နေပြည်တော် စည်ပင်ဧည့်ရိပ်သာရှိ လွှတ်တော်အမတ်များ သီးသန့်နေထိုင်ရာအဆောင်၌ စိန်ထည် ရွှေထည်များ ခိုးယူခံရသည့်အမှုတွင် အမတ် တဦး၏ ချွေးမဖြစ်သူကို ခိုးမှုဖြင့် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ဇမ္ဗူသီရိမြို့မရဲစခန်းမှ တာဝန်ရှိသူတဦး က “သက်သေခံပစ္စည်းနဲ့တကွ ဖမ်းထားပါတယ်” ဟု ပြောကြားသည်။
စည်ပင်ရိပ်သာရှိ လွှတ်တော်အမတ်များ သီးသန့်နေထိုင်ရာအဆောင်၌ NlD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦး၏ အခန်းမှ ကျပ်သိန်းတရာခန့် တန်ဖိုးရှိ စိန်ထည်ရွှေထည်များ ခိုးယူခံရမှု ဇူလိုင်လ ၁၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ အပြင်သွားနေပြီး ၎င်း၏ ဇနီးဖြစ်သူမှာ ရေချိုးနေစဉ် ခိုးယူသူက ပြတင်းမှန်တံခါးမှ လက်နှိုက်ကာ အခန်းတွင်း ကုတင်ပေါ်ရှိ လက်ကိုင်အိတ်အတွင်းမှ စိန်ထည် ရွှေထည်များကို ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုယ်စားလှယ်၏ ဇနီးဖြစ်သူက ရေချိုးခန်းမှ ထွက်လာစဉ် ခိုးယူသူက ပြတင်းပေါက်မှ လက်ဖြင့် အိတ်ကို လှမ်းနှိုက်နေသည်ကို မြင်၍ အော်ဟစ်အကူ အညီတောင်းခဲ့ကြောင်းသိရသည်။ အနီးရှိ ဂိတ်စောင့် လုံခြုံရေးများကို အကြောင်း ကြားခဲ့သော်လည်း တရားခံမှာ ရှာမတွေ့ဘဲ ပျောက်သွားခဲ့ခြင်းဖြစ်သည်။
ထို့အတွက် ခိုးယူခံရသူ လွှတ်တော်ကိုယ်စားလှယ်၏ ဇနီးက ဇမ္ဗူသီရိမြို့မရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ စုံစမ်းဖော်ထုတ်ချက်အရ နေပြည်တော် တပ်ကုန်းမြို့ ဗိုလ်မင်းရောင် ရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသမီးတဦးက ခိုးမှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအမျိုးသမီးက စည်ပင်ဧည့်ရိပ်သာရှိ ၎င်း၏ ယောက္ခမတော်စပ်သူ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်၏ အခန်းတွင် ယာယီလာရောက်နေထိုင်စဉ် အနီးရှိ အခန်းမှ ရွှေထည်များကို ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခိုးယူခံရသည့် ပစ္စည်းများမှာ ကျပ် ၂၅ သိန်းခန့်တန် စိန်လက်ကောက် ၁ ကွင်း၊ ကျပ် ၁၀ သိန်းခန့်တန် စိန်လက်စွပ် ၁ ကွင်း၊ ကျပ် ၁၈ သိန်းခန့်တန် စိန်လက်စွပ် ၁ ကွင်း၊ ၄၅ သိန်းခန့်တန် ငါးမူးသား ရွှေလက်ကောက် ၉ ကွင်းနှင့် ကျပ် ၆ သိန်းခန့်တန် ရွှေခြေကျင်း ၁ခုတို့ဖြစ်ပြီး လက်ရှိတွင် မူလပိုင်ရှင်ဖြစ်သူထံ ပြန်လည်အပ်နှံပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါမှုခင်းဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး စည်ပင်ရိပ်သာတွင် နေထိုင်သူ လွှတ်တော် ကိုယ်စားလှယ် အချို့က ဧည့်ရိပ်သာ၏ လုံခြုံရေးအင်အား၊ CCTV ကင်မရာတပ်ဆင်ထားမှုတို့ အားနည်းနေ၍ ပိုမိုမြှင့်တင်သင့်သည်ဟု ဝေဖန်သည်။
နေပြည်တော်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးက “လွှတ်တော်ကိုယ်စားလှယ် တဦးချင်းကလည်း ကိုယ့်ဧည့်သည် ကိုယ်တော့ တာဝန်ယူရမှာပေါ့ဗျာ။ ရိပ်သာတခုလုံးရဲ့ လုံခြုံမှုကလည်း ဒီထက်စနစ်ကျဖို့ လိုတာပေါ့” ဟု မှတ်ချက်ပြုသည်။
နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၏ လုံခြုံရေးနှင့် ပတ်သက်၍ တည်းခိုနေထိုင်သူအားလုံး လုံလောက်သည့် လုံခြုံမှုရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ဧရာဝတီကို ပြောကြားထားသည်။
You may also like these stories:
အရပ်ဝတ်ဖြင့် နောက်ယောင်ခံလိုက်မှု လွှတ်တော်အမတ် မေးခွန်းထုတ်
ပြည်ပချေးငွေ ရရှိမှု မမျှတဟု ဆွေးနွေးသည့် ရခိုင်အမတ် သတိပေးခံရ
အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ချပြရန် သမ္မတရုံး ဝန်ကြီးဟောင်း တောင်းဆို