ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာတွင် နှစ်ဖက် ထိခိုက် ကျဆုံးမှုရှိပြီး တပ်မတော်ဘက်မှ ၆ ဦးကို ဖမ်းဆီးရမိထားကြောင်း ဇူလိုင်လ ၂၂ ရက် ရက်စွဲဖြင့် AA သတင်းပြန်ကြားရေး ဌာနမှ ထုတ်ပြန်ထားသည်။
ဇူလိုင်လ၂၀ ရက် ညနေ ၉ နာရီဝန်းကျင်က မင်းပြားမြို့နယ် ဖားပျော်ကျေးရွာအနီး ရန်ကုန်- စစ်တွေ ကားလမ်းမပေါ်တွင် တပ်မတော် မော်တော်ယာဉ် ၅ စီးအား AA မှ တိုက်ခိုက်ခဲ့ရာတွင် စစ်သုံ့ပန်း ၆ ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ဓာတ် ပုံနှင့်တကွ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက အဆိုပါ တိုက်ပွဲအတွင်း တပ်မတော်သား တပ်ဖွဲ့ဝင် တချို့ ဖမ်းဆီးခံရသည် ဆိုသည့် သတင်းနှင့် ပတ်သက်၍ လက်ရှိ အချိန်တွင် မှန်ကန်မှု ရှိမရှိကို စုံစမ်း စစ်ဆေး နေကြောင်း ပြောဆိုသည်။
၎င်းက “ကျနော်တို့ဘက်ကတော့ အဖမ်းခံရမှု ရှိမရှိ စိစစ်နေတယ်။ ပြီးတော့ လုပ်သင့် လုပ်ထိုက်တာ မှန်သမျှကို လုပ်နေ ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ စိစစ်ပြီး တပ်ဖွဲ့ဝင်များ အဖမ်းခံရမှုမှာ မှန်ကန်ပါ ပြန်လည် ကယ်တင်နိုင်ရေး အတွက်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ် ထွန်းထွန်းညီ က ဆက်လက် ပြောကြားသည်။
ထိုတိုက်ပွဲအတွင်း တပ်မတော် မော်တော်ယာဉ် ၅ စီးတွင်၂ စီးအား အလုံးစုံ ထိခိုက်အောင် တိုက်ခိုက်ခဲ့သလို နှစ်ဖက် တပ် ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု ရှိကာ တပ်မတော်ဘက်က သုံ့ပန်းတချို့နှင့် လက်နက်ခဲယမ်း မီးကျောက် တချို့လည်း သိမ်း ဆည်းရမိခဲ့ကြောင်း AA ထုတ်ပြန်ချင်၌ ဖော်ပြထားသည်။
ဇူလိုင်လ ၂၀ ရက် ညနေ ၉ နာရီ အချိန်ခန့်တွင် ရန်ကုန်- စစ်တွေ ကားလမ်းမအတိုင်း မင်းပြားမြို့မှနေ ကမ်းနီးဘက်သို့ သင်တန်းသား၊ အရာရှိ စစ်သည်များ စီးနင်းလာသော တပ်မတော် ယာဉ်တန်းတခုကို ရာမောင်တံတားနှင့် ကမ်းနီကြား တောင်ပုတ်ကေ ကျေးရွာအနီးတွင် AA အဖွဲ့က နေရာ ၆ နေရာမှ အလိုက်အငိုက် ချောင်းမြောင်း တိုက်ခိုက်ခဲ့ကြောင်း ဇူလိုင်လ ၂၁ ရက် ရက်စွဲဖြင့် တပ်မတော်ဘက်ကလည်း ထုတ်ပြန်ထားသည်။
ထိုတိုက်ခိုက်မှုအတွင်း တပ်မတော် စစ်ကြောင်းများက အချိန်မီ သွားရောက်ကာ စစ်ကူ၊ ပစ်ကူများ ဆောင်ရွက်ပေးခဲ့ပြီး တိုက်ပွဲအတွင်း အရာရှိ စစ်သည်တချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း တပ်မတော် ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
မင်းပြားမြို့နယ် ဖားပျော်ကျေးရွာအနီး ထိုသို့ တပ်မတော်ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး တပ်မ တော်နှင့် AA တို့ ဇူလိုင်လ ၂၂ ရက်အထိ ထိတွေ့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အတွက် ခရီးသည်တင် မော် တော်ယာဉ်များ၊ ကုန်တင်ကား၊ အိမ်စီးကားများ အပါအဝင် ကားအစီးရေ ရာချီ ယမန်နေ့ မွန်းလွဲပိုင်းက ရာမောင်တံတား အနီးတွင် ပိတ်မိနေခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
လက်ရှိအချိန်တွင် မင်းပြားမြို့နယ် ရာမောင်တံတားနှင့် ကမ်းနီးကျေးရွာအနီး ဝန်းကျင် တလျှောက်တွင် တပ်မတော်နှင့် AA တို့ နှစ်ဖက် စစ်ရေး တင်းမာမှုများ ရှိနေသလို ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ အနီးတဝိုက်တွင်လည်း နှစ်ဖက် စစ်ရေးတင်းမာလျက် ရှိသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းကတည်းက နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ၂ နှစ်နီးပါး ကြာမြင့်လာမှုနှင့် စစ်ဘေးရှောင် အရေအတွက်မှာ သိန်းချီရှိကာ ဒေသခံပြည်သူများမှာလည်း အသက်လု ထွက်ပြေးနေကြရသည်။
မိုင်းပေါက်ကွဲမှု အပါအဝင် လက်နက်ကြီး လက်နက်ငယ်များ ထိမှန်၍ အရပ်သားပြည်သူများမှာလည်း နေ့စဉ်နှင့်မျှ သေဆုံး ၊ ဒဏ်ရာရရှိမှုနှင့်အတူ အရပ်သားများ ဖမ်းဆီးခံရခြင်း ၊ နေအိမ်များ မီးရှို့ခံရမှုများလည်း များပြားလာနေသည့် အတွက် အရပ်သား အစိုးရ လက်ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲလည်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
တပ်မတော်က ရသေ့တောင်တွင် အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေး ပြုလုပ်
စားပွဲပေါ်မှာ ဖြေရှင်းဖို့ ကမ်းလှမ်းတာကို AA ကလက်မခံဘူး
အင်တာနက်ပိတ်သဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို သက်သေပြရန် ခက်ခဲဟုဆို
နယ်မြေရှင်းမည့် ညွှန်ကြားချက် ရုပ်သိမ်းလည်း ရသေ့တောင်ရွာ ၅၀ ကျော် အိမ်မပြန်နိုင်သေး