်အခန်းမှ ရတနာပစ္စည်းများ ခိုးယူခံရ
ကိုယ်စားလှယ်များ နေရေးထိုင်ရေး အဆင်မပြေကြောင်း လွှတ်တော်တွင် ဆွေးနွေး
လွှတ်တော် အမတ်တဦး၏ ချွေးမ ရွှေထည်များခိုးမှုဖြင့် ဖမ်းဆီးခံရ