သတင်း

AA ဖမ်းဆီးထားသည့် ALP တပ်ဖွဲ့ဝင်သုံးဦး အသတ်ခံရဟုဆို

Want create site? Find Free WordPress Themes and plugins.

ရက္ခိုင်စစ်တပ် (AA) ဖမ်းဆီးသွားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA) ၏ တပ်ဖွဲ့ဝင် ၃ ဦး အသတ် ခံလိုက်ရပြီဟု သတင်းရရှိသည်။

အဖွဲ့ဝင်များ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး လုံခြုံရေး အရ ၎င်းအမည်ကို မဖော်ပြရန်လည်း တောင်းဆိုသည်။ ၎င်းအပါအဝင် ALP ထိပ်ပိုင်းခေါင်းဆောင်တချို့လည်း အသက်အန္တရာယ် စိုးရိမ်နေရသည်ဟုလည်း ဆိုသည်။

ALP ၏ လက်နက်ကိုင်တပ်ဖွဲ့  ALA အဖွဲ့ဝင်များဖြစ်သည့် ခိုင်မောင်ခင်ဝင်းနှင့် ခိုင်မောင်လုံးတို့ကို ပေါက်တော မြို့နယ် ရဗက်ချိုင်ရွာရှိနေအိမ်သို့ မေလ ၂၃ ရက်တွင် AA တပ်ဖွဲ့ဝင် ၁၅ ဦးက လာရောက် ဖမ်းဆီးသွားသည်။

မေလ ၃၁ ရက်တွင်လည်း တောင်ကုတ်မြို့နယ်၊ ဆားပြင်ရွာရှိ ALP အဖွဲ့ဝင် ခိုင်ဝင်းလှိုင်ကို AA အဖွဲ့ဝင်များက လာရောက် ဖမ်းဆီး သွားခဲ့ပြီး ဇွန် ၁ ရက်က အသတ်ခံခဲ့ရကြောင်း ALP ၏ ဇွန် ၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ALP သတင်းရင်းမြစ်က “သူတို့နဲ့နီးစပ်သူကို မေးကြည့်တာ သေသွားပြီလို့ သိတာ။ ခိုင်ဝင်းလှိုင် အသတ်မခံရမီမှာ ဖုန်းမက်ဆေ့တခု ရတယ်။ သူတော့ခြိမ်းခြောက်ခံနေရပြီ။ ဒီရက်အတွင်းမှာ သတ်တော့မယ် လို့။ ခေါင်းရောင်းခေါင်းဝယ်နဲ့ သတ်တာ။ ကျန်တဲ့သူတွေလည်း ဖမ်းသွားပြီး ရက် ၂၀ ဝန်းကျင်မှာ သူတို့ မရှိတော့ဘူးလို့ သတင်းထွက်လာတာ” ဟု ပြောသည်။

၂၀၁၉ နှစ်ကုန်ပိုင်းက မြန်မာ-အိန္ဒိယနယ်စပ်တွင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့က AA တပ်ဖွဲ့ဝင် ၅၀ ကျော်ကို ဖမ်းဆီးမှုတွင် ALP အဖွဲ့ဝင်များပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုစွပ်စွဲချက်ဖြင့် AA က ALP အပေါ် အညိုးအတေးဖြင့် ဆောင်ရွက်နေသည်ဟု သုံးသပ်မှုများလည်းရှိနေသည်။

ALP အဖွဲ့ဝင် ၃ ဦးဖမ်းဆီးခံရသည့် အချိန်မှ စ၍ ALP အနေဖြင့် (ULA\AA) အဖွဲ့၏ သက်ဆိုင်ရာ ကြားခံ တာဝန်ရှိ သူများမှ တဆင့် ၎င်းတို့အဖွဲ့၏ အကြီး အကဲများထံသို့ အကြိမ်ကြိမ်ဆက်သွယ် ညှိနှိုင်းခဲ့ပါသော်လည်း တိကျသည့် အဖြေမရှိခဲ့ပါဟု ALP က ဆိုထားသည်။

တောင်ကုတ်မြို့နယ်၊ ဆားပြင်ရွာရှိ ALP အဖွဲ့ဝင် ခိုင်ဝင်းလှိုင် သေဆုံးမှုနှင့် ပတ်သက်ခြင်း မရှိသလို ယခုစွပ်စွဲခံနေရသည့် ၂ ဦးနှင့် ပတ်သက်၍လည်း ALP အဖွဲ့ဝင်များ ဖြစ်၍ ဖမ်းဆီးထားခြင်း မဟုတ်သော်လည်း ပေါက်တောမြို့နယ်တွင်တော့ မူးယစ်ရမ်းကားမှုဖြင့် ဖမ်းဆီးထားသူ ၂ ဦးတော့ ရှိကြောင်း AA ပြောခွင့်ရသူ ခိုင်သုခ က ပြောသည်။

ခိုင်သုခ က “ALP အဖွဲ့ဝင်တွေမို့လို့ ထိန်းသိမ်းထားတာ မဟုတ်ဘူး။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး ဆိုးသွမ်းမှုတွေကြောင့် ကျနော်တို့ အုပ်ချုပ်ရေး အဖွဲ့တွေက ထိန်းသိမ်းထားတာ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က “သူတို့အချင်းချင်း ဘယ်လောက် ရှုတ်ထွေးလဲ။ တယောက်နဲ့ တယောက် ဘယ်လောက်အန္တရာယ်ပြုနိုင်တဲ့အနေအထား ရှိလဲ ဆိုတာတော့ ကျနော် မသိဘူး။ ဒါပေမဲ့ အချင်းချင်း လက်နက်နဲ့ အကြမ်းနည်းနဲ့ ဖြေရှင်းတာကတော့ မကောင်းဘူး။ ဆွေးနွေးပြီး ဖြေရှင်းတာ ကောင်းပါတယ်” ဟု မှတ်ချက်ပြုသည်။

ALP ကလည်း ယခုကဲ့သို့ ရခိုင်အမျိုးသားအချင်းချင်းကြား ဖမ်းဆီးသတ်ဖြတ်ခြင်းက လုံးဝမဖြစ်သင့်ကြောင်းနှင့် ထိုအကြမ်းဖက်လုပ်ရပ်များကိုလည်း ပြင်းထန်စွာရှုတ်ချပြီး ယခုကဲ့သို့သော ဖြစ်ရပ်များ နောင်တွင် မဖြစ်ပေါ်စေ ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ထိန်းသိမ်းဆောင်ရွက်ကြရန် ALP က တောင်းဆိုထားသည်။

You may also like these stories:

AA ဖမ်းသွားသည့် ချင်းရွာလူကြီး သေဆုံးလျက် ပြန်တွေ့

ALP အဖွဲ့ဝင် ၃ ဦးကို AA ဖမ်းဆီး၊ တဦး အသတ်ခံရဟု သတင်းထွက်

Did you find apk for android? You can find new Free Android Games and apps.
Loading