မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး အတွက် လိုအပ်သော ညွှန်ကြားချက်များထုတ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ ပါဝင်ဖွဲ့စည်းထားသည့် ကော်မတီတခုမှ ဆောင်ရွက်နေကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးစိုးဝင်းက ပြောသည်။
မြန်မာနိုင်ငံသည် ပြင်သစ်အခြေစိုက် ငွေကြေး ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (Financial Action Task Force – FATF) ၏ ငွေမည်းခဝါချမှု စာရင်း (Black List) မှ ၂၀၁၆ တွင် မြန်မာနိုင်ငံက လွတ်မြောက် ခဲ့သော်လည်း ပြီးခဲ့သည့် လက တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ပြုလုပ် ခဲ့သော ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အာရှ–ပစိဖိတ် ပူးတွဲလုပ်ငန်းအဖွဲ့ မျက်နှာစုံညီ အစည်း အဝေးတွင် မြန်မာနိုင်ငံအနေဖြင့် အချက် ၁၄ ချက် လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ယင်းအချက် ၁၄ ချက်ကို သတ်မှတ်ခဲ့ခြင်းမှာ မြန်မာနိုင်ငံအနေနှင့် ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ပျော့ညံ့သည်ဟု ဆို၍ သတ်မှတ်ခဲ့ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ယနေ့ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) တွင်ပြုလုပ်သော နိုင်ငံတော်ဒုသမ္မတ ၁ ဦးမြင့်ဆွေနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ ပြောသည်။
သို့သော် ထိုအချက် ၁၄ ချက်ကိုမူ ထုတ်ဖော်ပြောဆို ခဲ့ခြင်းမရှိပေ။
ပြည်ထောင်စုဝန်ကြီး က “ရက်ပေါင်း ၆၀ နဲ့ ရက်ပေါင်း ၇၀ အတွင်းမှာ ကျနော်တို့ ကိုယ်စားလှယ်တွေ လွှတ်ပြီး ဖြေရှင်း ခဲ့ပါတယ်။ နောက်ဆုံး ပေကျင်းမြို့မှာ နိုင်ငံတကာအဖွဲ့နဲ့ ရှင်းလင်းတဲ့ အခါကျတော့ ပျော့ညံံ့တဲ့အတွက် ၁၄ ချက်ကို သတ်မှတ်ပေး ခဲ့တယ်” ဟု ပြောသည်။
ဆက်လက်၍ ဝန်ကြီးက “အခုဒီထဲမှာ ဆောင်ရွက်ပြီးတာ ၂ ချက်လောက် တွေ့ရတဲ့အတွက် ဖြေရှင်းဖို့ ၁၂ ချက်ပဲ ကျန် တော့တယ်။ ဒါကိုလည်း ကျနော်တို့က လိုအပ်သော ညွှန်ကြားချက်များကို ထုတ်ပြီးတော့ အကြိတ်အနယ် သက်ဆိုင်ရာ ပြည်ထဲရေးဌာန ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၊ ဗဟိုဘဏ် အစရှိ သ ဖြင့် ပါဝင်ဖွဲ့စည်းပြီး ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြောဆို သည်။
အဓိကအားဖြင့် မြန်မာနိုင်ငံသည် ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းများ မှာ အလွန်အားနည်း သည်ဟု ဆိုကာ ဖိအားပေးခံထားရကြောင်း ဝန်ကြီးက ဆိုသည်။
အထူးသဖြင့် မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသော နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ NGO များ၊ CSO များဆီသို့ နိုင်ငံတကာမှ ငွေကြေးများ မည်ကဲ့သို့ ရောက်ရှိလာလည်း ဆိုသည့် အချက်များနှင့် ၎င်းတို့၏ အသုံးပြုနေသည့် အပိုင်းများတွင် စိစစ်ခြင်းများ လုပ်ဆောင်သလားဆိုသည့် အချက်ကို အမေးခံရကြောင်း ၎င်းက ပြောသည်။
