ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ကွတ်ခိုင်နှင့် သိန္နီမြို့နယ်တို့တွင် စစ်ဘေးရှောင်ဒုက္ခသည် ၅၀၀ ခန့် ထပ်တိုးလာသည်ဟု သတင်းရရှိသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ နံနက်ပိုင်းတွင် ကျောက်မဲမြို့ ဧရိယာ နှင့် မိုင် ၂၀ကျော် ဝေးသည့် နေရာတွင် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် တိုက်ပွဲဖြစ်ပွား ပြီး ကွတ်ခိုင်မြို့နယ်နှင့် သိန္နီမြို့နယ် ကြားတွင်လည်း နံနက် ၉ နာရီမှစ၍ ယခုညနေပိုင်းအထိ ပစ်ခတ်မှုများ ဖြစ်နေဆဲ ဖြစ်သည်ဟု ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“မနက် ၆နာရီလောက်က ဖြစ်တဲ့ ကျောက်မဲမှာ TNLA ပစ်ကျင်း ၂၂ ကျင်း ပါတဲ့ ယာယီ စခန်း တခု သိမ်းရတယ်။ လက်နက်တလက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်း ရမိတယ်”ဟု ပြောပြသည်။
ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်-သိန္နီကြား မန်ပြိန်းကျေးရွာအနီး ပြည်ထောင်စု လမ်းမကြီးတလျှောက်တွင် တိုက်ပွဲ ဖြစ်ရ ခြင်းမှာ လမ်းမကြီးတွင် လုံခြုံရေးယူထားသည့် တပ်မတော်၊ စစ်ကြောင်းကို တောင်ကုန်းပေါ်မှ TNLA တပ်ဖွဲ့ဝင်များက လှမ်းပစ်ခတ်နေခြင်းကြောင့် ဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“မနက် ၉ နာရီလောက်မှာ ဖြစ်ပါတယ်။ ညနေ ၄ နာရီခွဲလောက်ထိတော့ ကြိုကြား ကြိုကြား ပစ်ခတ်မှုတွေ ရှိနေတယ်။ အဲ့ဒီနေရာမှာ ကျနော်တို့ စစ်ကူအဖွဲ့တွေလည်း ရောက်နေပြီ။ ဆက်လက် ပစ်ခတ် နေတုန်းပဲရှိသေးတယ်”ဟုလည်း ပြောဆိုသည်။
ကွတ်ခိုင် မြို့နယ် လွယ်ဆမ်ဆစ် တောင်အနီး တပ်မတော်စစ်ကြောင်းများက တင့်ကားများဖြင့် ဝင်လာကာ တိုက်ပွဲ များ ဖြစ်ပွားသဖြင့် အနီးဝန်းကျင်ရှိ ကျေးရွာများက ဒေသခံ ၁၃၀ ခန့် ထိတ်လန့်ပြီး မြို့ပေါ်သို့ ထွက်ပြေးလာကြသည်။
တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီက TNLA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက် ကျော် ကို နေ့လယ်ပိုင်းက ဆက်သွယ်မေးမြန်းရာ ၎င်းက“ကျနော် တိုက်ပွဲဖြစ်တဲ့ အခြေအနေတွေ အသေးစိတ် မသိရ သေးပါဘူး”ဟု ပြောသည်။
ညနေပိုင်းတွင် TNLA ကို ထပ်မံ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
ရှမ်းပြည်နယ် (မြောက်ပိုင်း) လူသားချင်း စာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်များ၏ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဟောင်းဒေါင်းက“ကွတ်ခိုင်မှာ ဒီနေ့တိုက်ပွဲ ဖြစ်တဲ့ လွယ်ဆမ်ဆစ်နားက ရွာတွေက ကွတ်ခိုင်ရပ်ကွက် ၈ ကို ၁၃၀ လောက် ပြေးတယ်။ ကွတ်ခိုင်ရွာနဲ့ သိန္နီကြားက ၃၈ မိုင်၊ မန်ပြိန်းမှာ ၁၇၀ လောက် ဘုန်းကြီးကျောင်းမှာ စုနေကြ တယ်။ တချို့လည်း လမ်းခရီးမှာ ရောက်နေတာ ရှိတယ်။ အားလုံးပေါင်းရင် ၄၀၀၀ ဦးရေလောက် ရှိပါပြီ။ သိန္နီမြို့ပေါ် မှာ လည်း ထပ်တိုးနေပါတယ်”ဟု ပြောပြသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သြဂုတ် ၁၇ ရက်မှ ၁၉ ရက်အထိ တိုက်ပွဲများကြောင့် လားရှိုး၊ ကွတ်ခိုင်နှင့် သိန္နီမြို့နယ် တို့တွင် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်ဒုက္ခသည် ၃၄၈၀ ရှိခဲ့ပြီး ယခုအခါ ၅၀၀ ခန့် ထပ်တိုး လာ သဖြင့် စုစုပေါင်း ဦးရေ ၄၀၀၀ နီးပါး ရှိသွားခြင်း ဖြစ်သည်။
သိန္နိမြို့နယ် ကချင်နှစ်ခြင်း အသင်းတော်မှ ဓမ္မဆရာ ဦးဂမ်မွန်းကလည်း“ကျနော်တို့ဆီမှာ ကျေးရွာတွေကနေ ထပ်ပြီး ထွက်ပြေးလာတဲ့ ဦးရေက တိုးနေပါတယ်။ ဒီနေ့ကိုပဲ မိသားစု ၂၁ စု အသစ် ထပ်တိုးတယ်။ လူတွေကလည်း ထိတ်လန့် နေကြတုန်းပါပဲ”ဟု ပြောသည်။
