သတင်း

မန္တလေးရှိ တတိယမြောက် ကိုဗစ်လူနာ ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရ

Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့ရှိ တတိယမြောက် COVID-19 ပိုးတွေ့လူနာ အမျိုးသား၏ ဆေးစစ်ချက် နှစ်ကြိမ်တိုင် ပိုးမတွေ့သဖြင့် ဆေး ရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း မန္တလေး ကန်တော်နဒီဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာခင်ကျော်က ဧရာဝတီကို ပြော သည်။

“မတ္တရာက လူနာအမျိုးသားရဲ့ဆေးစစ်ချက်အဖြေက နှစ်ကြိမ်စစ်တာ Negative ပဲပြတဲ့အတွက် မနေ့ကပဲ ဆေးရုံက ဆင်းခွင့်ရတယ်” ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီ ၂၃ ရက် ည ၈ နာရီ သတင်းထုတ်ပြန်ချက် အရ မန္တလေး တိုင်း မတ္တရာမြို့နယ်မှ အသက် ၈၀ အရွယ် အမျိုးသား၏ ဓာတ်ခွဲနမူနာတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိသည်ဟု သိရပြီး အဆိုပါ အမျိုးသားသည် မန္တလေးတိုင်းအတွင်း တွေ့ရှိသော တတိယမြောက် ပိုးတွေ့လူနာ ဖြစ်သည်။

အဆိုပါ လူနာ အမျိုးသားသည် ဧပြီ ၂၁ ရက်က ဖျားနာမောပန်းသဖြင့် မန္တလေး ပြည်သူ့ဆေးရုံသို့ လာရောက် ပြသခဲ့ ရာမှ စောင့်ကြည့်လူနာအဖြစ် ထားရှိခဲ့ပြီးနောက် ဧပြီ ၂၃ ရက်က ၎င်း၏ ဆေးစစ်ချက်တွင် COVID-19 ရောဂါပိုး တွေ့ ရှိခြင်း ဖြစ်သည်ဟု သိရသည်။

မေ ၇ ရက်က ရရှိသော ၎င်း၏ ဆေးစစ်ချက်အဖြေအရ နှစ်ကြိမ်တိုင် ရောဂါပိုး မတွေ့ရှိသဖြင့် ကန်တော် နဒီဆေးရုံမှ ဆင်းခွင့်ရရှိပြီ ဖြစ်၍ သတ်မှတ်နေရာတွင် Facility Quarantine ၂ ပတ်ခံယူပြီးပါက နေအိမ်သို့ ပြန်ခွင့်ရရှိမည်ဟု ဒေါက်တာ ခင်ကျော်က ပြောသည်။

“အမှန်က Facility Quarantine အတွက် နဒီမြန်မာ ဟိုတယ်ကို ပြောင်းရမှာဖြစ်ပေမယ့် သူက လေဖြတ်ထားတဲ့ လူနာ ဖြစ်သလို အပြောင်းအရွှေ့လဲ ထပ်မလုပ်ချင်ဘူး ဆိုတဲ့အတွက် ဆေးရုံဆင်းခွင့် ရပြီဆိုပေမယ့် ကန်တော်နဒီ ဆေးရုံမှာ ပဲ Quarantine ၂ ပတ် ဆက်နေမှာ ဖြစ်ပါတယ်။ ဆေးရုံမှာလဲ နေရာတွေ ရှိသလို သူ့အတွက်လည်း တခြားလိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးနိုင်တာပေါ့” ဟု ၎င်းက ရှင်းပြသည်။

မေလ ၈ ရက် နံနက်ပိုင်းအထိ မန္တလေးတိုင်းအတွင်း ကိုဗစ်လူနာ ၃ ဦး တွေ့ရှိထားပြီး ပထမဆုံးလူနာ အမျိုးသားနှင့် တတိယလူနာ အမျိုးသားတို့မှာ ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်သွားပြီ ဖြစ်၍ ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မန္တလေး ကန်တော်နဒီ ဆေးရုံ၌ ကိုဗစ်လူနာအဖြစ် ဆက်လက် ဆေးကုသမှုခံယူနေသူမှာ အသက် ၃၈ နှစ် အရွယ်အမျိုးသမီး ဖြစ်ပြီး ၎င်း၏ ကျန်းမာရေး အခြေအနေကောင်းသော်လည်း ဆေးစစ်ချက် ရလဒ်သည် ၂ ကြိမ် တိုင် Positive ပြနေကာ ယနေ့ ဓာတ်ခွဲနမူနာယူ၍ ထပ်မံ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

မေလ ၈ ရက်နံနက်ပိုင်း အထိ မြန်မာနိုင်ငံတွင် ကိုဗစ် ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၁၇၆ ဦး ရှိပြီး သေဆုံး လူနာ ၆ ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၃၇ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှုရန်

မန္တလေး၌ ၁ လအတွင်း စောင့်ကြည့်လူနာ ၃၉ ဦးသေဆုံးခဲ့

မန္တလေး တတိယမြောက် COVID-19 ပိုးတွေ့လူနာ၏ နောက်ကြောင်း လိုက်လံစုံစမ်းနေ

မန္တလေးတိုင်း ဒေသန္တရအမိန့် မေလလယ်အထိ ရက်ထပ်တိုး

Did you find apk for android? You can find new Free Android Games and apps.
Loading