ထိုကြောင့် ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဗဟိုကော်မတီကို သက်ဆိုင်ရာ ဝန် ကြီးဌာနများ ဖြစ်သော ပြည်ထဲရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အစရှိသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ကော်မတီကို ဖွဲ့စည်း၍ ကျန်ရှိသော အချက် ၁၂ ချက်ကို ကြိုးစားဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကော်မတီကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ စတင်ဖွဲ့စည်းပြီး ပုဂ္ဂလိက ကဏ္ဍမှ အသင်းအဖွဲ့ ဖြစ်သော မြန်မာ နိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီနှင့် မြန်မာနိုင်ငံ လက်မှတ်ပြည်သူ့ စာရင်းကိုင်များ ကောင်စီ တို့ကိုစတင် တွန်းအားပေး ဆောင်ရွက်နေသည်။
ယင်း အသင်း အဖွဲ့ ၅ ခု၏ သံသယဖြစ်ဖွယ်ရာ ရောင်းဝယ်မှုများကို မြန်မာနိုင်ငံငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့သို့ သတင်းပေးပို့ရမည် ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးမျိုးမြင့် က “ဥပဒေအရ ရွှေကို အရောင်း အဝယ် လုပ်တဲ့ နေရာမှာ ကျပ်ငွေ သိန်း ၁ ထောင်ကျော်ရင် ကော်မတီကို တင်ပြရမယ်။ သံသယရှိတဲ့ ရောင်းဝယ်မှုကိုပေါ့။ တင်တဲ့အခါမှာ အတင်ခံရတဲ့သူရဲ့ ကိုယ်ရေးဇရာဝင် အချက်အလက်လည်း ပေးရမယ်။ တကယ်လို့ မှားပြီး သတင်း ပေးမိရင် ထောင်ဒဏ် သုံးနှစ်ကနေ ၇ နှစ်ကျမယ်။ သတင်းပေးတာ မှန်ကန်ရင် ၅ ရာခိုင်နှုန်း ဆုကြေးငွေရမယ်” ဟု မှာကြားထားကြောင်း ဧရာဝတီသို့ ပြောသည်။
ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ အတည်ပြုထားသည့် ၂၀၁၄ ခုနှစ်မှ စတင်၍ သတ်မှတ်ထားသော်လည်း ၂၀၁၉ ခုနှစ်တွင် ပို၍ တိုက်တွန်းလုပ်ဆောင်ရန် ပြုလုပ်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးမျိုးမြင့် က “ဒီလိုလုပ်တော့ အရောင်းအဝယ်က ကြောက်လန့်ပြီးဈေးကွက်တော့ နည်းနည်းအေးသွားတယ်။ ကျပ်သိန်းတထောင်ဖိုး ရွှေဝယ်ရင် အစစ်ခံရမယ်ဆိုတော့ အလုပ်ရှုပ်ခံပြီး အစစ်မခံချင်တော့ နည်းနည်းအေးသွားတဲ့ သဘောပါ။ လတ်တလောတော့ ကျနော်တို့ ရွှေဖက်မှာတော့ ငွေကြေးခဝါချမှုနဲ့ ပတ်သက်တာတော့ မရှိပါဘူး။ တင်ပြထားတာလည်း မရှိသေးဘူး” ဟု ပြောသည်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၀ ရွှေ၊ ကျောက်မျက်ရတနာ ရောင်းဝယ်မှုများတွင် မြန်မာငွေ ကျပ်သိန်း ၁၀၀၀ ထက်ကျော်ပါက ငွေကြေးခဝါချမှု အရောင်းအဝယ်အဖြစ် သတ်မှတ်ပြီး အစိုးထံသို့ သတင်းပေးပို့ရမည်ဟု သတ်မှတ်ခဲ့သည်။
ယခင်က အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ ကွန်ဒိုအရောင်း အဝယ်များတွင်လည်း ကျပ်သိန်း ၁ ထောင်အထက်ကျော်ပါက သတင်းပေးပို့ရန် သတ်မှတ်ထားသည်။
အကယ်၍ ငွေကြေးခဝါချမှု စာရင်းတွင် မြန်မာပါဝင်သွားပါက နိုင်ငံတကာ ကုမ္ပဏီကြီးများက လာရောက်၍ လုပ်ကိုင်ခြင်း ပြုမည် မဟုတ်ပေ။
ထိုကြောင့် လက်ရှိတွင် အစိုးရအနေနှင့် FATF အဖွဲ့၏ အမည်မည်း စာရင်းတွင် ပြန်လည်မရောက်ရှိစေရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။
You may also like these stories:
ငွေကြေးခဝါချမှု စောင့်ကြည့်စာရင်းထဲ မြန်မာ တကျော့ပြန် ပါလာမလား
အခွန်အကောက်ဥပဒေတွင် စည်းကြပ်လွတ်ကင်း ဝင်ငွေခွန် လျှော့ချထား