သိန္နီမြို့နယ်တွင်း တိုက်ပွဲများဖြစ်ပွားသည့် အသံများ ယနေ့ မကြားရသော်လည်း သြဂုတ် ၁၉ ရက် နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် လက်နက်ကြီး ပစ်ခတ်သံများ၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားရသဖြင့် ဒေသခံများ ထိတ်လန့် နေဆဲဖြစ်သည်ဟု ဦးဂမ်မွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တိုက်ပွဲများ ဖြစ်ပွားထားသဖြင့် ဒေသခံများ စိုးရိမ်စိတ် ရှိနေဦးမည်ကို နားလည်ကြောင်း၊ တပ်မတော်က အရပ်သားများ လုံခြုံရေးအတွက် ကြိုးစား ဆောင်ရွက်နေကြောင်း ပြောဆိုသည်။
သို့သော် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ တိုက်ပွဲဖြစ်ပွားထားသည့် နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ ကွတ်ခိုင် နှင့် သိန္နီမြို့နယ်တို့တွင် မည်သည့်မြို့အား လုံခြုံရေး အပြည့်အဝ ယူထားနိုင်ပြီလဲဟု မေးမြန်းရာ အတိအကျ ဖြေဆိုခြင်း မရှိပါ။
၎င်းက“မြို့ရွာ လုံခြုံရေးအတွက်လည်း ကျနော်တို့ ဆောင်ရွက်လျက် ရှိတယ်။ သို့သော် အဝေးကနေ လက်နက်ကြီးနဲ့ ပစ်နိုင်တဲ့ အခြေအနေကတော့ ရှိနေဆဲပဲ။ ဒါမျိုး ပစ်ခတ်တာတွေကလည်း ရှိနေတာပဲ။ လူတယောက် နှစ်ယောက်နဲ့ လာပြီး ပစ်ခတ်တာမျိုး ရှိနိုင်တယ်”ဟု ပြောသည်။
ရပ်ရွာများတွင် လှုပ်ရှားသွားလာနေသည့် တပ်မတော် စစ်ကြောင်းများကိုလည်း အရပ်သားနှင့် လက်နက်ကိုင် တပ်ဖွဲ့ ဝင်များကို ခွဲခွဲခြားခြား ဆောင်ရွက်ရန်နှင့် အရပ်သားများကို မှားယွင်းမှု မရှိစေရေး ဆောင်ရွက်ရန်လည်း မှာကြား ထား သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများတွင် တပ်မတော်က TNLA နှင့် ဖြစ်ပွားသည်ဟု ပြောဆိုသော်လည်း TNLA မှ ဗိုလ်မှူး မိုင်းအိုက်ကျော်က တိုက်ပွဲများတွင် TNLA ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ညီနောင်မဟာမိတ် ၃ဖွ့ဲလုံး ပါဝင်သည်ဟု ပြောဆိုထားသည်။
ထိုမဟာမိတ် ၃ဖွဲ့သည် ၎င်းတို့ တပ်စခန်းရှိရာ ဒေသများတွင် တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက် နေသဖြင့် တန်ပြန် စစ်ဆင်ရေး ပြုလုပ်သည်ဟုဆိုကာ သြဂုတ် ၁၅ ရက်က ပြင်ဦးလွင်မြို့ နည်းပညာ စစ်တက္ကသိုလ်ကို လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ကာ နောင်ချိုမြို့အနီး တိုက်ပွဲများ ဖြစ်ပြီး ဂုတ်တွင်း တံတားကို မိုင်းခွဲ ဖျက်ဆီးလိုက်သည်။
ဂုတ်တွင်း ရဲကင်းနှင့် တပ်စခန်းများကို ဝင်ရောက်စီးနင်း တိုက်ခိုက်သဖြင့် တပ်မတော် စစ်သည် ၉ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ဦး၊ အရပ်သား ၃ဦး သေဆုံးပြီး ပစ္စည်းနှင့် အဆောက်အအုံ တန်ဖိုး ကျပ်သိန်း ၂၈၀၀ ကျော် ဆုံးရှုံးကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။
မဟာမိတ် ၃ဖွဲ့သည် သြဂုတ် ၁၇ ရက်တွင် သိန္နီ- ကွမ်းလုံ – ချင်းရွှေဟော်လမ်း၊ ကောင်းကော်ရွာနှင့် နမ့်တုန်ဆုံရွာ ကြား ရှိ သံကူကွန်ကရစ် တံတား၊ ဗြုန်းတောင်အတွင်းရှိ RC Arch တံတား၊ နားတီးရွာ အနီး သံကူကွန်ကရစ် တံတား တို့ကို မိုင်းခွဲ ဖျက်ဆီးလိုက်သည်။
You may also like these stories:
လူနာသယ်ရန် သွားသည့် ပရဟိတကားတစီး ထပ်မံအပစ်ခံရပြန်
ရှမ်းမြောက်တွင် တိုက်ပွဲ ဆက်ဖြစ်၊ ဒုက္ခသည် ၅၀၀ ခန့် ထပ်တိုး
ရှမ်းပြည်တိုက်ပွဲများ တရုတ် ဝေဖန်
ကွတ်ခိုင်မြို့အထွက် တံတား လုံခြုံရေး တပ်စခန်းတခု ထပ်မံ တိုက်ခိုက်ခံရ