တရားစွဲမှုအား လာရောက် အဖမ်းခံ ဖြေရှင်းမှု မရှိသည့် ဦးဝိစိတ္တာ ဘိဝံသ (ဦးဝီရ သူ) ပိုင်ဆိုင်သည့် ပစ္စည်းများအား ဝရမ်းကပ်ရန် အနောက်ပိုင်းခရိုင် တရားရုံးက ယနေ့ အမိန့်ထုတ်လိုက်သည်။
တရားရုံးမှ ဦးဝီရသူအား ရက် ၃၀ အတွင်း လာရောက်ရန် ဇူလိုင် ၉ ရက်က အမိန့်ထုတ်ခဲ့သော်လည်း ရောက်လာခြင်း မရှိသည့်အတွက် ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၈ အရ ပစ္စည်းများအား ဝရမ်းကပ်ရန် အမိန့်ထုတ်ခြင်း ဖြစ်ကြောင်း တရားရုံး သတင်း ပြန်ကြားရေး အရာရှိ ဦးမင်းသန့်က ပြောသည်။
ဦးမင်းသန့် က “ဦးဝီရသူက ရုံးရှေ့ကို လာရောက်ခဲ့ခြင်း မရှိလို့ အခုလို ဝရမ်းထုတ်ဆင့်တာပါ။ လာခဲ့ရင်တော့ ဖမ်းဆီးပြီး ဥပဒေနဲ့အညီ ဆက်ပြီး ဆောင်ရွက်ရမှာပါ” ဟု ပြောသည်။
ဝရမ်းနှင့် ပတ်သက်ပြီး မန္တလေးခရိုင် တရားသူကြီးက လက်မှတ်ရေးထိုးကာ ဆက်လက် ဆောင်ရွက်မည် ဖြစ်ပြီး စက်တင် ဘာ ၉ ရက်တွင် တရားရုံးသို့ ပြန်လည် တင်ပြရန် ဆုံးဖြတ်ထားသည်။
ဦးဝီရသူအနေဖြင့် မေလ ၅ ရက်က ရန်ကုန်မြို့တော် ခန်းမရှေ့တွင် အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် မလေး မစားဖြစ်အောင်၊ မေတ္တာပျက်အောင် လှုံ့ဆော်ဟောပြောသည် ဟုဆိုကာ ပုဒ်မ ၁၂၄(က)ဖြင့် အရေးယူပေးရန် အနောက် ပိုင်းခရိုင်၊ ဒု အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက တရားစွဲဆိုထားခြင်း ဖြစ်သည်။
အမှုတွင် တရားလိုနှင့် သက်သေများအား ဦးဝီရသူ၏ မျက်ကွယ်တွင် စစ်ဆေးမှုများ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) အရ ပြစ်မှု ထင်ရှားစီရင်ခံရပါက အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ထွက်ပြေး တိမ်းရှောင်နေသည့် ဦးဝီရသူနှင့် ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ အရ တရားရုံးက ဆုံးဖြတ်ပြီးမှသာ ဝိနည်းတရား တော်နှင့် အညီ စစ်ဆေးဆုံးဖြတ်မည် ဖြစ်ကြောင်း နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့(မဟန) က ကြေညာထားသည်။
You may also like these stories:
ဦးဝီရသူ တလအတွင်း လာရောက် ဖြေရှင်းရန် တရားရုံး ဆုံးဖြတ်