သတင်း

ကျောက်ဖြူတွင် ထွေအုပ်ဝန်ထမ်း ၁ ဦးအသတ်ခံရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးဝန်ထမ်းဖြစ်သူ အသက် ၄၀နှစ်ခန့် ရှိ ဦးစိုးမင်းမှာ အမည်မသိ လူတစုက ခေါ်ဆောင်သွားပြီးနောက် အသတ်ခံရကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြား သည်။

ကျောက်ဖြူမြို့မ စခန်းမှူး ဒုရဲမှူးကျော်ဇောက “ကျနော်တို့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ တောင်ရှည်ကျေးရွာသို့ သွားတဲ့ ကားလမ်းမဘေးမှာ လူတယောက် သေနေတယ်ဆိုတာ သတင်းရလို့ သွားကြည့်တယ်။ ဘယ်သူ၊ ဘယ်ဝါ ဖြစ် တယ်ဆိုတာ ဆေးရုံပို့ပြီး စစ်ဆေးတဲ့အခါ စိုင်ခြုံကျေးရွာက ထွေအုပ်စာရေး ကိုစိုးမင်းထွန်း ဖြစ်တယ်ဆိုတာ သိရတာ” ဟု ဧရာဝတီသို့ ပြောသည်။

အသတ်ခံရသူ ဦးစိုးမင်းထွန်းမှာ ကျောက်ဖြူမြို့နယ် စိုင်ခြုံကျေးရွာမှ ရပ်/ကျေးစာရေးတဦး ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းက မိသားစုနှင့်အတူ နေအိမ်၌ အိပ်နေစဉ် အမည်မသိ လူတစုမှ ခေါ်ဆောင်သွားပြီး နောက်နေ့ နံနက် လေယာဉ်ကွင်း အနီးရှိ တောင်ရှည်ကျေးရွာ သွားသည့် ကားလမ်းဘေးတွင် ၎င်း၏ အလောင်းအား တွေ့ရှိခဲ့ခြင်း ဖြစ် ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

“သူ့မိန်းမက ပြောတာ အဲဒီည ၁၂ နာရီလောက်မှာ အမည်မသိ လူတစု ရောက်လာပြီး အတင်းအဓမ္မ ဖမ်းခေါ်သွား တယ်လို့ ပြောတယ်။ နောက်နေ့ မနက်မှာ ဒဏ်ရာနဲ့ သူ့အလောင်းတွေ့တာ” ဟု စခန်းမှူး ဒုရဲမှူး ကျော်ဇောက ဆက် လက် ပြောကြား သည်။

အသတ်ခံရသည့် ဦးစိုးမင်းထွန်း၏ အလောင်းအား စစ်ဆေးရာ ဦးခေါင်း၊ ဝမ်းဗိုက်၊ ဝဲဘက် လက်ဖျံတို့တွင် ညိုမဲ ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က “အသတ်ခံရတဲ့ ဦးစိုးမင်းထွန်းက စိုင်ခြုံ ကျေးရွာအုပ်စု စာရေးပါ။ ဘာကြောင့် အသတ်ခံရတယ် ဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ သူ့မှာ ကိုယ်ရေး ၊ ကိုယ်တာ ပြဿနာ ရှိတယ် လို့လည်း မကြားမိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အသတ်ခံရသည့်အကြောင်းရင်းနှင့် ကျူးလွန်သည့် တရားခံများကို ရဲတပ်ဖွဲ့ မှ ယခုတိုင် ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်ပြီး ဦးစိုးမင်းထွန်း၏ ဇနီးဖြစ်သူ ဒေါ်မဝေသန်းက တရားလိုလုပ် တိုင်တန်းပြီး ကျောက်ဖြူမြို့မ ရဲစခန်းတွင် ပ/၂၁၅ /၂၀၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ / ၄၃ တို့ဖြင့် အမှုဖွင့်ကာ တရားခံ ဖမ်းဆီးနိုင်ရေး ရှာဖွေစုံစမ်းလျှက် ရှိကြောင်း သိရသည်။

You may also like these stories:

ကျောက်တော်၌ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် ၁ ဦး အသတ်ခံရပြီး ၁ ဦး ပျောက်ဆုံးနေ

ကျောက်မဲမြို့နယ်ရှိ တံတား ၂ စင်း မီးရှို့ဖျက်ဆီးခံရ

 

Loading